Monday, May 12, 2008

တရားမျှတမှုမရှိသည့် မဲဆန္ဒခံယူပွဲဟု အန်အယ်ဒီ ပြောကြား


မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ ယမန်နေ့က ကျင်းပပြီးစီးသွားပြီ ဖြစ်သည့် နအဖ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် တရားမျှတမှု မရှိကြောင်းကို အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောပြထားသည်ကို တင်ပြလိုက်ပါသည်။ ''မကွေးတိုင်း နတ်မောက်မှာ ရွာပေါင်း သုံးရွာကို ကြိုတင် မဲပေးခိုင်းတယ်။ အဲဒီမဲတွေကို ထောက်ခံမဲပဲ ပေးရမယ်လို့ ပြောတယ်။ ပိတောက်ငုတ်ရွာမှာဆိုရင် ကန့်ကွက်မဲ ၁၅ မဲပါလို့ ကြံ့ခိုင်ရေးက မ၀တ ဥက္ကဌကို တိုင်တယ်လို့ ကြားတယ်''…………… ''ရေနံချောင်းမှာတော့ ကျနော်တို့ အဖွဲ့ဝင်တွေ ရှိတဲ့ နေရာမှာ မှန်မှန်ကန်ကန် စည်းကမ်းအတိုင်း လုပ်တယ်လို့ သိရတယ်။ ဒါပေမယ်လို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဝေးတဲ့ နေရာတွေမှာကျတော့ ဘယ်လိုလုပ်လဲဆိုတော့ မဲလာထည့်ရင် ထောက်ခံမဲ ထည့်မယ့် သူတွေက ငါတို့ ရှေ့မှာတင် ပေါ်တင်ထည့်၊ ထောက်ခံမဲ မထည့်ဘူးဆိုရင် ဟိုးအနောက်မှာ မဲပုံးထားထားတယ်။ အဲဒီမဲပုံးမှာ သွားထည့်ဆိုပြီး ပြောတယ်။ လုပ်တာကတော့ ထောက်ခံမဲ ထည့်တဲ့သူနဲ့ မထည့်တဲ့သူနဲ့ကို သိသာအောင် ခွဲလိုက်တာပေါ့။ ပြီးတော့ မဲရုံပတ်လည်မှာ ရဲတွေကို လက်နက် အပြည့်အစုံနဲ့ စောင့်ခိုင်းထားတယ်။ အဲဒီလိုဆိုတော့ လူတွေက ကန့်ကွက်မဲ မထည့်ရဲဘူး ဖြစ်ကုန်တယ်''…………… ''ပခုက္ကူ ကံမ မှာဆိုရင် ကြိုတင် မဲကောက်ထားတဲ့ မဲရုံတရုံ ရှိတယ်။ အဲဒီမဲရုံ တရုံလုံးမှာ ၁၀၀ ရာခိုင်နှုန်း အမှန်တွေချည်းပဲ လုပ်ထားတယ်လို့ ပြောတယ်။ ကန့်ကွက်မဲ လုံးဝ မပါဘူး'' ''ပခုက္ကူ (ယင်းကြိမ်) တိုက်နယ်ဆိုတာ ရှိတယ်။ အဲဒီမှာ မဲရုံ ၁၄ ရုံရှိတယ်။ ကျေးလက်အုပ်စုက ၁၃ ခု၊ အဲဒီ ၁၃ ခုကနေပြီးတော့ ဗဟိုလူငယ်တွေဆီ ရောက်လာတဲ့ သတင်းအရ ချောင်းကောက်ရွာ ဥက္ကဌ သိန်းထိုက်က ညကတည်းက ကြိုတင်မဲတွေကို ယူတယ်။ ပြီးတော့ တချို့ မဲတွေကို သူ့သဘောနဲ့သူ အမှန်တွေ ခြစ်ပြီးတော့ ထည့်တယ်''''နောက် ကြက်လျှာကျေးရွာက ဥက္ကဌ စိန်ကုလားကလည်း အဲဒီလိုပဲလုပ်တယ်။ အိုင်ကျင်နဲ့ မြို့မကျေးရွာတွေကတော့ စည်းကမ်းအတိုင်း လုပ်တယ်လို့ သိရတယ်'' ''ကမ္ဘာအေးနဲ့ ထနောင်းကုန်းကျေးရွာတွေကတော့ ရယက ဥက္ကဌ နဲ့ မဲရုံမှူးရှေ့မှာပဲ မဲပေးခိုင်းတယ်။ ဆန္ဒပြုခန်းထဲ သွားလို့ မရဘူး'' ''ဆတ်ကြီး ကျေးရွာ ဥက္ကဌ အောင်ကျော်မင်းက ဆိုရင် မဲလာပေးတဲ့ သူတွေကို ဘယ်လို ခြိမ်းခြောက်လဲ ဆိုတော့ ကန့်ကွက်မဲ ပေးမယ်ဆိုရင် သာရေးနာရေး၊ လူမှုရေးတွေ မကူညီပေးနိုင်ဘူး ဆိုပြီး ပြောတယ်'' ''ရွာသာအေး ဥက္ကဌ ဦးမောင်ဇော်မင်းတို့ကို ကျနော်တို့ဆီက နေပြီးတော့ ဘာကြောင့် ဒီလိုလုပ်တာလဲလို့ မေးကြည့်တော့ သူတို့ကို မယကနဲ့ သက်ဆိုင်ရာက မှာထားတယ်တဲ့။ ကန့်ကွက်မဲ တမဲမှ မပါဘူးဆိုရင် GSM တလုံးစီ ပေးမယ်တဲ့။ ကန့်ကွက်မဲတွေ များလို့ ရှိရင်တော့ ခင်ဗျားတို့လဲ ဒုက္ခရောက်မယ်တဲ့။ အဲလို ခြိမ်းခြောက်ထားတာ ရှိလို့ ဒီလို လုပ်တာပါလို့ ပြောတယ်''…………… ''ကရင်ပြည်နယ် ဘားအံမှာကတော့ မဲရုံကို သွားကြစို့ဆိုတဲ့ သီချင်းကို တချိန်လုံး ဖွင့်ထားတယ်။ အဲဒီလို ဖွင့်နေပေမယ်လို့ ၁၁ နာရီအထိ မဲလာပေးတဲ့ နှုန်းက အင်မတန်နည်းတယ်'' ''မီးတန် ကျေးရွာဆိုတာ ရှိတယ်။ အဲဒီက မဲရုံတွေမှာ ထူးဆန်းတာက ဘောပင် မထားထားဘူး။ အဲဒီတော့ ရွာသူရွာသားတွေက ဥက္ကဌနဲ့ ကော်မရှင် အဖွဲ့တွေဆီကနေ ဘောပင်မတောင်းရဲလို့ စာရွက်အလွတ်တွေကိုပဲ မဲပုံးထဲ ထည့်သွားတယ်'' ''လှိုင်းဘွဲ့မြို့ (က) ရပ်ကွက် အမှတ် ၆ မူလတန်းကျောင်းရုံးမှာ မဲရုံ လုပ်ထားတယ်။ အဲဒီမဲရုံ ပြိုကျသွားတယ်။ လူ ၈ ယောက် သေတယ်။ မဲရုံ ပြိုကျရတဲ့ အကြောင်းရင်းကတော့ မဲလာပေးတဲ့ သူများလို့ မဟုတ်ဘူး။ ဆောက်ထားတာ မခိုင်လို့''…………… ''မန္တလေးမှာတော့ အခြေအနေ မကောင်းဘူး။ မဲရုံ တာဝန်ရှိတဲ့ သူတွေက လာတဲ့သူတွေကို အမှန်ခြစ်ဖို့ ပြောတယ်။ နောက် ကြိုတင်မဲတွေ ယူထားတာ များတယ်။ အဲဒီ ကြိုတင်မဲတွေကလည်း အမှန်တွေပဲ ခြစ်ထားတယ်။ ဒီနေ့မှ လာထည့်တဲ့ သူကလည်း အင်မတန် နည်းတယ်''……………''မွန်ပြည်နယ် မော်လမြိုင်မြို့ ဒိုက်ကွင်းကျေးရွာမှာ မဲလာထည့်တဲ့ သူတွေကို ရယကနဲ့ တာဝန်ရှိသူတွေက အမှန်မဲ ထည့်ဖို့ပြောတယ်။ မဲအိုကုန်း ရပ်ကွက်မှာ ဆိုရင် ကျနော်တို့ အဖွဲ့ဝင် ခွန်နိုင်စိုး ဆိုတာ။ သူက မဲမထည့်ရသေးဘူး။ သူမဲ သွားထည့်တော့ သူ့ကို ကော်မရှင်က ခင်ဗျား မဲထည့်ပြီးသွားပြီ။ ထောက်ခံမဲ ပေးပြီးသွားပြီတဲ့။ မဟုတ်ဘူး ကျနော် မပေးရသေးဘူးလို့ ပြောတော့ ဒီမှာကြည့် ခင်ဗျား ပေးထားတာဆိုပြီး အဲဒီ လက်မှတ်ကို ပြတယ်။ သူ့မိန်းမကိုလည်း ထောက်ခံမဲ ပေးပြီးထားတယ် ဆိုပြီးတော့ မပေးခဲ့ရဘူး''

No comments: