Monday, May 12, 2008

ကြိမ်မီးအုံး ပြည်သူများနှင့် အသိဉာဏ် သေးနုတ်လွန်းသည့် စစ်ခေါင်းဆောင်များကြောင့် ထပ်မံ နစ်နာကြရဦးမည့် အခြေအနေ

အောင်သူငြိမ်း
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင်မှ စစ်အစိုးရ၏ ညံ့ဖျင်းချက်နှင့် သဘောထား သေးသိမ်မှု၊ အာဏာရူးမှုတို့ကို လူအများ ပို၍ ထင်ထင်ရှားရှား သိလာကြရသည်။ မုန်တိုင်းတိုက်ခတ် ဖျက်ဆီး ခံလိုက်ရပြီးနောက် ဖြစ်ပျက်နေသည့် အခြေအနေ သတင်းများကို မြင်နေကြားနေရသည်မှာ ရင်နှင့်မမျှ၊ တခါတရံ မြန်မာပြည်သူတို့အဖို့ ကြေကွဲခံစားရဖန် များလွန်း၍ နောက်ထပ် ခံစားစရာ ရင်ပြင်၊ ကျစရာ မျက်ရည် ကျန်ပါဦးမည်လားဟုတောင် တွေးမိပါသည်။ ယခု အခြေအနေက ကြိမ်မီးအုံးဟု မြန်မာပြည်သူများ တင်စားပြောဆိုလေ့ ရှိသည့် တမြေ့မြေ့ကြေကွဲစရာ အဖြစ်ဆိုးမျိုး ဖြစ်သည်။ မုန်တိုင်း ဒဏ်ခံရသည့် ပြည်သူများကို စစ်အစိုးရက ဆက်၍ ဖိထောင်းနေသည်။ ဖြတ် ၄ ဖြတ်မဟုတ်။ ဖြတ် ၅ ဖြတ်ဟု ဆိုရတော့ မည် ထင်သည်။ မြန်မာစစ်အစိုးရက ပြည်သူတို့ကို ရန်သူသဖွယ် သဘောထားကာ ယခု နိုင်ငံတကာက အကူအညီပေးမည် ဆိုသည်ကိုပင် ဖြတ်တောက်နေသည်။ စစ်အစိုးရက ပေးမည့်အကူအညီများ၊ ငွေများသာ သူ့ထံ အပ်ပါ။ သူ့တွင် လုပ်ဆောင်နိုင်သော ပညာရှင်၊ အင်အား အရင်းအမြစ် ရှိသည်ဟု ဆိုနေသည်။ နိုင်ငံတကာ အလှူရှင်များက ဆုပ်စူး၊ စားရူး အခြေအနေ။ စစ်အစိုးရက အေးဓါးပြ တိုက်နေသည်။ ကပ်ဘေးဒဏ်သင့် ပြည်သူများကို အကြောင်းပြ၍ လှူဖွယ်ပစ္စည်းများကို လက်ဝါးကြီးအုပ် ထိန်းချုပ်ရန်၊ အာဏာ တည်ဆောက်ရန် ကြိုးပမ်းနေသေးသည်။ နိုင်ငံတကာရှိ လူသားချင်း စာနာထောက်ထားသည့် အကူအညီ ပေးအပ်သည့် အဖွဲ့အစည်းများက ဤသို့ ပေးလိုက်ရိုးထုံးစံ မရှိပါ။ သူတို့တွင် လိုက်နာ စောင့်ထိန်းရမည့် စည်းမျဉ်းများ ရှိသလို၊ စစ်အစိုးရကဲ့သို့ မျက်နှာလွှဲ ခဲပစ် လုပ်တတ်သူများ မဟုတ်ကြပါ။ ထိုမျှမက မြန်မာစစ်အစိုးရက မစွမ်းဆောင်နိုင်သည့် ယာဉ်၊ ပစ္စည်း၊ ကရိယာ၊ ကျွမ်းကျင်မှု၊ အရင်းအမြစ်ပေါင်းစုံ နိုင်ငံတကာ မိသားစုများတွင် ရှိနေကြပါသည်။ ဤသို့သော အကူအညီများကို ပစ်ပယ်၍ ငါတကောကောနေသည်မှာ စက်ဆုပ်ဖွယ်ပင် ဖြစ်ပါတော့သည်။ နာဂစ် မုန်တိုင်းပြီးနောက်မှ မြန်မာ့ရုပ်မြင်သံကြား ထုတ်လွှင့်ချက်များကို စူးစိုက်ကြည့် ဖြစ်သည်။ အထူးသဖြင့် မုန်တိုင်းဒဏ် အခြေအနေနှင့် ပတ်သက်၍ သတင်းများ သိလိုသောကြောင့် ဖြစ်သည်။ သတင်းများကြည့်ဖြစ်လေ၊ ဒေါသ ဖြစ်လေ ဖြစ်နေရသည်။ စစ်အစိုးရ သတင်းမီဒီယာများ ထုတ်လွှင့်နေသည်က မိမိသိလိုသည့် အချက်များ တခုမျှ မပါဝင်ပါ။ လွန်ခဲ့သည့် ၂- ရက်ခန့်က အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေး လုပ်သည်ကို ပြသည်။ ဤ ကော်မီတီက ဖွဲ့ထားသည်မှာ ၂၀၀၅ ခုနှစ်ကတည်းက ဖြစ်သည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ပြီး၊ ကျန်ဝန်ကြီးများ၊ ရန်ကုန်၊ မန္တလေး မြို့တော်ဝန်များ အပါအ၀င် ကော်မတီဝင်ပေါင်း ၃၀ ခန့်ပါသည်။ စာရွက်ပေါ်တွင် ရပ်ကွက်/ ကျေးရွာများအထိ ကော်မတီအဆင့်ဆင့် ရှိသည်ဟု ဆိုသည်။ သင်တန်းများလည်း အကြိမ်ကြိမ်၊ အဆင့်ဆင့်တွင် ပေးပြီးဟု ဆိုသည်။ လက်တွေ့တွင် မည်မျှ ထိရောက်သည်ကို ပြည်သူများ အားလုံး အသိပင် ဖြစ်သည်။ လွန်ခဲ့သည့် ၂- ရက်ခန့်က ကျင်းပသည့် အစည်းအဝေးတွင်လည်း မိမိသိလိုသည့် သတင်းအချက်အလက်များကို သူတို့ မဖော်ပြခဲ့ကြပါ။ လူမည်မျှ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးဟု ထပ်မံ အသစ် ခန့်မှန်းပါသနည်း။ မဖော်ပြခဲ့ပါ။ အိုးအိမ်မဲ့ ပျက်စီးဆုံးရှုံးရသူများ မည်မျှ ရှိသနည်း။ ဤအချက်ကိုလည်း သတင်းတွင် မထုတ်ပြန်ပါ။ ထို့အပြင် ယာယီ ဒုက္ခသည်စခန်း မည်မျှ ရှိသနည်း။ ထိုစခန်းများတွင် ခိုလှုံနေထိုင်ကြသူ မည်မျှ ရှိသနည်း။ ဤအချက်များကိုလည်း မတွေ့ခဲ့ရပါ။ တွေ့ရသည်က ရုပ်မြင်သံကြား အောက်ခြေတွင် ပြေးနေသည့် ကောလာဟလများကို မယုံကြည်ကြရန်၊ ယခု အစိုးရ သတင်းထုတ်လွှင့်ချက်များကို ယုံကြည်ကြရန်ဟူသည့် စာတမ်း ဖြစ်သည်။ ထို့အပြင် မြင်ကြားနေရသည်က ၀န်ကြီးများ တန်းစီထွက်၍ ဟန်ရေးပြနေပုံ ဖြစ်သည်။ ဒုက္ခရောက်သူများကို ဆက်ဆံနေ သည်မှာလည်း လူသားမဆန်လှပါ။ ဒုက္ခသည်ဆန် ရဖို့အရေး ပြန်ကြားရေး ၀န်ကြီးဆိုသူ ကျော်ဆန်းက ဟန်ပါပါ မိန့်ခွန်း ပေးနေသည်ကို နားထောင်နေကြရသည်။ ကြုံ့ကြုံ့လေးထိုင်ပြီး ကျေးဇူးတော် တင်ကြရသေးသည်။ ဤအရေးကို အမျိုးသားအရေး သဘောထားကူညီရန်နှင့် ကူညီလိုသူများက ဒေသအသီးသီးရှိ ကြံ့ဖွံ့ရုံးများသို့ လှူဒါန်းကြရန် ဆိုလာသည်။ အလှူခံပုံက သင်းသည်။ ဤအဖွဲ့ကို လူမုန်းနေသ၍ ဤနည်းဖြင့်ဆိုလျှင် အလှူငွေ မည်မျှ ထက်သန်စွာ လှူကြမည်ကို တွက်ဆနိုင်ပါသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်ကလည်း အလုပ် မဟုတ်သည်များကို လုပ်သည်။ ရေဘေး၊ လေဘေးသင့် ပြည်သူများကို လှည့်လည် ကြည့်ရှုအားပေးသည်မှာ သင့်သောကိစ္စ ဖြစ်သည်။ ပုသိမ်ရှိ စစ်ဌာနချုပ်သို့ ကိုယ်တိုင် သွားထိုင်၍ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ကိုယ်စား ကြီးကြပ်နေသည်။ ထားပါတော့။ သို့သော်လည်း ရဟတ်ယာဉ်ပေါ် ပစ္စည်းထမ်းတင်သည့် အထိ လုပ်နေသည်ကို ရုပ်မြင်သံကြားတွင် ပြနေသည်။ ဤသည်မှာ သူလုပ်ရမည့် အလုပ် မဟုတ်တော့ပါ။ ထို့အပြင် ခေါက်ဆွဲခြောက်၊ ရေဗူးအချို့၊ ငွေကြေးအချို့ ထောက်ပံ့ ပေးရုံဖြင့် ဖူလုံပြီဆိုသော ပြသမှုမျိုး လုပ်နေသည်မှာ ပို၍ မသိသား ဆိုးရွား နိုင်နေပါတော့သည်။ အမှန်တကယ်တွင် ရေရှည် တည်တံ့သည့် ပြန်လည်ထူထောင်ရေး (sustainable recovery) သဘော သဘာဝကိုလည်း မြန်မာ စစ်ဗိုလ်ချုပ်များက သိရှိထားဟန် မတူပါ။ ဤအခြေအနေတွင် စစ်အစိုးရက လူသားချင်းစာနာမှု အကူအညီဆိုသော ကိစ္စနှင့် ပတ်သက်၍ နားလည် သဘောပေါက်ခြင်း မရှိပုံ၊ နိုင်ငံတကာ အကူအညီနှင့် ပတ်သက်၍ ပို၍ သဘောပေါက် နားလည်မှု မရှိပုံ ထင်ရှား လာပါတော့သည်။ ပညာရှင်များက ဖော်ပြထားကြရာတွင် သဘာဝ ကပ်ဘေးဒုက္ခ ဆိုသည်မှာ လူသားနှင့် သဘာဝ ပတ်ဝန်းကျင်အကြား ဆက်စပ်နေမှု၊ သဟဇာတဖြစ်မှု ကျိုးပျက်စီးသွားခြင်း ဖြစ်သည်။ သို့အတွက်ကြောင့်လည်း ဒေသခံပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် ပိုမိုကြီးလေးသည့် ကူညီပံ့ပိုးမှုများ လိုအပ်လာပါသည်။ ဤအခြေအနေကို ယာယီ အရေးပေါ် အကူအညီဖြင့် ဖြေရှင်းပေးရုံမျှဖြင့် မရတော့ပါ။ ဒေသဆိုင်ရာရှိ လူထုများ၏ ရှင်သန် ရပ်တည်ရေး စွမ်းအင် (Local coping capacity) များလည်း ကျဆင်းသွားပြီ ဖြစ်ရာ၊ ပို၍ အားစိုက် ပံ့ပိုးရန် လိုနေပါတော့သည်။ ဆိုလိုသည်မှာ သဘာဝ ကပ်ဘေးများကြောင့် လူများ သေဆုံးမှု များလာသည်။ မိသားစုများ ပြိုကွဲကြရသည်။ အိုးအိမ်၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးရသည်။ မြန်မာပြည်၏ စပါးကျီဟု ခေါ်ဆိုနေသော ဧရာဝတီတိုင်းတွင် ဆိုပါစို့။ ဤမုန်တိုင်း ပြီးပြီးချင်း လူအများ သေဆုံးရပြီ ဖြစ်ရာ လုပ်အားရှင် အများအပြား ဆုံးရှုံးသွားပါသည်။ ထို့အပြင် ပြန်လည် ရှင်သန်ရန်အတွက် လယ်မြေများလည်း ဆားငံရေ၀င် ပျက်စီးရပြန်သည်။ နိုင်ငံတကာ ကျွမ်းကျင်သူများ ခန့်မှန်းချက်အရ နောက်ထပ် စိုက်ရာသီ ၂- ခု၊ ၃- ခုတိုင် ဤလယ်များ ပြန်စိုက်ရ ရဖွယ် မရှိပါ။ ကျွဲ-နွားများ ဆုံးရှုံးရသည်။ ၀မ်းစာစပါး၊ မျိုးစပါး များ ဆုံးရှုံးရသည်။ ထို့အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားမှုကို မူလအတိုင်း မည်သည့်အချိန်တွင် ပြန်ဖြစ်လာမည်ကို တွက်ဆ၍ပင် မရနိုင်တော့ပါ။ ဤအခြေအနေတွင် ဤလူထုများအတွက် ပြန်လည် ထူထောင်ရေး ဆိုသည်မှာ ကြီးလေးသည့် ကိစ္စ ဖြစ်ပါသည်။ အရင်းအမြစ်၊ ကျွမ်းကျင်မှု များစွာ လိုပါသည်။ ထိုမျှမကပါ။ သဘာဝဘေးဒဏ် ခံလိုက်ရသည့် ဒေသများသည် ချက်ချင်း ဆင်းရဲသွားကြပါသည်။ လက်ငင်းတွင်ပင် လုယက်မှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်နိုင်ပါသေးသည်။ ရရှိသည့် အကူအညီများ ထိန်းချုပ်နိုင်ရေးအတွက်လည်း ပဋိပက္ခများ ပိုမို ပြင်းထန် လာတတ်ပါသည်။ ထို့အပြင် ဤပြည်သူများ၏ ၀ယ်နိုင်အား (Purchasing power) လည်း ကျဆင်းသွားသောကြောင့် ဈေးကွက်များလည်း ပျက်စီးရပါသည်။ ထိုမျှမက အခြား အချက်များလည်း လိုက်လာပါ လိမ့်ဦးမည်။ လူများက အလုပ်အကိုင် မရှိတော့သည့် နေရာ၊ အရပ်မှ ပြောင်းရွှေ့မှုများ ပိုမို များပြားလာမည်။ လူကုန်ကူး ရောင်းချမှုများ၊ လူသားချင်း ရောင်းစား၍ အမြတ်ထုတ်မှုများလည်း ဖြစ်ပေါ်လာနိုင်သေးသည်။ ဤအနေအထားမျိုးတွင် နစ်နာဖွယ် အရှိဆုံးသူများမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ပါသည်။ အမျိုးသမီးများမှာ အိမ်ထောင် ရပ်တည်ရေး အတွက် အဓိက ရုန်းကန်ရသူများ ဖြစ်သောကြောင့် ကပ်ဘေးဒုက္ခနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ လေ့လာချက်၊ ဆွေးနွေးချက်များလည်း များစွာ ရှိနေပါသည်။ ဤအနေအထားမျိုးတွင် အမျိုးသမီးများကို အခွင့်အရေး မြှင့်တင်ပေးရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မဖြစ်ပေါ်ရလေအောင် စောင့်ရှောက် ကာကွယ်ပေးရမည့် ကိစ္စများလည်း ရှိနေပါ သေးသည်။ ဖြစ်တတ်သည့် အတွေ့အကြုံတခုမှာ လူအများ သဘာဝကပ်ဘေးကြီးများ သင့်ကြရပြီးနောက် စိတ်ကျန်းမာရေးနှင့် ကိုယ် ကျန်းမာရေး ပြဿနာများ ကြုံတွေ့ကြရခြင်းပင် ဖြစ်ပါသည်။ လေ့လာနေသူများအဆိုအရ ဆူနာမီ လှိုင်းကြီး ရိုက်ခတ်ခံရ ပြီးနောက် ၎င်းဒေသများတွင် စိတ်ပိုင်းဆိုင်ရာအရ အနည်းနှင့် အများဆိုသလို အနာတရ၊ စိတ်ဒဏ်ရာရ ခဲ့ကြပါသည်။ ဤ စိတ်ဒဏ်ရာများ၏ မျိုးဆက်အလိုက် ကူးစက်၍ ရေရှည် သက်ရောက်နိုင်ပုံများကိုပင် လေ့လာ ဆန်းစစ်နေကြပါသည်။ အဖြေ အတိအကျ မရှိကြသေးပါ။ သို့သော်လည်း သေချာသည်ကတော့ ဤသို့ ကပ်ဘေးဒုက္ခကြီးများ ကြုံခဲ့ရ၊ မိသားစုဝင်များ သေကွဲ၊ ရှင်ကွဲ ကွဲကြရသူများအဖို့ စိတ်ဒဏ်ရာများ ရရှိနိုင်ပြီး၊ နှစ်သိမ့်ဆွေးနွေး အကြံပေးမှုများ (counselling) လိုအပ်လာခြင်း ဖြစ်သည်။ ထို့အပြင် အခြားလူထု ကျန်းမာရေး ပြဿနာများ ရှိပါသေးသည်။ စစ်အစိုးရက ဤမျှ စဉ်းစားထားပုံ မပေါ် ပါ။ဤသို့သော ဖက်စုံအရေးများကို ဆောင်ရွက်ရန် ရန်ပုံငွေ အများအပြား လိုပါသည်။ ၀င်ရောက်ကူညီ ဆောင်ရွက်ပေးမှုနှင့် သင့်လျော်သော ဆုံးဖြတ်ချက်များ ပြုနိုင်ရန် အချက်အလက်များ၊ ဒေတာများ လိုပါသည်။ ထို့နောက်တွင်မှ လက်ငင်းအကူ အညီများနှင့် ရေရှည် အကူအညီများကို တွက်ချက်နိုင်ကြမည် ဖြစ်သည်။ (immediate and long-term effective aid) ဤသို့သောလုပ်ငန်းများ အားလုံးကို အစိုးရကသာ ဦးဆောင်၍ အကုန်လုံး ဆောင်ရွက်နိုင်မည် မဟုတ်သည်မှာ သေချာ ပါသည်။ လိုအပ်နေသည့် အရင်းအမြစ်များ မရှိသလို၊ လူသား အရင်းအမြစ်၊ ကျွမ်းကျင်မှုများလည်း ရှိမနေပါ။ စစ်အစိုးရက အိမ်နီးချင်းနိုင်ငံများမှ လေယာဉ် ၄-၅ စီးမျှနှင့် အကူအညီများ ရောက်လာသည်ကို ဂုဏ်ယူဖော်ပြနေသည်။ သူတို့ မိတ်ဆွေကောင်း ရထားဟန် ပြုနေသည်။ ထိုပစ္စည်းများကို ထိထိရောက်ရောက် ဖြန့်ပေးမည် ဆိုသော်လည်း၊ မိမိ တွေ့ရသလောက် ရဟတ်ယာဉ် ၇ စီးခန့်သာ ပျံဝဲ ပစ္စည်း သယ်ပို့နေကြသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင်က သူ့အလုပ်မဟုတ်။ ရဟတ်ယာဉ်အပေါ် ပစ္စည်း ထမ်းတင်နေပြန်သည်။ မြန်မာစစ်အစိုးရ အမြင်တိုပုံကို ကြည့်၍ မိမိ ဒေါသ ဖြစ်နေရသည်။ ယခုအချိန်တိုင် မြန်မာနိုင်ငံအတွက် အကူအညီ ပေးမည်ဟု ကတိပြုထားကြသည်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀ မျှသာ ရှိပါသေးသည်။ သို့သော် ဤအကူအညီ အများစုကိုသော်မှ စစ်အစိုးရ ပိတ်ဆို့ ဟန့်တားထားမှုများကြောင့် လက်ခံမရနိုင် ဖြစ်နေကြပါသေးသည်။ ၂၀၀၄ ခုနှစ် ဆူနာမီ အပြီးတွင် နိုင်ငံပေါင်း ၁၁-ခု ကပ်ဘေးဒဏ် ခံစားလိုက်ရ၍ လူပေါင်း ၂၂၀,၀၀၀ ခန့် သေကြေခဲ့ရပါသည်။ သို့သော်လည်း ဆူနာမီဖြစ်ပြီး ၁၂ ရက်အတွင်းမှာပင် နိုင်ငံတကာ အကူအညီပေးရေး ညီလာခံကို ခေါ်ယူနိုင်ခဲ့ပြီး၊ နိုင်ငံ ၁၉ ခုက ဒေါ်လာ သန်း ၄,၀၀၀ လှူဒါန်းမည်ဟု ကတိပြုခဲ့ကြပါသည်။ ဆူနာမီကပ်ဘေး ဒဏ်သင့်ခံရသူ လူတဦးချင်းက ပျမ်းမျှအားဖြင့် အကူအညီ ဒေါ်လာ ၅,၀၀၀ မှ ၆,၀၀၀ ကြား ရရှိခဲ့ကြပါသည်။ အခြား နိုင်ငံများတွင်လည်း အကူအညီ ရရှိရေးအတွက် လုံးပမ်းခဲ့ကြပြီး၊ နိုင်ငံတကာက ရက်ရောထက်သန်စွာ လှူဒါန်း ခဲ့ကြပါသည်။ အီရန်နိုင်ငံတွင် ၂၀၀၃ ခုနှစ်က လှုပ်ခဲ့သည့် ဘမ် ငလျှင်ကြီး (Bam earthquake) တွင် နိုင်ငံတကာက ဒေါ်လာ သန်း ၁,၅၀၀ လှူဒါန်းခဲ့ကြသည်။ (ဤငလျှင်တွင် လူ ၂၆,၀၀၀ သေဆုံးပါသည်။) ၁၉၉၉ ခုနှစ်က ဟွန်ဒူးရပ်စ် နိုင်ငံတွင် မစ်ခ်ျ ဟာရီကိန်း မုန်တိုင်းကြုံခဲ့ရာ နိုင်ငံတကာက ဒေါ်လာ သန်း ၃,၀၀၀ အကူအညီ ပေးခဲ့ပါသည်။ (ဤဖြစ်ရပ်တွင် လူ ၁၀,၀၀၀ သေဆုံးပါသည်။) ၁၉၉၈ ခုနှစ် ဘင်္ဂလားဒေ့ရှ် ရေဘေးတွင်လည်း နိုင်ငံတကာက အကူအညီအဖြစ် ဒေါ်လာ သန်း ၉၀၀ ပေးအပ်ခဲ့ပါသည်။ (ဤရေကြီးမှုတွင် လူ ၁,၀၀၀ သေဆုံးပါသည်။) ဤကိစ္စများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ ရရှိသည့် အကူအညီ ကတိပြုထားငွေ ဒေါ်လာ သန်း ၄၀ ဆိုသည်မှာ နည်းလွန်းလှပါသည်။ (ယခု မုန်တိုင်းဒဏ်တွင် သေဆုံးရသူ အစိုးရ စာရင်းအရ ၂၂,၀၀၀ နှင့် ပြင်ပ ခန့်မှန်းချက်များအရ ၁၁၀,၀၀၀ သေဆုံးရသည်ဟု ဆိုနေပါသည်။) ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန် ဆောင်ရွက်ရန်မှာ နိုင်ငံတကာ အကူအညီများ ပိုမို များပြားစွာ ရရှိရေးပင် ဖြစ်ပါသည်။ ရဟတ်ယာဉ်ပေါ် ခေါက်ဆွဲခြောက်ထုတ် ထမ်းတင်နေရန် မဟုတ်ပါ။ မြန်မာပြည်သူများ ကပ်ဘေးဒဏ် သင့်ခံရသည့် အတွက် နိုင်ငံတကာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ညီလာခံတရပ် စည်းရုံး ခေါ်ဆိုနိုင်ရန်ပင် ဖြစ်ပါသည်။ ဤ နိုင်ငံတကာ ညီလာခံ အောင်မြင်စေရန်လည်း မြန်မာ စစ်အစိုးရဖက်က လိုက်လျော အပေးအယူ လုပ်ရမှုများလည်း ရှိနိုင်သည်။ အထူးသဖြင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စများနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိစ္စများ ဖြစ်သည်။ မြန်မာပြည်သူများ ကောင်းစားရေးအတွက် မျှတသော တောင်းဆိုမှုများလည်း ဖြစ်သည်။ စစ်အစိုးရ ကိုယ်၌က ဒီမိုကရေစီစနစ်ကို သွားတော့မည်ဟု ပြောဆိုနေချိန်တွင် ဤအချက်က ပြဿနာ မဟုတ်တော့ပါ။ ထို့အပြင် နိုင်ငံတကာက သဒ္ဒါစိတ် ယိုဖိတ်လာစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတကာ သတင်း မီဒီယာများတွင် အချိန်ပြည့် မြင်တွေ့နေရခြင်း (widespread real-time coverage) ဖြင့် အလှူရှင်အများကို ပို၍ တိုက်တွန်းနိုင်လိမ့်မည် ဖြစ်သည်။ ဤသို့ ဖြစ်စေရန်မှာ သတင်းမီဒီယာ ဌာနများကို လွတ်လပ်စွာ သွားရောက်ထိတွေ့ခွင့် ပေးရန်လည်း လိုအပ်နေပါသည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် ထူထောင်ရေးအတွက် ငွေချေးယူရနိုင်သည့် နေရာများလည်း ရှိနေပါသေး သည်။ မကြာသေးမီကပင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို အစားအစာ ဈေးနှုန်းများ ကမ္ဘာတခုလုံးတွင် မြင့်တက်လာမှုကြောင့် အထူး ထိခိုက်နစ်နာဖွယ် ရှိနေသည့် အာရှနိုင်ငံများကို ကူညီပေးမည့် အစီအစဉ် ရှိနေပါသည်။ နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃, ၀၀၀ အထိ တိုးမြှင့်ခဲ့ပါသည်။ အဓိကအားဖြင့် ချေးငွေပုံစံဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို တိုးတက်စေရန်၊ ချဲ့ထွင်နိုင်ရန် ကူညီပံ့ပိုးမည် ဖြစ်ပါသည်။ သို့သော်လည်း ဤချေးငွေ ရနိုင်ရေးမှာ မြန်မာစစ်အစိုးရတွင် ပြဿနာ ရှိနေပါသေးသည်။ ယခင်မဆပ်ဘဲ ကျန်နေသော ကြွေးဆိုးများ ပြဿနာပင် ဖြစ်သည်။ ဤမျှသာမကပါ။ မြန်မာ အစိုးရတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (good governance) ဖြစ်စေရန်နှင့် နိုင်ငံရေးအရ အလိုဆန္ဒ ရှိရန်လည်း လိုအပ်နေပါသေးသည်။ အိမ်နီးချင်း နိုင်ငံများ၏ အကူအညီမျှသာ မဟုတ်ပါ။ ကုလသမဂ္ဂနှင့် အင်အားကြီး နိုင်ငံများ၏ နိုင်ငံအရ လိုလားထောက်ပံ့ပေးလိုမှု ဆန္ဒရရှိအောင် ဆွဲဆောင် စည်းရုံးရန်လည်း လိုအပ်နေပါ သေးသည်။ ယခု အမေရိကန်ပြည်ထောင်စုက ကူညီမည်ဆိုသည်ကိုပင် ပိတ်ပင်ငြင်းပယ်မှုများ ပြုနေပြန်သည်။ ၀န်ကြီးချုပ် လုပ်နေသူ ဗိုလ်ချုပ်သိန်းစိန် ယခုကာလတွင် အခြေပြုရမည့် နေရာက ပုသိမ်မဟုတ်ပါ။ နိုင်ငံတကာနှင့် ကုလသမဂ္ဂ စင်မြင့်များတွင်သာ ဖြစ်ရပါမည်။ မြန်မာပြည်သူများအတွက် အကူအညီရရှိရေး ဆွေးနွေးပွဲ၊ ကွန်ဖရင့် စားပွဲဝိုင်းများ၌သာ ဖြစ်ရပါလိမ့်မည်။ ယခုတော့ ဤသို့ မဟုတ်ပါ။ မြန်မာစစ်အစိုးရ၏ ညံ့ဖျင်းပုံ၊ အမြင်တိုပုံဖြင့် မြန်မာပြည်သူများအဖို့ ခံရဖို့ ချည်းသာ ဖြစ်နေပါတော့သည်။
အောင်သူငြိမ်းအကိုးအကားPaul B. Spiegel, Differences in World Responses to Natural Disasters and Complex Emergencies, JAMA, April 20, 2005, Vol 293, No. 15.
နိုင်ငံ
ခုနှစ်
ရရှိသော နိုင်ငံတကာ အကူအညီ (USD)
လူသေဆုံးရမှု
ကပ်ဘေး သဘောသဘာဝ
နိုင်ငံ ၁၁ ခု
၂၀၀၄
၎,၀၀၀ သန်း
၂၂၀,၀၀၀
ဆူနာမီ
အီရန်
၂၀၀၃
၁,၅၀၀ သန်း
၂၆,၀၀၀
ဘမ် မြေငလျှင်
ဟွန်ဒူးရပ်စ်
၁၉၉၉
၃,၀၀၀ သန်း
၁၀,၀၀၀
ဟာရီကိန်း မစ်ခ်ျ
ဘင်္ဂလားဒေ့ရှ်
၁၉၉၈
၉၀၀ သန်း
၁, ၀၀၀
ရေဘေး
လိုင်ဘေးရီးယား
၂၀၀၄
၅၂၀ သန်း
မသိရ
ပြည်တွင်းစစ်ပြီး ပြန်လည်တည်ဆောက်ရေး
ဆူဒန်တောင်ပိုင်း
၂၀၀၄
၂၅ သန်း
၃. ၈ သန်း
(၆ နှစ်အတွင်း)
ပြည်တွင်းစစ်ပြီး ပြန်လည်တည်ဆောက်ရေး

No comments: