Thursday, December 27, 2007

၂၀၀၇ ထိုင်းရွေးကောက်ပွဲ ပီပီပီ ပါတီမှ မဲအများဆုံးရရှိ

ကိုစိုင်း

၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းခံရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နဝတ်ကို ထောက်ခံသည့် “ဖလန်းပရချားချွန်း (People Power Party - လူထုအင်အား)” ပါတီသည် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပသော အထွေထွေ ရွေးကောက်ပွဲတွင် ၂၃၂ မဲဖြင့် မဲအများဆုံး ရရှိသွားခဲ့သည်။
ဒုတိယ မဲအများဆုံး ရရှိသည့် “ပရချားထိပတ် (Democrat Party - ဒီမိုကရက်)” ပါတီ က အမတ်နေရာ ၁၆၅ နေရာ၊ “ချတ်ထိုင်း” ပါတီ က ၃၇ နေရာ၊ “ဖို့ဖန်တင်” ပါတီ က ၂၅ နေရာ၊ “ရွမ်းဂျိုင်ထိုင်း ချတ်ဖတ်ထနား” ပါတီက ၉ နေရာ၊ “မတ်ချနိမား ထိပတိုင်း” ပါတီက ၇ နေရာနှင့် “ပရချားရတ်” ပါတီက ၅ နေရာ အသီးသီး ရရှိခဲ့ကြသည်။ ယခု ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၄၅ သန်းကျော် ရှိသည့်အနက် လာရောက်မဲပေးသူပေါင်း ၃၂ သန်းကျော် ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၀% ခန့်ရှိကြောင်း သိရသည်။
ယခုရွေးကောက်ပွဲသည် ၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၀၇ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲပြီးနောက် ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ၂၀၀၇ ခုနှစ် အခြေခံဥပဒေကို ရက်ပေါင်း ၉၀ အတွင်း အပြီး ရေးဆွဲခဲ့ခြင်းပြီး စစ်တပ်မှ အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာတွင် ယခု ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် အခြေခံ ဥပဒေအရ ပါလီမန်အတွင်း အမတ်နေရာ ၄၈၀ နေရာ (ယခင်က ၅၀၀ နေရာ) ရှိပြီး အမတ်နေရာ ၂၄၁ ရရှိသည့် ပါတီက အစိုးရအဖွဲ့ကို တပါတီတည်းဖြင့် ဖွဲ့စည်းနိုင်မည် ဖြစ်သည်။ သို့သော် လူထုအင်အား ပါတီက အမတ်နေရာ ၂၃၂ နေရာသာ ရရှိထားသည် ဖြစ်ရာ အစိုးရအဖွဲ့ကို တရားဝင်ဖွဲ့စည်းနိုင်ရန် အခြားပါတီ တခုခု သို့မဟုတ် ပါတီများကို မိမိအစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်လာရန် ဖိတ်ခေါ်ရဖွယ် ရှိနေသည်။ လူထုအင်အား ပါတီခေါင်းဆောင် ခွန်ဆမတ် ဆွန်ထော်ရဝေ့သည် အခြားပါတီများအား မိမိတို့ပါတီနှင့် လာရောက်ပူးပေါင်း၍ ပူးတွဲအစိုးရ ဖွဲ့စည်းပါရန် ထိုင်းမီဒီယာများမှတဆင့် ဖိတ်ခေါ်ပြီးဖြစ်သည်။
သို့သော် ဒီမိုကရက်ပါတီခေါင်းဆောင် ခွန်အဖိဆစ် ဝေ့ဂျချီဝ သည် မိမိနှင့်မိမိပါတီ အနေဖြင့် လူထုအင်အားပါတီနှင့် လုံးဝမပူးပေါင်းနိုင်ကြောင်း အတိအလင်း ကြေညာထားပြီး အခြား မည့်သည့်ပါတီနှင့်မဆို ပူးပေါင်းနိုင်ကြောင်း ကြေညာခဲ့သည်။ ခွန်အဖိဆစ် ဝေ့ဂျချီဝ အနေဖြင့် မဲအများဆုံးရရှိသည့် လူထုအင်အား ပါတီက အမတ်နေရာ ၂၄၁ နေရာ ပြည့်ရန်အတွက် လိုအပ်နေသည့် အမတ်နေရာများ ရရှိရန် အခြားပါတီများကို မဖိတ်ခေါ်နိုင်ပါက မိမိပါတီအနေဖြင့် အခြားပါတီများဖြင့် တွေ့ဆုံ ဆွေးနွေးပြီး ပူးတွဲအစိုးရ ဖွဲ့စည်းသွားမည်ဟု ကြေညာထားသည်။
တတိယ မဲအများဆုံး ရရှိသည့် ချတ်ထိုင်းပါတီခေါင်းဆောင် ခွန်ပန်ဟန် ဆီလပအားချားသည် ဒီဇင်ဘာ ၂၃ ရက်နေ့ ည ၁၁ နာရီခန့်အချိန်တွင် မိမိပါတီနှင့် စတုတ္ထ မဲအများဆုံး ရရှိသည့် ဖို့ဖန်တင် ပါတီနှင့် ပူးပေါင်းလိုက်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ခွန်ပန်ဟန် ဆီလပအားချားသည် ထက်ဆင်၏ ပါတီဟောင်း ထိုင်းရတ်ထိုင်း ပါတီ အာဏာရှိစဉ်တွင် အတိုက်အခံပါတီ သုံးပါတီအနက် တပါတီဖြစ်သည်။ ဖို့ဖန်တင် ပါတီသည် ထိုင်းရတ်ထိုင်းပါတီမှ ခွဲထွက်လာသည့် ပါတီဖြစ်သည်။
ယခုရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိသည့် လူထုအင်အားပါတီသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ် ယာယီ အခြေခံဥပဒေအောက်ရှိ အမြင့်ဆုံး တရားရုံးမှ မဲဝယ်ယူမှု၊ အခြားပါတီငယ်များကို လာဘ်ပေးမှုတို့ဖြင့် ရုပ်သိမ်းခံလိုက်ရသည့် ထိုင်းရတ်ထိုင်းပါတီကို ထောက်ခံသည့်သူများ၊ ထိုင်းရတ်ထိုင်းပါတီ ပါတီဝင်ဟောင်းများဖြင့် ယခု ၂၀၀၇ ခုနှစ်တွင်မှ အသစ်ထပ်မံ ထူထောင်ထားသည့် ပါတီဖြစ်သည်။ ပါတီခေါင်းဆောင် ခွန်ဆမတ် ဆွန်ထော်ရဝေ့ အနေဖြင့် မိမိသည် ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်ကို ထောက်ခံသူဖြစ်ပြီး မိမိပါတီ အစိုးရ ဖွဲ့စည်းနိုင်၍ အာဏာရှိလာပါက ထိုင်းရတ်ထိုင်းပါတီ ရုပ်သိမ်းခံရမှုတွင် နိုင်ငံရေး၌ ပါဝင်လှုပ်ရှားမှု ၅ နှစ် ပိတ်ပင်ခံရသည့် ပါတီ အုပ်ချုပ်ရေး ကော်မတီဝင် ၁၁၁ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်မည့် ဥပဒေကို ရေးဆွဲမည်ဟု မဲဆွယ်ထားခြင်းကြောင့် ထက်ဆင်ကို အားပေးထောက်ခံကြသည့် နယ်ရှိ ပြည်သူများက ယခုလို လူထုအင်အား ပါတီကို တခဲနက် မဲပေးခဲ့ကြခြင်း ဖြစ်သည်။ သူ၏ လူထုအင်အားပါတီ မဲဆွယ်ရာတွင် လိုအပ်သည့် ငွေကြေးများကို ထက်ဆင်မှ ကူညီနေသည်ဟု မြို့နေပညာတတ် လူတန်းစားများနှင့် သိတတ် ပညာရှင်များက ယုံကြည်နေကြသည်။
ဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နဝတ်နှင့် သူ၏ မိသားစုဝင်များသည် လာဘ်စားမှု၊ အာဏာ အလွဲသုံးစားမှုတို့ဖြင့် ခေါတောဆော် ခေါ် နိုင်ငံတော် ဘဏ္ဍာငွေ အလွဲသုံးစားမှု စစ်ဆေးရေး ကော်မတီ ၏ တရားစွဲဆိုထားခြင်း ခံထားရပြီး ဘဏ်တွင်အပ်နှံထားသည့် သူ၏ ပိုင်ဆိုင်မှုငွေကြေး ထိုင်းဘတ် သန်းထောင်ပေါင်းများစွာကို ထုတ်ယူခွင့် ဆိုင်းငံ့ခံထားရသည်။ အမှုရှံးနိမ့်ပါက အဆိုပါ ငွေကြေးများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး ထောင်ဒဏ်ချမှတ် ခံရဖွယ်ရှိနေသည်။ ယခုတွင် သူသည် ဟောင်ကောင်တွင် ရောက်ရှိနေပြီး လာမည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာမည်ဟု ကြေညာထားသော်လည်း လူထုအင်အားပါတီ အနိုင်ရရှိသည့်အတွက် ခပ်စောစော ပြန်လာဖွယ် ရှိသည်။ သူသည် အာဏာသိမ်းခံရစဉ်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ မြို့တော်တွင် UN အစည်းအဝေး တက်ရန်အတွက် ရောက်ရှိနေခဲ့ပြီး ထိုစဉ်ကတည်းက တိုင်းပြည်သို့ ပြန်မလာရဲပဲ မန်ချက်စတာ စီးတီး ဘောလုံးကလပ်ကို ဝယ်ယူ၍ အင်္ဂလန်နိုင်ငံတွင် နေထိုင်နေခဲ့ရသည်။
၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ယခု ယာယီအစိုးရတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်မှူးကြီး ဆွန်ထိ ဘွန်းယလတ်ကလင်း က ရွေးကောက်ပွဲမတိုင်မီတွင် ထက်ဆင်ကို ထောက်ခံသည့် လူထုအင်အားပါတီ အနိုင်ရရှိပါကလည်း ဒုတိယအကြိမ် အာဏာသိမ်းမှု မပြုလုပ်ပဲ ရွေးကောက်ပွဲရလဒ်ကို လက်ခံပါမည်ဟု သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သော်လည်း ဒုတိယအကြိမ် အာဏာသိမ်းမည်ကို စိုးရိမ်မှုများ ရှိနေသည်။

No comments: