Wednesday, December 12, 2007

နအဖ တပ်များ ကရင်နယ်မြေအတွင်း ထိုးစစ်ဆင်မှု ပိုမိုလုပ်ဆောင်လာ

သန်းထိုက်ဦး
ကရင်အမျိုးသား အစည်းအရုံး KNU ၏ တပ်ဖြစ်သော KNLA တပ်မဟာများ အခြေချရာ စစ်ဒေသများ၌ နအဖတပ်များက ထိုးစစ်ဆင်မှုများ ပိုမို ပြုလုပ်လာနေကြောင်း သိရသည်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့တွင် အခြေချထားသည့် ကေအန်ယူတပ်များကို နအဖတပ်များက လွန်ခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်။
ယခုလို နအဖ တပ်များမှ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းမှာ ၎င်းတို့ ရေးဆွဲနေသည့် လမ်းပြမြေပုံအရ စစ်အာဏာရှင်စနစ် တည်မြဲစေရေးအတွက် ကေအန်ယူတပ်များ အဓိက တပ်စိုက်ရာ နယ်မြေများကို ရှင်းလင်းလာခြင်း ဖြစ်နိုင်ကြောင်း ကေအန်ယူ (ဗဟို) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗဒို စောလှငွေက မဇ္ဈိမကို ပြောသည်။
“သူတို့ရဲ့ (နအဖ) လမ်းပြမြေပုံအတိုင်း သူတို့စစ်အာဏာရှင် တရားဝင် တည်မြဲဖို့အတွက် သူတို့လုပ်တဲ့ နေရာမှာတော့ လူတကာတွေ အကုန်လုံးကို မြင်သိအောင် သူတို့ (နအဖ) က ရှင်းထုတ်မှာပဲလေ” ဟု ပြောသည်။
နအဖစစ်တပ်က အောက်တိုဘာလမှ စတင်ကာ သထုံခရိုင်ရှိ KNLA တပ်မဟာ (၁) စစ်ဒေသ၊ တောင်ငူခရိုင်ရှိ KNLA တပ်မဟာ (၂) စစ်ဒေသ၊ ညောင်လေးပင်ခရိုင် KNA တပ်မဟာ (၃) စစ်ဒေသ၊ တနင်္သာရီတိုင်း၊ KNLA တပ်မဟာ (၄) စစ်ဒေသနှင့် ဖာပွန်ခရိုင်ရှိ KNLA တပ်မဟာ (၅) စစ်ဒေသ၊ ကရင်ပြည်နယ် ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူဒေသ၊ ကေအန်ယူ ဒူးပလာယာခရိုင် KNLA တပ်မဟာ ၆ စစ်ဒေသတို့နှင့် ဖားအံ ခရိုင်ရှိ KNLA တပ်မဟာ (၇) စစ်ဒေသတို့တွင် ရှိရင်းစွဲ နအဖတပ်ရင်းများတွင် စကခ တပ်ရင်းအများအပြားကို အားဖြည့်ကာ ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း KNU ၏ ယနေ့ထုတ် ထုတ်ပြန်ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။
“အခုရောက်လာတဲ့ နအဖတပ်တွေက နယ်မြေစိုးမိုးရေးတပ်၊ နယ်မြေ ထိန်းသိမ်းရေးတပ်မျိုး မဟုတ်ဘူး။ ဥမမာအားဖြင့် ရွှေကျင်တို့၊ ညောင်လေးပင်တို့၊ မုန်း ကားလမ်းတို့ပေါ်မှာ ရိက္ခာတွေ တင်လာတဲ့ ကားတွေ၊ ပေါ်တာတွေကို ပြည်သူတွေက တွေ့ကြတယ်။ ဒါမျိုးတွေက စစ်ဆင်ရေးတွေ လုပ်ဖို့ လက္ခဏာတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်” ဟု ဗဒို စောလှငွေက ပြောသည်။
ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး လုပ်ဆောင်လာသည့် နအဖ စစ်တပ်များသည် ဒေသခံ တိုင်းရင်းသားအပေါ် မတရားညှဉ်းဆဲ သတ်ဖြတ်ခြင်း၊ ငွေ မပေးဘဲ ခိုင်းစေခြင်း၊ ဒေသခံများ၏ ငွေကြေးနှင့် ပိုင်ဆိုင်သည့် ပစ္စည်းများကို လုယူခြင်း၊ နေအိမ်များကို ဖျက်ဆီး မီးရှို့ခြင်း စသည့် လူမဆန်သည့် ညှဉ်းဆဲ နှိပ်စက်မှုများကို ပြုလုပ်လျှက် ရှိနေသဖြင့် ကရင်လူမျိုး ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင် နေရသည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။
နအဖက မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု ဆိုထားသော်လည်း ယခုလို ကရင်ပြည်နယ်အတွင်း လူမျိုးပြုန်း စစ်ဆင်မှုကြီးကို လုပ်ဆောင်လာသဖြင့် အပြောနဲ့ အလုပ် ဖီလာဆန့်ကျင် ဖြစ်နေသည်ကို ပြည်တွင်းပြည်ပရှိ အတိုက်အခံများ အနေဖြင့် ဝိုင်းဝန်းကန့်ကွက် ရှုံ့ချကြရန်လည်း ထုတ်ပြန်ကြေညာချက်တွင် တောင်းဆိုထားသည်။

No comments: