Wednesday, December 24, 2008

ခိုက်ရန်ဖြစ်ပွါးခဲ့သူ ကျောင်းသားများ ရုံးထုတ်ဟု မုံရွာရဲကပြော

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ သြဂုတ်လ 19 2008

နယူးဒေလီ။ ။ ယခင်အပတ်က ရန်ဖြစ်ရာတွင် ပါဝင်ခဲ့သူ အထက်မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း မုံရွာမြို့မှ တက္ကသိုလ် ကျောင်းသား ၄ ဦးကို တနင်္လာနေ့က မုံရွာတရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း ရဲက ပြောပါသည်။

အောင်ကျော်စိုးဝင်း ဆိုသည့် ကျောင်းသားတဦးကို ရိုက်နှက်ခဲ့မှုဖြင့် ဖမ်းဆီးခံခဲ့ရသော မုံရွာတက္ကသိုလ် ကျောင်းသား ၄ ဦးကို တနင်္လာနေ့ ကရုံးထုတ်ခဲ့ကြောင်း မုံရွာ အမှတ် (၂) ရဲစခန်းက ပြောပါသည်။

ရဲက အသေးစိတ် ရှင်းလင်းဖြေကြားရန်ကိုမူ ငြင်းဆိုသွားခဲ့ပြီး အောင်ကျော်စိုးဝင်းမှာ ကျန်းမာစွာ ရှိကြောင်းသာ ပြောသွားပါသည်။ သို့သော် ယနေ့ရုံးထုတ်သည့် ၄ ဦးတွင် အောင်ကျော်စိုးဝင်း ပါဝင်သည် မပါဝင်သည်ကိုလည်း ပြောဆိုသွားခြင်း မရှိပါ။

အစောပိုင်းက မဇ္ဈိမသတင်းဌာနက ရရှိခဲ့သော ကွဲလွဲသည့် သတင်းပေးပို့ချက်များအရ အောင်ကျော်စိုးဝင်းမှာ ကြာသပတေးနေ့က ခိုက်ရန် ဖြစ်ပွါးရာမှ သေဆုံးသွားပြီး ၎င်း၏သူငယ်ချင်း ၄ ဦးကို ရဲက ဖမ်းဆီးသွားကာ အမှတ် (၂) ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သတင်းများ ရရှိခဲ့သည်။

ကြာသပတေးနေ့က ဖြစ်ပွါးခဲ့သော ခိုက်ရန်ဖြစ်ပွါးမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ဟု ဆိုသူတဦးက မဇ္ဈိမသို့ ပြောကြားခဲ့ရာတွင် မုံရွာတက္ကသိုလ် ဒုတိယနှစ် ဝိဇ္ဇာကျောင်းသား မောင်အောင်ကျော်စိုးဝင်းမှာ တက္ကသိုလ် နယ်မြေအနီး စကားများရာမှ ဒေသခံရဲများ၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပြီး သူ့သူငယ်ချင်း ၄ ဦးမှာဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု ဆိုပါသည်။

အဆိုပါ ကျောင်းသား ၅ ဦးမှာ မိန်းကလေးဆောင် ရှေ့တွင် သီချင်းသွားဆိုအပြီး ပြန်အလာ လမ်းတွင် ရဲ ၁ဝ ဦးက ရပ်တန့်ခိုင်းခဲ့သည်ဟု ဆိုသည်။ ထို့နောက် သူတို့နှင့်အတူ စခန်းသို့ လိုက်ခဲ့ရန် ရဲများက ပြောသည်ဟု မျက်မြင်တွေ့ ခဲ့ရသူများက ဆိုပါသည်။

ကျောင်းသားများက စခန်းသို့ လိုက်ရန် ငြင်းဆန်ရာမှ ရဲများက ရိုက်နှက်ခဲ့သဖြင့် အောင်ကျော်စိုးဝင်းနှင့် သူ့သူငယ်ချင်း ထွန်းမင်းတို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရသွားခဲ့သည်ဟု မျက်မြင်သက်သေက ဆက်လက် ပြောပြပါသည်။

ဤသို့ ရိုက်နှက်အပြီး အောင်ကျော်စိုးဝင်း (၁၉) နှစ်နှင့် ထွန်းမင်းတို့ ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ရာ ၎င်းတို့ကို ရဲကားဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုပါသည်။ အောင်ကျော်စိုးဝင်းမှာ ဆေးရုံသို့ မရောက်မီ လမ်းတွင်ပင် သေဆုံး သွားခဲ့သည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောဆိုခဲ့ပါသည်။

သို့သော် ဤမျက်မြင်သက်သေ ဆိုသူ၏ ပြောကြားချက်နှင့် ဆန့်ကျင်စွာပင် မုံရွာတက္ကသိုလ် နယ်မြေအနီးရှိ သံဃာတော်တပါး ကမူ ခိုက်ရန်ဖြစ်ပွါးမှုမှာ ကျောင်းသားချင်းသာ ဖြစ်ကြောင်း ပြောဆိုသွားပါသည်။

“ရန်ဖြစ်တာ ကျောင်းသားချင်းဖြစ်တာ၊ တယောက်သေတယ် ကြားတယ်” ဟု ဘွဲ့အမည် မဖေါ်ပြလိုသူ သံဃာတော်က မဇ္ဈိမကို ပြောပြ သွားပါသည်။

မုံရွာ တက္ကသိုလ် ကျောင်းသားများကမူ သောကြာနေ့နှင့် စနေနေ့များတွင် တက္ကသိုလ်ဝင်း အတွင်း၌ ရဲကား အမြောက်အမြားကို မြင်နေရပြီး ရဲများ ဘာကို စောင့်ကြပ်နေသည်ကို မသိရကြောင်း ပြောဆိုသွားပါသည်။

မုံရွာ ဆေးရုံကို မဇ္ဈိမသတင်းဌာနက ဆက်သွယ် မေးမြန်းရာတွင်မူ ဆေးရုံ မှတ်တမ်းများအရ ဗုဒ္ဓဟူးနေ့ကတဲက အောင်ကျော်စိုးဝင်း အမည်ဖြင့် ရောက်ရှိလာသော လူနာမရှိကြောင်းသာ ဖြေဆိုသွားပါသည်။

“သြဂုတ်လ ၁၃ ရက်နေ့နောက်ပိုင်း အောင်ကျော်စိုးဝင်း ဆိုတဲ့နာမည်နဲ့ ရောက်လာတဲ့ လူနာမရှိသေးပါဘူး” ဟုသာ ဆေးရုံတာဝန်ရှိသူ တဦးက ဖြေဆိုသွားပါသည်။

မဇ္ဈိမက စုံစမ်းမေးမြန်းပေးပါရန် မေတ္တာရပ်ခံခဲ့သည့် မုံရွာမြို့ခံ တဦးကမူ ကျောင်းသားတဦး သေဆုံးခဲ့သော်လည်း ထိုသေဆုံးမှုမှာ ကျောင်းသားချင်း ရိုက်နှက်၍သော်၎င်း၊ ရဲများက ရိုက်နှက်၍ သေဆုံးခဲ့ခြင်းသော်၎င်းကိုမူ နောက်ထပ် သိရှိရန် မဖြစ်နိုင်ကြောင်း ပြောဆိုသွားပါသည်။

“ကျနော် သိသလောက် ကြာသပတေးနေ့ ညက ရန်ဖြစ်ကြတယ်၊ လူတယောက် သေတယ်၊ ဒါပေမဲ့ ဘယ်သူသေတယ်၊ ရန်ဖြစ်တဲ့ထဲ ဘယ်သူတွေပါတယ် ဆိုတာတော့ အတည်ပြုပေးဘို့ ဆိုတာ မဖြစ်နိုင်ဘူး၊ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တဲ့ သူမှမရှိဘဲကိုး” ဟုသာ အဆိုပါ မြို့ခံက ပြောကြားသွားခဲ့ပါသည်။

ကိုအောင်ကျော်စိုးဝင်း၏ ရင်းနှီးသော သူငယ်ချင်းတဦးပါဟု ဆိုကာ မဇ္ဈိမသတင်းဌာနသို့ အီးမေးလ်ဖြင့် သတင်းပေး ပို့ခဲ့သူကမူ ကိုအောင်ကျော်စိုးဝင်း၏ အလောင်းကို တွေ့ခဲ့ရကြောင်း၊ တနင်္ဂနွေနေ့က မီးသဂြိုလ်ခဲ့ကြောင်း ပြောဆို ခဲ့ပါသည်။ သို့သော် သူက တယ်လီဖုံးဖြင့် ဖြေကြားရန်ကိုမူ ငြင်းဆန်သွားခဲ့ပြီး အောင်ကျော်စိုးဝင်း မိသားစု၏ ဆက်သွယ်ရန် လိပ်စာဖုံးနံပါတ် အသေးစိတ်ကို ပြောကြား ပေးအပ်နိုင်ခဲ့ခြင်း လည်းမရှိပါ။

No comments: