Monday, December 3, 2007

နအဖ စစ်တိုင်းမှူးရာထူးများ အပြောင်းအလဲလုပ်

မဇ္ဈိမသတင်းဌာန

နအဖ သည် သူ၏ စစ်တိုင်းမှူး အများအပြားကို ရာထူး တိုးမြှင့်ပေးလိုက်ခြင်းသည် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို အကြမ်းဖက် နှိပ်ကွပ်ပြီးနောက် ဟန်ပြ အပြောင်းအလဲများ လုပ်ပြခြင်းသာ ဖြစ်သည်ဟု ဝေဖန်သူများက သုံးသပ်ကြသည်။
တပ်မတော်ရေးရာနှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ တောင်ကုတ် အစြေခိုက် အမှတ် ၅ စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ် (စကခ - ၅) ကွပ်ကွဲရေးမှူး ဗိုလ်မှူးချုပ် မြင့်စိုးကို အနောက်မြောက်တိုင်း (နမခ) စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူး တိုးမြှင့်ပေးလိုက်သည်ဟု သိရသည်။
စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ဆွေကိုလည်း အနောက်တောင်တိုင်း (နတခ) စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်လိုက်ပြီး၊ သူ့နေရာတွင် အမှတ် ၈၈ ခြေမြန်တပ်မ ဌာနချုပ် (တမခ - ၈၈) တပ်မမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ကို အစားထိုးလိုက်သည်။
စစ်ရုံးချုပ်မှ စစ်ဦးစီး ဗိုလ်မှူးချုပ် တင်ငွေကို အလယ်ပိုင်းတိုင်း (လပခ) တိုင်းမှူးအဖြစ် ခန့်ထားလိုက်သလို၊ သူ့နေရာတွင်မူ ရှမ်းပြည်နယ် မိုင်းနောင် အခြေစိုက် အမှတ် ၂ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် ဆန်းဦးကို အစားထိုးခဲ့သည်။
ကလေးဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ - ကလေး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ဌေး ကိုလည်း အမှတ် ၉၉ ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူးအဖြစ် ခန့်အပ်လိုက်သည်။
ယခုလို တပ်မတော်အတွင်း ရာထူးတိုးမြှင့်မှုများ လျှို့ဝှက်စွာ ပြုလုပ်နေသဖြင့် အတည်ပြုရန် ခက်ခဲသော်လည်း ရာထူးတိုးမြှင့် ခန့်အပ်ခံရသူများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်ရုံးချုပ်သို့ အစီရင်ခံကြရကြောင်း သိရသည်။
အနောက်မြောက်ပိုင်းတိုင်း (နမခ) တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် သာအေး ကို ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) အဖြစ်လည်းကောင်း၊ အလယ်ပိုင်းတိုင်း (လပခ) တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ခင်ဇော် ကို အမှတ် ၆ စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ်လည်းကောင်း၊ အနောက်တောင်တိုင်း (နတခ) တိုင်းမှူးဟောင်း သူရမြင့်အောင် ကို စစ်ရေးချုပ် အဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
နအဖ သည် အချိန်နှင့်အမျှ သူ၏ တိုင်းမှူးများကို အပြောင်းအရွှေ့ လုပ်ခြင်းသည် အစဉ်အလာတခု ဖြစ်သော်လည်း အချို့စစ်ရေး အကဲခတ်များက ယခု အပြောင်းအရွှေ့သည် နအဖ အနေဖြင့် သူ၏ တပ်အတွင်းမှာပင် အပြောင်းအလဲများ ပြုလုပ်လာပြီဟု ပြသလိုကြောင်း သုံးသပ်ကြသည်။
“စစ်တပ်ထဲမှာ အပြောင်းအလဲ နည်းနည်း လုပ်ပြီးတော့ စီးပွားရေး၊ နိုင်ငံရေး အပြောင်းအလဲ ကောင်းလာနိုင်မယ်၊ အလားအလာ ရှိလာမယ်ဆိုပြီး လူထုကို ပြချင်တဲ့သဘော ပိုရှိတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက ပြောသည်။
အခြားတဘက်တွင် နအဖ စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေသည် သူ့အတွက် ပိုမို အားကောင်းလာစေရန် သူ၏ လူယုံများကို ရာထူး တိုးပေးခြင်းအားဖြင့် ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။
သူက ဆက်ပြီး “အဲဒီအပြောင်းအလဲကို ကြည့်လိုက်ရင် သန်းရွှေက သူ့လူတွေ အားပိုကောင်းလာအောင်တို့၊ ရွှေမန်းနဲ့ နီးစပ်တဲ့လူတွေ နေရာရလာအောင် လုပ်တဲ့သဘောလည်း ပါတယ်။ စီနီယာ ကျတာကိုလည်း ရွေးလိုက်သလို၊ သန်းရွှေ၊ ရွှေမန်းနဲ့ နီးစပ်တဲ့ လူတွေကို ဆွဲတင်လိုက်တာလည်း ပါတယ်” ဟု နအဖ ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အကြား အားပြိုင်မှုကို ရည်ညွှန်းပြီး ဦးဝင်းမင်းက ပြောဆိုလိုက်သည်။

No comments: