Wednesday, December 5, 2007

တမျိုးသားလုံး ညီညွတ်ရန် အဖွဲ့ချုပ် တောင်းဆို

မောင်ဒီး

တမျိုးသားလုံး ညီညွတ်မှု ရှိခဲ့သဖြင့် ကိုလိုနီနယ်ချဲ့ လက်အောက်မှ မြန်မာ့ လွတ်လပ်ရေး ရယူနိုင်ခဲ့သလို ယနေ့ ကာလတွင်လည်း မြန်မာတမျိုးသားလုံး ညီညွတ်ကြရန် လိုအပ်နေပြီဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က ယနေ့ကျရောက်သော အမျိုးသား အောင်ပွဲနေ့တွင် ပြောဆိုလိုက်သည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ၈၇ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ယခုအချိန်တွင် မြန်မာ တမျိုးသားလုံး ညီညွတ်ကြရန် လိုအပ်နေပြီဟု အန်အယ်ဒီက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အမျိုးသား အောင်ပွဲနေ့ဟာ ၁၉၂ဝ ခုနှစ် ကျောင်းသားသပိတ်က စတယ်။ အဲလို သပိတ်စပြီးတဲ့ နောက်မှာ အမျိုးသားတွေ ညီညီညွတ်ညွတ်နဲ့ လုပ်ခဲ့ကြလို့ လွတ်လပ်ရေးရတယ်။ အခုလို အရေးကြီးတဲ့အချိန်မှာလည်း အမျိုးသားအားလုံး ညီညီညွတ်ညွတ်ရှိဖို့၊ ညီညွတ်ရေးသည်သာ အရေးကြီးတယ် ဆိုတာကို ကျနော်တို့ ဒီနေ့ ထုတ်ဖော်ပါတယ်” ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံး၌ ယနေ့နေ့လည် ၁၂ နာရီခွဲတွင် စတင်ကျင်းပပြီး သခင်သိန်းဖေ အပါအဝင် ဝါရင့် နိုင်ငံရေးသမားများ၊ နိုင်ငွေသိမ်းနှင့် လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ဝင်အချို့နှင့် အခြား ဒီမိုကရေစီရေး လိုလားသူများ စုစုပေါင်း အင်အား ၄ဝဝ ခန့် တက်ရောက်ကြကာ အခမ်းအနားကို ၄ နာရီတွင် အနှောင့်အယှက်မရှိ ရုပ်သိမ်းခဲ့သည်ဟု သိရသည်။
အခမ်းအနား ကျင်းပပုံနှင့် ပတ်သက်ပြီး ဦးဉာဏ်ဝင်းက “ဥက္ကဌ ဦးအောင်ရွှေက သဘာပတိ လုပ်ပါတယ်။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသား အောင်ပွဲနေ့ ကျေညာချက်ကို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးမြင့် ဖတ်ပါတယ်။ ဒုတိယပိုင်းမှာ စာရေးဆရာ ကိုလေး (အင်းဝဂုဏ်ရည်)နဲ့ ဦးကြည်အောင် (မန္တလေး)တို့က အမျိုးသား အောင်ပွဲနေ့နဲ့ ပတ်သက်တာလေးတွေ ဟောပြောသွားပါတယ်” ဟု ဆက်ပြောသည်။
အလားတူပင် ရန်ကုန်မြို့ရှိ သခင်သိန်းဖေ၏ နေအိမ်တွင်လည်း အမျိုးသား အောင်ပွဲနေ့ အခမ်းအနား တရပ်ကို ကျင်းပခဲ့ရာတွင် ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့က နအဖ စစ်အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ထို့အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မြန်မာ့ရိပ်သာခန်းမတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ ၆ဝ ကျော်ကလည်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်။
သဘာပတိ ဦးပညာဝရက “အင်္ဂလိပ်အစိုးရ လက်အောက်မှာ တက္ကသိုလ် အက်ဥပဒေဆိုတဲ့ ကျွန်ပညာရေးစနစ်ကို တက္ကသိုလ် ကျောင်းသားတွေက သပိတ်မှောက် တော်လှန်တဲ့နေ့ ဖြစ်တယ်။ နောက်ပိုင်းမှာ လွတ်လပ်ရေး ရခဲ့ပေမယ့် လွတ်လပ်ရေးရဲ့ အရသာကို မှုံပြပြသာ မြင်ခဲ့ရပါတယ်။ လွတ်လပ်ရေးကို ပြန်ရဘို့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်လက် ထမ်းဆောင်ရာမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ် ကျော်ဇောပြောတဲ့ အတိတ်က ဖြစ်ခဲ့တဲ့ဟာတွေကို ခဏတဖြုတ် မေ့ပျောက်ထားပြီး တယောက်နဲ့တယောက် အပြစ်တင်မနေကြဘဲ နအဖ စစ်အစိုးရ ပြုတ်ကျဖို့ရာအတွက် အာရုံစိုက် လုပ်ဆောင်သွားကြဖို့ နှိုးဆော်လိုက်ပါတယ်” ဟု မိန့်ကြားခဲ့သည်။

No comments: