Wednesday, December 5, 2007

တင့်ကားများ မြစ်ကြီးနားတွင် လှည့်ပတ်

မဇ္ဈိမသတင်းဌာန
စစ်အင်အား ပြသည့်အနေဖြင့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် နအဖ တင့်ကားအချို့ လှည့်ပတ် မောင်းနှင်ခဲ့ကြောင်း အပစ်အခတ်ရပ် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) မှ အရာရှိတဦး အဆိုအရ သိရသည်။
“ကျနော်တို့ ဌာနချုပ်ကို တင့်ကားတွေ မြစ်ကြီးနားမှာ လှည့်ပတ်နေတဲ့ အကြောင်း လှမ်းပြောတယ်။ အထူးသဖြင့် စီတာပူ ရပ်ကွက်ထဲက ကေအိုင်အေ ရုံးရှေ့မှာပေါ့နော်” ဟု အမည်မဖော်လိုသူ အရာရှိက မဇ္ဈိမကို ပြောသည်။
မြစ်ကြီးနားတွင် နအဖ စစ်တင့်ကားများ လှည့်လည်ခဲ့သည်မှာ မှန်ကန်ကြောင်း ဒေသခံ တဦးကလည်း အတည်ပြု ပြောဆိုသည်။
“လွန်ခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံး အပတ်လောက်က ဖြစ်ခဲ့တယ် ထင်တယ်။ ကျနော် အလုပ်က ပြန်လာတော့ မြို့လယ်ခေါင်မှာ တင့်ကားတွေ လှည့်နေတာကို မြင်ခဲ့ရတယ်” ဟု ဒေသခံက ပြောသည်။
မည်သည့်အတွက်ကြောင့် ယခုလို မြန်မာစစ်တပ်မှ စစ်အင်အား ပြသကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ကေအိုင်အေ အရာရှိက ဤသည်မှာ နအဖ စစ်အစိုးရ၏ မေတ္တာရပ်ခံချက်ကို လက်ခံရန် ပျက်ကွက်သည့်အတွက် ကေအိုင်အေသို့ သတိပေးချက်တရပ် ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ အစောပိုင်းက အဖမ်းဆီးခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်လိုက်သည့် ကျေညာချက်ကို ကန့်ကွက်ရန်အတွက် ကြိုဆင် ရေးသားလာသည့် ကျေညာချက်ကို ဖိအားပေး လက်မှတ် ရေးထိုးခိုင်းရာ၌ ကေအိုင်အိုမှ ငြင်းဆိုခဲ့သောကြောင့် ဖြစ်နိုင်သည်ဟု သတင်းများ ပေါ်ထွက်နေသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် ထုတ်ပြန်လိုက်သည့် ဒေါ်အောင်ဆန်းစုကြည် ကျေညာချက်တွင် တိုင်းရင်းသား လူနည်းစုများ အရေးကို အလေးထား စဉ်းစားနိုင်ရန် အလို့ငှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်။
ကျေညာချက် ပေါ်ထွက်ပြီး နောက်ပိုင်း နအဖ က တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ အပစ်အခတ် ရပ်စဲရေး ရယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် ကို စေလွှတ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို ဆန့်ကျင် တုံ့ပြန်ရန်အတွက် ဖိအားပေးခဲ့ကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။
“စစ်အစိုးရက သူတို့အင်အားကို အခုလို ပြသပြီး ကျနော်တို့ကို သတိပေးလိုတာ ဖြစ်နိုင်တယ်” ဟု ကေအိုင်အေ အရာရှိက ဆက်ပြောသည်။

No comments: