Sunday, May 11, 2008

နိုင်ငံတဝှမ်း ဆန္ဒမဲပေးပွဲများ ပြီးဆုံးပြီ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 11:15 - မြန်မာစံတော်ချိန်
ဆန္ဒမဲပေးပွဲတွေ နိုင်ငံတဝှမ်း ကျင်းပနေပြီလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် - မြန်မာစံတော်ချိန်မုန်တိုင်းဒဏ်ကြောင့် တတိုင်းပြည်လုံး ပူဆွေးသောက ရောက်နေသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ရက်ရွှေ့ဆိုင်းရန် မေတ္တာရပ်ခံမှုများ ကြားမှပင် မြန်မာစစ်အစိုးရက သတ်မှတ်ပြီး ဖြစ်သည့် ယနေ့တွင် နိုင်ငံတဝှမ်း၌ ဆန္ဒမဲပေးပွဲများ စတင်လိုက်ပြီ ဖြစ်သည်။ ယခု ကျင်းပဆဲ ဖြစ်သည့် ဆန္ဒမဲပေးပွဲများ၏ အခြေအနေ အရပ်ရပ်ကို မဇ္ဈိမက အချိန်နှင့်တပြေးညီ တင်ပြသွားပါမည်။-------------------------
ကိုယ့်လူနဲ့ ကိုယ် မဲရေတွက်တယ်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၈း၃၀ - မြန်မာစံတော်ချိန်ဦးသန်းဖေ (ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ) ၏ ပြောကြားချက်“မဲရုံ ပိတ်တဲ့အချိန်မှာ တော့်တော့်ကို စိတ်မကောင်း ဖြစ်ရတယ်။ ၄ နာရီ ထိုးတဲ့အချိန်မှာ ပြည်သူလူထု တယောက်မှ မရှိစေရ၊ ခြံတခါးကို ပိတ်တယ်၊ မဲရုံကို ပိတ်တယ်၊ သူတို့ လက်ခုပ်ထဲကရေ၊ သူတို့ သွန်ချင်သလိုသွန်၊ မှောက်ချင်သလို မှောက်လိုက်ကြတယ်။ အားလုံး ပြန်လာရတယ်။ အနားမှာ ရှိတဲ့လူတွေတောင် မောင်းထုတ်ခံရတယ်၊ ဒါက အထက်က အမိန့်လို့ ပြောတယ်၊ ဘာမှ သတင်း မရသေးဘူး။ ချောင်းကောက် ရပ်ကွက်က အမှတ် ၂ မဲရုံက လျှို့ဝှက်သတင်းတော့ ရတယ်ဗျ၊ ၉၈ ရာနှုန်းထိ ကန့်ကွက်မဲ။ လူ ၁ဝဝဝ ကျော်မဲရုံးမှ ၂ဝ ကျော်သာ ထောက်ခံတယ်။ ဒါပေမယ့် ကန့်ကွက်မဲတွေရဲ့ ၆ဝ ရာခိုင်နှုန်းက ပယ်မဲ ဖြစ်သွားတယ်။ ဘယ်လို ဖြစ်သွားလဲဆိုရင် ကြက်ခြေခတ်တဲ့ နေရာမှာ နည်းနည်းပါးပါး မညီမညာဖြစ်ရင် ပယ်မဲ လုပ်လိုက်တယ်။ မညီမညာ ဖြစ်အောင်လည်း သူတို့က အောက်က စားပွဲဟာ။ ချောင်းကောက် စာသင်ကျောင်းက အဆိုးဆုံးခုံကို ရွေးထားတယ်၊ ဟိုဘက်လိမ့်၊ ဒီဘက်လိမ့်နဲ့ ကျနော် ကိုယ်တိုင် အဲဒီမှာ မဲပေးခဲ့တယ်။ ကျနော် ကိုယ်တိုင် မနည်းကို ထိန်းပြီး ကြက်ခြေ ခတ်ခဲ့တယ်။ အဲဒီတော့ စာမတတ်တဲ့ လူတွေ၊ သက်ကြီးရွယ်အိုတွေ၊ လက်တုံခြေတုံတွေက ဘယ်လို ညီညီညာညာ ရေးခြစ်နိုင်မလဲဗျာ၊ ဒါကို အခွင့်ကောင်းယူပြီး ပယ်မဲ လုပ်လိုက်ကြတယ်။”
ကြက်ခြေခတ်များသော်လည်း မယုံရဲလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၇း၅၀ - မြန်မာစံတော်ချိန်စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှ ကုန်သည်တဦး (၃၂ နှစ်) ပြောဆိုချက် - “ဒီမှာက မနေ့ညကတည်းကနေ မဲထည့်ဖို့အတွက် သူတို့ လိုက်ပေးတယ်။ ကြိုတင်မဲ ထည့်မလား၊ အဲဒါတွေ လိုက်မေးတယ်။ သူတို့ ရှေ့မှာ တခါထဲ ထည့်ရမယ်ပေါ့။ အဲဒါ မဟုတ်ရင် မဲရုံမှာပဲ ထည့်မလားဗျာ၊ မဲရုံမှာ ထည့်မယ်ဆိုရင်လည်း မဲစာရွက် သုံးရွက်ပေးတာပေါ့ဗျာ။ကျနော်ကတော့ မနက်ဖြန် လာထည့်မယ်လို့ ပြောလိုက်တယ်။ ဒီနေ့မနက် ၈ နာရီမှာ သွားထည့်တယ်။ ကြိုတင်ယူရမယ့် လက်မှတ်တွေကလည်း များတယ်။ ကြိုယူရတယ် ဆိုတော့ ရယက လူတွေဆိုတော့ လူရှေ့သူရှေ့ လုပ်ရတယ်ဆိုတော့ တမျိုး ဖြစ်သွားမှာပေါ့ဗျာ။ ထောက်ခံမဲ ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ မဲရုံမှာ သွားထည့်သူတွေကတော့ ကြက်ခြေခတ်ပဲ များမယ်လို့ ထင်တယ်ဗျာ။နောက်ပြီး လုံခြုံရေးကတော့ ကြံ့ဖွံ့နဲ့ မီးသတ်တွေ ကျနော်တို့မှာတော့ နည်းတယ်။ အားလုံး တွက်ကြည့်မယ်ဆိုရင် ၁၅ ယောက်လောက် ရှိမယ်။ ရဲရော အကုန်ပေါင်းပေါ့နော်။ ဒီအခြေခံ ဥပဒေမူကြမ်းကိုလည်း ပြည်သူအားလုံး ကြည့်ရတာ စိတ်ဝင်စားတာ မရှိဘူး။ ရေဒီယို နားထောင်တာတွေ များသောအားဖြင့် ကြက်ခြေခတ် များမယ်လို့ ကျနော်ထင်တယ်။ သူတို့ကတော့ စည်းရုံးတယ်ဗျာ၊ ဘာဖြစ်လို့လဲ ဆိုတော့ စည်းရုံးတာက ကောင်းကောင်းမွန်မွန် ပြောတာတွေ ချိုချိုသာသာ ပြောနေတာ ရှိတယ်။ သူတို့ကတော့ ကန့်ကွက်မဲကိုလည်း ထောက်ခံမဲ ရာနှုန်းပြည့်ဆိုပြီး လုပ်သွားမယ်လို့ ထင်တယ်ဗျာ။ မဆလခေတ်က ထည့်ဖူးတယ်ဗျာ။ အမဲထည့်တော့လည်း အဖြူထဲ ရောက်သွားတာပဲဗျာ။ ကျနော်တွေ့ခဲ့တဲ့ အတွေ့အကြုံပေါ့။ ၉ဝ ရွေးကောက်ပွဲမှာ ကျနော်တို့ထက် ကြီးတဲ့ လူကြီးတွေ ထည့်တာ၊ အဲဒါတွေ ပြောပြတယ်။ “မင်းတို့ကွာ အလကားပါ။ မဲသာ ထည့်ပေါ့ကွာ။ အဖြူကို အမဲ ဘယ်နှစ်ပြားပါတယ်” ဆိုပြီး လုပ်လိုက်တာပါပဲတဲ့”
၉ဝ ရွေးကောက်ပွဲနှင့်ကွာခြား၊ စိတ်ချမ်းသာမှုမရှိလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၃၀ - မြန်မာစံတော်ချိန်ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ ဒူကထောင် ရပ်ကွက်မှ အသက် ၅ဝ အရွယ် အမျိုးသမီးတဦးက ယခု ဆန္ဒခံယူပွဲသည် ၉ဝ ခုနှစ် ရွေးကောက်ပွဲနှင့် ကွာခြားမှုရှိပြီး မဲထည့်ခွင့် မလွတ်လပ်သည့်အပြင် အစိုးရကိုယ်၌က ထောက်ခံမဲ ထည့်ခိုင်းနေသဖြင့် စိတ်ချမ်းသာမှု မရှိကြောင်း ပြောသည်။ “ဒီမနက် ၆ နာရီမှာ သွားတန်းစီရတယ်၊ ရပ်ကွက်ထဲမှာ မဲရုံ ၇ ရုံ ရှိတယ်။ အများပိုင်းက ကန့်ကွက်မဲ ထည့်ကြတယ်။ ကျမလည်း ကန့်ကွက်မဲ ထည့်ခဲ့တယ်။ ဘာမှ တင်းကြပ်တာတော့ မရှိပါဘူး။ လွတ်လွတ်လပ်လပ် ထည့်ခွင့် ရှိပါတယ်။ ဒူကထောင် ရပ်ကွက်မှာ မဲပုံ ၇ ခုရှိတယ်။ တခြား ၈ ကနေ ၁၂ ထိကတော့ အထက ၇ မှာ ရှိတယ်။ ရာသီဥတုကတော့ ပုံမှန်ပါပဲ။ အစိုးရက မဲထည့်တဲ့ နေရာမှာ လုံခြုံရေးတော့ ရှိတယ်။ ဘာမှတော့ မနှောင့်ယှက်ပါဘူး။ မဲထည့်ပြီးတဲ့ နောက်တော့ နာမည်စာရင်းကိုလည်း သွားထည့်ရတယ်။ အစိုးရက ဓာတ်ပုံ၊ ဗီဒီယိုလည်း ရိုက်တယ်။ မြစ်ကြီးနားမြို့နယ်ထဲက လမ်းမကြီးတွေမှာ မနေ့ညကတည်းက ကားဖြတ်ခွင့် ပိတ်ထားတယ်။ ဈေးတွေလည်း သူတို့ဟာ သူတို့ ပိတ်ကြတာ ထင်တယ်။ တော်တော်များများ ထက်ဝက်ကျော် ပိတ်ထားကြတယ်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲနဲ့ အခု ဆန္ဒခံယူပွဲက ကွာခြားမှု အများကြီး ရှိတယ်။ အရင်တုန်းကလောက် မဲထည့်ခွင့် မလွတ်လပ်ဘူး။ အစိုးရက ဒါထည့်ရမယ်ဆိုပြီး ထောက်ခံမဲ ထည့်ခိုင်းတာတွေ ရှိတယ်။ ဒါကြောင့် စိတ်ချမ်းသာမှု မရှိဘူး။ ဒုက္ခသည်တွေအတွက်တော့ ဒူကထောင် ရပ်ကွက်က အားလုံးက စိတ်မကောင်းကြပါဘူး။ စိတ်မကောင်းရုံကလွဲပြီး ဘာမှတော့ မတတ်နိုင်ပါဘူး”
အမျိုးသမီးရေးရာတွေ မဲလုပြီး အမှန်ခြစ်လို့ ပွဲဆူသွားလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၁၅ - မြန်မာစံတော်ချိန်အဖွဲ့ဝင်တဦး - လူထုဆန္ဒခံယူပွဲ စောင့်ကြည့်ရေးအဖွဲ့ (မြင်းခြံ) ၏ ပြောကြားချက်“ကျနော်တို့ မြင်းခြံမှာ ဆန္ဒမဲပေးတဲ့ ကိစ္စကတော့ တကယ့်ကို ဗရုတ်သုက္ခ ဆန်တယ်ဗျ။ မဲလာပေးတဲ့ လူတွေ (အဓိက အမျိုးသမီးတွေ) ကို ကြံ့ဖွံ့နဲ့ အမျိုးသမီးရေးရာတွေက မဲရုံပေါက်ဝမှာ စောင့်နေပြီး မဲကိုလု၊ အတင်း အမှန်ခြစ် နေတယ်ဗျ။ တကယ့်ကို ဆိုးဆိုးဝါးဝါးဖြစ်တဲ့ ရပ်ကွက်တွေက အမှတ် ၁၉၊ ၁၇၊ ၁၈၊ ၆၊ ၁၁ ရပ်ကွက်တွေ။ လူတွေက သူတို့ မဲတွေကို ပြန်တောင်းရင်လည်း မပေးဘူး။ အမှန် ခြစ်ပြီးသား မဲကိုပဲ ပုံးထဲ အတင်း ထည့်ခိုင်းနေတယ်။ ဒါ့ကြောင့် လူတွေက မကျေမနပ် ဖြစ်နေကြတယ်။ ၁၈ ရပ်ကွက်မှာဆို လုံးဝကို မဲသွားမပေးကြတော့ဘူး”ပြောရဲဆိုရဲသည့် အမျိုးသမီး အချို့က ကော်မရှင် လူကြီးများကို သွားရောက် တိုင်တန်းရာတွင်လည်း အရေးယူပေးခြင်း မရှိပေ။နိုင်ငံကျော် ကဗျာဆရာကြီး ဦးတင်မိုး၏ ဇာတိဖြစ်သော တောင်သာမြို့နယ်ရှိ ကန်မြဲ-ဇကျမ်းရွာတွင်လည်း မဲရုံအတွင်းရှိ ဆန္ဒပြုရန် အခန်းထဲတွင် မင်မထင်သော ဖောင်တိန်များ ထားပေးပြီး ဖောင်တိန် တောင်းသည့်အခါ ရုံစောင့်များက မဲကို တောင်းယူကာ အမှန် ခြစ်ပေးသဖြင့် ရွာသူရွာသားများက မဲကို ဆက်လက် ထည့်ဝင်ခြင်း မပြုတော့ကြောင်း သိရသည်။
မဟာအောင်မြေ လွတ်လပ်၊ မဲရေတွက်မှုတော့ စိုးရိမ်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၀၀ - မြန်မာစံတော်ချိန်မန္တလေးတိုင်း မဟာအောင်မြေမြို့ရှိ မဲရုံအမှတ် (၁) တွင် မဲထည့်ရာတွင် လွတ်လပ်မှု ရှိသော်လည်း မဲရေတွက်ရာ၌ မည်သည့်နေရာတွင် သွားရောက်ရေတွက်မည်ကို မသိသဖြင့် စိုးရိမ်မိကြောင်း ဒေသခံ အမျိုးသားတဦးက ပြောသည်။ “ဒီဘက်ကတော့ ရွာကနေ စုထားတဲ့ ရပ်ကွက်ဆိုတော့ တနယ်ထဲကနေ လာကြတဲ့ သူတွေဆိုတော့ ဘာမှ လုံခြုံရေးတွေ ယူထားတာ မရှိဘူး။ မဲရုံ စောင့်နေသူတွေက ၆ ယောက်လောက် ရှိတယ်။ ဆရာမ ၄ ယောက်၊ ဟိုနောက်ထပ် ၆ ယောက်က အရပ်သား။ ကျောင်းဆရာမတွေက မဲစာရွက်တွေ ဝေပေးတယ်။ လွတ်လွတ်လပ်လပ် ထည့်လို့ ရပါတယ်။ ကိုယ့်လူတွေချည်းပဲ။ ရွှတ်နောက်နောက်နဲ့ ကိုယ်ထည့်ချင်တာ ထည့်တာပဲ။ ကျနော်တို့ကတော့ ထုံးစံပေါ့၊ ခတ်တာပေါ့ဗျာ။ ခေတ်အဆက်ဆက် ကြက်ခြေခတ် ထည့်ခဲ့တယ်။ တခြားနေရာမှာတော့ ဒီလို မလွတ်လပ်ဘူးလို့ ပြောတယ်။ ကျနော်တို့ မဲပေးတဲ့ရုံမှာ မဲပေးခန်းပေါင်း ၁၈ ခန်းရှိတယ်။ ၈ ရပ်ကွက်မှာ ၂ ရုံခွဲထားတယ်။ ဆိုတော့ တရုံမှာ ၃ ရပ်ကွက် ရှိတယ်။ စုစုပေါင်း လူ ၁ဝဝ နီးပါးလောက် ရှိတယ်။ ကျနော်တို့ မိသားစုတွေ သွားထည့်ကြတယ်။ ရွာကနေလာတဲ့ ကလေးတွေကိုလည်း ထည့်ခိုင်းတယ်။ ကျနော်တို့ အနာမခံနိုင်ဘူးလေ။ရာသီဥတုက မိုးအုံ့တယ်။ ဒီမှာကတော့ အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ မဲပုံးကို ဘယ်မှာ သွားရေတွက်မှာလည်း မသိတော့ စိတ်ပူတယ်။ လမ်း ၄ဝ၊ ၈၁ လမ်း ဘုံကျောင်းကတော့ အေးအေးဆေးဆေး ရှိတယ်။ ဒီမှာကတော့ စိတ်တိုင်းကျတာပေါ့ဗျာ။ တခြား နေရာမှာတော့ မပြောတတ်ဘူး။ ဒီလို ပုံစံမျိုးဆိုရင်တော့ ကျေနပ်ပါတယ်။ ဒီလိုပုံစံမျိုး တခြားနေရာမှာတော့ မရှိလောက်ဘူးလို့ တွက်ပါတယ်။ ဒီနယ်မြေက ကိုယ့်နယ်မြေဆိုတော့ အခန်းလေးထဲမှာ ကိုယ်စိတ်တိုင်းကျ ထည့်တယ်”
လုံခြုံရေးရှေ့မို့ နောက်ကြောင်းအေးအောင် ထောက်ခံခဲ့ရလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၅း၄၅ - မြန်မာစံတော်ချိန်စစ်ကိုင်းတိုင်း တမူးမြို့တွင် ကျင်းပသည့် ဆန္ဒမဲပေးပွဲအကြောင်း ဒေသခံအချို့ကို ဆက်သွယ် မေးမြန်းထားပါသည်။ အမျိုးသားတဦး “မဲရုံအမှတ် ၁၂ မှာ မဲသွားပေးရတာပါ။ ၁ဝ နာရီလောက်မှာ ထောက်ခံမဲ သွားပေးခဲ့ပါတယ်။ ဒီတိုင်းပြည်မှာ ဆက်နေနေအုံးမှာ ဆိုတော့ နောက်ကြောင်း အေးရအောင်ပေါ့ကွာ။ ကန့်ကွက်ရင်လည်း ထောက်ခံတာပဲ ဖြစ်မှာပဲ။ ကျနော်က အဲလိုပဲ ထင်တယ်။ ဘာထည့်ထည့် မထူးပါဘူးဗျာ။ မဲပုံးက တပုံးပါပဲ။ သူတို့တွေ (လုံခြုံရေးတွေ) ရှေ့မှာပဲ မဲထည့်ခဲ့ရတာ။ မဲထည့်မယ့် လူတွေကို မဲထည့်တာနဲ့ ပတ်သက်ပြီး ဘာသိချင်လဲ၊ ဘာရှင်းပြရမလဲဆိုပြီး လုံခြုံရေးတွေ ကြံ့ခိုင်ရေးတွေပေါ့ လာမေးပါတယ်။ မီးသတ်၊ ကြက်ခြေနီ၊ ရဲ၊ ဝတ်စုံတွေနဲ့ရော အရပ်ဝတ်တွေနဲ့ရောပါ။ ၁၅၊ ၁၆ လောက်ရှိတယ်။ များတယ်။ အပြင်ရော၊ အတွင်းမှာရော ရှိတယ်။ မဲလာပေးတဲ့ လူတွေက ၂ဝ လောက် ရှိတယ်။ နာမည်မပါတဲ့ လူတွေကိုလည်း မှတ်ပုံတင် ပြခိုင်းပြီး မဲပေးခိုင်းတယ်။ မှတ်ပုံတင်ပါရင် ရတယ်။ နေရပ်လိပ်စာလည်း တိတိကျကျ ပြောပြီးတော့ ထည့်လို့ရတယ်။ ဓာတ်ပုံရိုက်တာလည်း မရှိဘူး။ သတင်းထောက်တွေလည်း မရှိပါဘူး။ ဖုန်းလိုင်းတွေတော့ အဝေးပြောတွေ အားလုံး မနေ့ ညနေပိုင်းကတည်းက ပိတ်ထားတယ်။ အခု အချိန်အထိပဲ။ ဈေးတွေတော့ ဖွင့်ပါတယ်။ လူတွေလည်း သွားနေကြတာပါပဲ။ ရွာထဲက လူတွေ တော်တော် သွားကြပါတယ်”
အမှောင်ထဲမှာ ဘာမဲပုံးမှန်းမသိဈေးသည် အမျိုးသမီး “ပါရဲချောင်းကနေ တမူး အမှတ် ၃ ရပ်ကွက် အမှတ် - ၅ ကျောင်းမှာ မဲသွားပေးခဲ့ရတယ်။ ဓာတ်ပုံရိုက်တဲ့လူ တယောက်တော့ ရှိတယ်။ မနက် အစောကြီးသွားတော့ မဲပေးတဲ့လူ ၁ဝ ယောက်လောက် ရှိတယ်။ နာမည်ရှာပေးပြီးတော့ လက်မှတ် ထိုးရတယ်။ မဲပြားလေး ပေးတယ်၊ နံပါတ်လေးတွေ ရေးထားတယ်၊ မဲပုံးက ၂ ခု ထားထားတယ်။ မဲပုံးမှာ စာတော့ ရေးထားတယ်။ ဒါပေမဲ့ အခန်းထဲမှာ မှောင်နေတာ ဘာမှ မမြင်ရတော့ မဲပုံးတခုထဲက ကြိုက်တဲ့ပုံးထဲ ထည့်ခဲ့တယ်။ လုံခြုံရေးက ၅ ဦးလောက်တော့ ရှိတယ်။ စစ်သားတွေပါ။ နမ့်ဖာလုံဈေးကတော့ မနက်က ပိတ်ထားတယ်။ ၁ဝ နာရီလောက်မှ ပြန်ဖွင့်တယ်။ မဲပေးခဲ့ရတဲ့အပေါ်တော့ ဘာခံစားချက်မှလည်း မရှိပါဘူး။ ထောက်ခံမဲပဲ ပေးလိုက်ပါတယ်။ ပေးပြီးသွားတော့ အေးသွားတာပါပဲဆိုပြီး ပေးခဲ့တာပါ”မဲမပေးသူ အမျိုးသား “နမ်ဖာလုံက လူနည်းစုဆိုတော့ ကြက်ဥကကို အစရှာမရသလိုပါဘဲ၊ ဘယ်သူတက်လာ၊ တက်လာ နမ်ဖာလုံဟာ နမ်ဖာလုံဘဲ ဖြစ်စေရမယ်ပေါ့။ နမ်ဖာလုံ ကျောင်းကြီးမှာ မဲသွားပေးရတာပါ၊ ပေးချင်တဲ့ သူတွေပေါ့၊ ကျနော်ကတော့ မဲသွားမပေးပါဘူး”
စည်းရုံးတလှည့် ခြိမ်းခြောက်တလှည့် ဗန်းမော်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၅း၃၀ - မြန်မာစံတော်ချိန်ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဟန်သေးကျေးရွာ အုပ်စုမှ ဖန်ကာကုန်းရွာတွင် ဆန္ဒမဲ ပေးခိုင်းရာ၌ ဒေသ အာဏာပိုင်များ ကိုယ်တိုင် ဆန္ဒမဲပေးသူများကို ထောက်ခံပေးရန် အနီးကပ် တိုက်တွန်းနေသလို၊ မီးသတ် တပ်ဖွဲ့ဝင်များကိုလည်း ထောက်ခံမဲသာ ပေးရန် ပြောဆိုထားကြောင်း အသက် ၂၈ နှစ်အရွယ်ရှိ အရန် မီးသတ် တပ်ဖွဲ့ဝင်က ပြောသည်။ “ဒီနေ့တော့ နေရာတိုင်းမှာ မဲပေးရတယ်။ သူတို့က မဲပေးသူတွေ အားလုံးကို အမှန်မဲပဲ ထည့်ရတယ်။ ပြီးတော့ သူတို့ အမှားခြစ်မယ် ဆိုရင်လည်း မဖြစ်နိုင်ဘူး။ မဲရုံမှာ စောင့်ကြည့်နေတဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် ခြိမ်းခြောက်ထားတော့ စိတ်ထဲမှာ အမှားခြစ်မယ် ဆိုရင်လည်း မဖြစ်နိုင်ဘူး။ ဥက္ကဋ္ဌကိုယ်တိုင် ကြိုပြီး အားလုံး အမှန်ခြစ်ရမယ်နော်၊ အမှန်ခြစ်မှ အန္တရာယ် မရှိဘူးတဲ့။ တခြား ရဲတို့၊ ကြံ့ဖွံ့တို့ လာစောင့်နေတာတော့ မရှိဘူး။ အရန် မီးသတ်အဖွဲ့တွေပဲ ရှိတယ်။ အထဲမှာလည်း အရန်မီးသတ်ပဲ ရှိတယ်။ ကျနော်တို့ ရပ်ကွက်ဆိုရင် လူ ၃ ထောင်လောက် ရှိတယ်။ တနေရာနဲ့တနေရာ မတူဘူး။ မြို့ထဲမှာဆိုရင် ၄ ၊ ၅ ထောင်လောက် ရှိတယ်။ဒီကျေးရွာက ဥက္ကဋ္ဌက ရွာသားအားလုံးကို “ကဲကဲ ဒီမှာ အမှန်ခြစ်နော်။ ဘာမှ ကြောက်နဲ့နော်” လို့ ပြောတယ်။ နောက်ပြီးတော့ မဲအခန်းကနေ ထွက်လာပြီ ဆိုတာနဲ့ သူတို့က မဲလက်မှတ်ကို ယူလိုက်တယ်။ ပြီးတော့ မဲပုံးကို သွားထည့်လိုက်တယ်။ လူတွေကလည်း ကြပ်လို့ နေမှာပေါ့။အရန်မီးသတ်နဲ့ ကြံ့ဖွံ့တွေက အစိုးရရဲ့ အဖွဲ့အစည်း ဖြစ်လို့ဆိုပြီး သူတို့က အမှား လုံးဝ မထည့်ရဘူးလို့ ကျနော်တို့ကို မီးသတ်ဦးစီး ကိုယ်တိုင် ပြောတယ်။ ပြီးခဲ့တဲ့ ရက်မှာ သူတို့ အားလုံးကို ခေါ်ပြီး ပြောတယ်။ အမှားခြစ်ရင် ထောင်ဒဏ် ၇ နှစ်ချမယ်၊ မှတ်ပုံတင်နဲ့ တိုက်ကြည့်ရင် ဘယ်သူ အမှား ထည့်တယ်ဆိုတာ သိတယ်ဆိုပြီး။ ရွာသားတွေက ကြောက်ကြတယ်လေ။ အားလုံးက အမှန်ပဲ ခြစ်ကြတယ်။ ကျနော်ကတော့ အရန်မီးသတ်က ဆိုတော့ အဲဒီ အရန်မီးသတ် ဝတ်စုံဝတ်ပြီး ကျနော့်စိတ်မှာ ရှိတဲ့အတိုင်း အမှားခြစ်ခဲ့တယ်”
တောင်ကုတ် ဆန္ဒမဲ အခြေအနေနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးသန်းဖေ ပြောကြားချက်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၄း၄၀ - မြန်မာစံတော်ချိန်“တောင်ကုတ်မှာ ကြိုတင်မဲပေးတဲ့ စနစ်က ထူးတယ်ဗျ၊ အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၁ ပတ်ကတည်းက ကောက်ပြီးသား။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရယက၊ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာ အားလုံးကို ထောက်ခံမဲ ပေးခိုင်းထားတယ်၊ ပြည်သူလူထုနဲ့ နအဖ အဖွဲ့လောက် စံထိုးလိုက်တဲ့အခါ ၃ ပုံ ၁ ပုံက နအဖအဖွဲ့၊ ပြည်သူလူထုက ၃ ပုံ ၂ ပုံလောက် ရှိတယ်”“မနက်ပိုင်း အခြေအနေက လူတွေက နားမလည်ဘူး၊ ကျနော်တို့က သိအောင်ပြောတယ်၊ ရှင်းပြတယ်၊ မြို့ပေါ်မှာ မဲရုံတိုင်းမှာ ၂ ယောက်စီ နေရာ ချထားတယ်”“ထောင့်ငါးရာ၊ နှစ်ထောင် မဲရုံတွေ ၁ဝ ရုံလောက်ရှိတယ်။ တောင်ကုတ်မြို့ပေါ်မှာ။”“ထောက်ခံတဲ့ လူတွေက မရှိသလောက်ပဲ။ တောင်ကုတ် ၁၆ ရက်ကွက်က မဲရုံ အမှတ် ၁ ရယ်၊ ၂ ရယ်က ကျနော် အခု ပြန်လာတယ်၊ ကန့်ကွက်မဲက ၉ဝ ရာခိုင်နှုန်းလောက် ရမယ်လို့ ခန့်မှန်းတယ်။”

No comments: