Thursday, December 6, 2007

တရုတ်က မြန်မာကို စစ်ကား ၄ဝဝ ခန့် တင်ပို့မည်

မျိုးကြီး

တရုတ်နိုင်ငံမှ မြန်မာစစ်တပ်သို့ စစ်ကား ၄ဝဝ ခန့် တင်ပို့မှာ ဖြစ်ပြီး ထက်ဝက်ကျော်သည် မြန်မာနိုင်ငံသို့ တင်ပို့ရန် ယနေ့နံက်ပိုင်းတွင် ရွှေလီမြို့သို့ ရောက်ရှိလာကြောင်း သတင်းရပ်ကွက်များက ပြောသည်။
တုံဖန်းကုမ္ပဏီထုတ် ဖော အမျိုးအစား ကားများဖြစ်ပြီး ဒိုင်နာကားအရွယ် (၆) ဘီးတပ် အပေါ့စား ယာဉ်ငယ်များ ဖြစ်သည်။
“ဒီနေ့မနက်ပိုင်းက စပြီးရောက်လာတာပဲ၊ ကားလေးတွေက ဒိုင်နာအရွယ် ဒီဇိုင်လည်း အဲဒီပုံစံပဲ။ ကားတွေ ရောက်လာတော့ ညစ်ပတ်လို့ ကျနော်တို့ ရေဆေးခုံတွေမှာ ရေဝင်ဆေးကြတာ” ရွှေလီရောက် မြန်မာအလုပ်သမား တဦးက ပြောသည်။
နအဖစစ်တပ် အသုံးပြုရန်အတွက် မူဆယ်-ကြယ်ခေါင် လမ်းကြောင်းမှတဆင့် မြန်မာနိုင်ငံအတွင်း ပို့ဆောင်မည် ဖြစ်ကြောင်းနှင့် ယခုအခါ ပထမအသုတ် ရောက်ရှိလာသည့် ကားများကို ကြယ်ခေါင်မြို့ ကာစတန်ရုံးရှေ့တွင် စုပုံထားကြောင်း ကြယ်ခေါင်ရှိ မြန်မာကုန်သယ်တဦးက ပြောသည်၊၊
“ဟုတ်တယ် ကာစတန်ရုံးရှေ့မှာ အခုလောလောဆယ် ကားအစီး (၂ဝဝ) ကျော် စုပုံထားတယ်” အဆိုပါ မျက်မြင်ကုန်သည်က ဆိုသည်၊၊
စစ်ကားပေါင်း (၄ဝဝ)ခန့် မြန်မာနိုင်ငံသို့ ပို့ဆောင်မည် ဖြစ်ကြောင်း တရုတ် အာဏာပိုင် သတင်းရပ်ကွက်က ပြောပြသည်။ စစ်ကားများမှာ ရောင်းချခြင်း သို့မဟုတ် လက်ဆောင်ပေးခြင်းကိုကား ရှင်းရှင်းလင်းလင်း မသိရပါ။
နိုဝင်ဘာလဆန်းပိုင်းကလည်း နအဖစစ်တပ်အတွက် ဒုံးပစ်စဉ် ကား (၆) စီးကို တရုတ်ကြယ်ခေါင်မှတဆင့် မူဆယ် ပို့ဆောင်ခဲ့သေးကြောင်းလည်း သိရသည်၊၊
“စစ်ကားတွေပို့နေတာတော့ ပုံမှန်ပေါ့၊ မပို့တာတော့ တော်တော်လေးကြာသွားပြီ။ ဒီနှစ်ထဲမှာတော့ ဒုံးပစ်စဉ်ကားတွေရယ်၊ အခုစစ်ကား အသုတ်ရယ်၊ ခပ်စိပ်စိပ် ပြန်ပို့လာတယ်” ဟု တရုတ်-မြန်မာ နယ်စပ်နေ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်၊
“တရုတ်အပေါ်မှာ အများအမြင်မှာ မကောင်းဘူးပေါ့။ လောလောဆယ် နအဖကို ပံ့ပိုးပေးနေတာတွေလည်း အားလုံးက ဝိုင်းပြီး ပြောနေကြတာပဲ။ အခုလိုပြောနေတဲ့ကြားထဲက ပြောင်ပြောင်တင်းတင်း လုပ်လာတာ ဆိုတော့၊ ငါတို့ကတော့ နအဖအစိုးရကို ပြတ်ပြတ်သားသား ထောက်ခံတယ်လို့ ပြချင်တာလားတော့ မသိဘူး” ဟု ဆက်ပြောသည်။

No comments: