ဝိုင်းပီး၊ မြင့်မောင်
အင်္ဂါနေ့၊ သြဂုတ်လ 19 2008
နယူးဒေလီ။ ။ နအဖ က အကြမ်းဖက် နှိမ်နင်းနေသော်လည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်သူများ၏ မကျေနပ်ချက်များသည် ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း ပြည်တွင်းရှိ လှုပ်ရှားတက်ကြွသူများက ယနေ့ ပြောဆိုလိုက်သည်။
ယနေ့ကျရောက်သည့် လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများ တနှစ်မြောက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လှုပ်ရှားတက်ကြွသူ ကျောင်းသားလူငယ်များက ယခုလို ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
"ပြည်သူတွေက မကျေမနပ်ဖြစ်နေတာဟာ ပျောက်ကွယ်မသွားဘူး၊ ဆက်လက် မကျေမနပ်ဖြစ်နေတယ်လို့ ဒီလိုပဲ မြင်ပါတယ်" ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
တက်ကြွလှုပ်ရှားသူ ကိုအောင်မိုးဟိန်းကလည်း "ကျနော်တို့ အဖိနှိပ်ခံ နေရတာတွေကို တဦးချင်းစီ ကိုယ့်ရင်ထဲ၊ အသဲထဲမှာ ကိန်းအောင်းပြီးတော့ ဒီမိုကရေစီရရှိရေးကို အဆုံးရောက်တဲ့အထိ ကြိုးစားဆောင်ရွက်ရမယ်လို့ သန္နိဋ္ဌာန်ချပါတယ်" ဟု ပြောသည်။
စစ်အစိုးရအနေဖြင့် အကြမ်းဖက် တုံ့ပြန်နေခြင်းသည် အမှန်တကယ် ဆောင်ရွက်ရမည့် တိုင်းပြည်စီးပွားရေး အခြေအနေကို တိုးတက်စေရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဆန္ဒထုတ်ဖော်သည့် ပြည်သူများကိုသာ ဖမ်းဆီးနေသည်မှာ ရောဂါနှင့် ကုသနည်းက မသက်ဆိုင်ကြောင်း ဦးဉာဏ်ဝင်းက ယခုလို ဆက်ပြောသည်။
သူက "တကယ့် ရောဂါအရင်းအမြစ် ပျောက်ကင်းစေတဲ့ ကုနည်းနဲ့ ကုတာ မဟုတ်ဘူး။ တကယ်တမ်း ကိစ္စတွေက တယောက်ချင်းကို၊ သူတို့တွေကို ဖမ်းဖို့မဟုတ်ဘူး။ ဒီလိုမဖြစ်အောင် စီးပွားရေးကို တိုးတက်အောင် လုပ်ရမယ်" ဟု ပြောသည်။
၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်ခဲ့သည့် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ၏ လမ်းလျှောက်ချီတက်ပွဲ နောက်ပိုင်းတွင် နအဖ က အာဏာပိုင်များ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင်များကို အသုံးပြုကာ အကြမ်းဖက်နှိမ်နှင်းခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် အဖွဲ့ဝင် ၁၃ ဦးအား စတင်ဖမ်းဆီးခဲ့သည်။
ထို့အပြင် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုအတွင်း ရဟန်းရှင်လူ၊ ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးမှုများလည်း ပြုလုပ်ခဲ့သည်။
ကုလသမဂ္ဂက မြန်မာအာဏာပိုင်များ၏ နှိမ်နင်းမှုကြောင့် ၂ဝဝ၇ စက်တင်ဘာလအတွင်း ရဟန်းသံဃာနှင့် ပြည်သူ ၃ဝ ဦးသာ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အတိုက်အခံများက ၂ဝဝ ကျော် သေဆုံးကာ ခြောက်ထောင်နီးပါး ထိန်းသိမ်းခံခဲ့ရသည်ဟု ပြောဆိုခဲ့ကြသည်။
ယနေ့အထိ မြန်မာစစ်အစိုးရက ဆန္ဒပြပွဲများကို ကြမ်းတမ်းစွာ ဆက်လက်၍ ဖမ်းဆီးနှိပ်ကွပ်နေသလို၊ ကျန်ရှိနေသည့် မြန်မာ့နိုင်ငံရေး လှုပ်ရှားနေသူများအား အနီးကပ် စောင့်ကြည့်နေဆဲဖြစ်သည်။
၈၈ မျိုးဆက် ကျောင်းသူတဦးက "အိမ်ပတ်ဝန်းကျင်မှာကို စောင့်နေကြတာ။ နေ့တိုင်းပဲ ၃-၄ ယောက် အမြဲတမ်း ရှိတယ်။ ဘတ်စ်ကား မှတ်တိုင်မှာရောပဲ" ဟု ပြောသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွမှုနှင့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ လူငယ်တဦးကလည်း သူနှင့် သူ၏ အပေါင်းအသင်းများအား မည်သည့်အချိန်တွင် လာရောက် ခေါ်ဆောင်သွားမည်၊ မည်သူအား ဖမ်းဆီးသွားပြီလဲဆိုသည့် စိုးရိမ်စိတ်ဖြင့် နေ့စဉ်နှင့်အမျှ အသက်ရှင်နေရကြောင်း ယခုလို ပြောသည်။
သူက "မနက်အိပ်ရာထ မျက်လုံးနှစ်လုံး ဖွင့်လိုက်တာနဲ့ မနေ့က ကိုယ် စကားပြောခဲ့တဲ့ ကိုယ်ရဲ့သူငယ်ချင်း ဒီနေ့ ရှိပါ့တော့မလား၊ ပြန်တွေ့ရပါ့မလား၊ ငါ့ကိုတော့ ဘယ်တော့ လာဝင်ဆွဲသွားမလဲ ဆိုပြီးတော့ ကြောင့်ကြစိတ်တွေနဲ့ နေ့တိုင်း ရင်ဆိုင်နေရတယ်ဗျာ" ဟု ပြောသည်။
မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲအတွက် လှုပ်ရှားနေသည့် ကျောင်းသားလူငယ်များအား ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း အန်အယ်ဒီလူငယ်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများက မိမိတို့တတ်နိုင်သည့် နည်းလမ်းဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုကြသည်။
ကိုအောင်မိုးဟိန်းက "ကျနော်တို့က မြန်မာလူမျိုးတွေအတွက် လူဖြစ်တာ။ ရှေ့ဆက်လျှောက်ရမယ့် ဒီမိုကရေစီပန်းတိုင်၊ ဆုံးရှုံးနစ်နာနေတဲ့ လူ့အခွင့်အရေးတွေ ပြန်ရရေးအတွက် ဆက်လုပ်သွားမှာဖြစ်တယ်။ ဖမ်းတာက သူ့အလုပ်၊ လုပ်ရမယ့် အလုပ်က ကိုယ့်အလုပ်ဆိုတာ ကျနော်တို့ကိုယ် ကျနော်တို့ သတ်မှတ်ထားတယ်" ဟု ပြောသည်။
သူက ဆက်ပြီး "ကျနော်တို့ တနေ့နေ့မှာ အောင်မြင်မှုတော့ ရမှာပဲ။ တရားသဖြင့် ရပ်တည်နေတဲ့သူတွေ၊ အမှန်တရားကို ဆုပ်ကိုင်နေပြီး ရပ်တည်နေတဲ့သူတွေဆိုတော့ တနေ့နေ့ တချိန်ချိန်မှာ မလွဲမသွေ အောင်မြင်မှုဆိုတာ ရှိကိုရှိလာလိမ့်မယ်လို့ မျှော်လင့်ထားတယ်" ဟု ပြောဆိုသည်။
Wednesday, December 24, 2008
မကျေနပ်ချက်များ မပျောက်ကွယ်ကြောင်း အတိုက်အခံများ ပြောဆို
Posted by Ko Myint Maung at Wednesday, December 24, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment