မြင့်မောင်
မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 19:31 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့တွင် နေထိုင်သည့် လေဘေးဒုက္ခသည် ၂ဝဝဝ ကျော်ကို ဒေသခံ လူငယ်များက ယနေ့ နံနက်ပိုင်းတွင် စတုဒိသာ ကျွေးမွေးခဲ့သည်။ စာသင်ကျောင်းများမှ ခုံများ၊ ပုဂံများ ဌားရမ်းကာ ရွှေပြည်သာကွေ့ တံတားကြီး မှတ်တိုင်အနီး လမ်းဘေးတွင် မဏ္ဍပ်ထိုးပြီး ယနေ့နံနက် ၅ နာရီခွဲမှ စတင်ကာ နာဂစ် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို နံနက်စာအဖြစ် ဒေသခံလူငယ် ၂ဝ ကျော်က ကြက်သား ဆန်ပြုတ် တိုက်ကျွေးခဲ့ခြင်း ဖြစ်သည်။ “အခြေအနေတွေက တော်တော်ကို ဆိုးတယ်။ မီးလောင်ပြင်က ပြောင်းလာတဲ့ လူတွေဆိုရင် အိမ်တွေ ပြိုကျပြီးတော့ ဒုက္ခ ရောက်နေတာတွေ ရှိတယ်။ အဲဒါတွေကို ကြည့်ပြီးတော့ လူငယ်တွေက အလှူဒါနလုပ်သင့်တယ်၊ အဲဒါတွေကို လိုက်ပြီးတော့ ထမင်းထုပ်တွေ ဝေပေးချင်တယ်။ ဒါပေမဲ့ သူတို့ဘက် (အာဏာပိုင်များ) က လိုက်တားတာတွေ ရှိတဲ့အတွက် အဲဒါတွေ လုပ်ဖို့ အဆင်မပြေဘူး။ အခုဟာကို စဉ်းစားပြီးတော့ အလှူ လုပ်လိုက်တာပါ” ဟု အကျိုးဆောင် လူငယ်အမျိုးသမီးက မဇ္ဈိမကို ရှင်းပြသည်။ ဆန်ပြုတ်အိုးကို နံနက် ၃ အိုး၊ ညနေ ၃ အိုး ကျွေးရန် စီစဉ်ခဲ့သော်လည်း တမနက်ထဲ၌ပင် ကုန်စင်သွားခဲ့သည်။ ၃၆ ပြည် ဝင်ဆန့်သည့် ဆန်တအိတ်ခွဲနှင့် အသားဈေး အပါအဝင် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၂ သိန်းခွဲခန့် ဒါနပြုခဲ့ကြခြင်း ဖြစ်သည်။ ယနေ့တွင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပနေသဖြင့် စတုဒိသာပွဲတွင် ဆူပူမှုများ ဖြစ်မည်ကို ဒေသ အာဏာပိုင်များက စိုးရိမ်သဖြင့် လာရောက် သတိပေးတာမျိုး ရှိခဲ့သော်လည်း အလှူဒါန ကျွေးမွေးပွဲသည် တစုံတရာ အနှောင့်အယှက်မရှိဘဲ နေ့လယ် ၁၂ နာရီခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ “ဒီဘက်က တာဝန်ယူတဲ့ လူငယ်တွေက အာဏာပိုင်တွေကို ကျမတို့ ကျွေးချင်လို့ စေတနာ သန့်သန့် လုပ်တာပါ၊ ကျမတို့ ထိန်းထိန်း သိမ်းသိမ်း လုပ်သွားမှာပါ၊ ဘာပြဿနာမှ မရှိစေရပါဘူး၊ ကျွေးပြီးတာနဲ့ အကုန်လုံး ပြန်သိမ်းသွားမှာပါလို့ ရှင်းပြပါတယ်။ သူတို့ဘက်က ရပ်ခိုင်းတာတွေတော့ မရှိပါဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ စတုဒိသာ ကျွေးမွေးနေစဉ် ဒေသတွင်းရှိ အလှူရှင်များက လတ်တလော လိုအပ်နေပြီ ဖြစ်သည့် ဝမ်းပိတ်ဆေး၊ အစာကြေဆေး အပါအဝင် ဆေးဝါးများ၊ ပတ်တီးလိပ်၊ ဂွမ်းလိပ်၊ သကြားလုံး၊ ယမ်ယမ် ခေါက်ဆွဲထုပ်များနှင့် အခြား အစားအသောက်များ၊ အဝတ်အထည် အဟောင်းများကို လူငယ်များမှတဆင့် ပေးကမ်းရန် လာရောက် လှူဒါန်းကြသည်။ လူငယ် အမျိုးသမီးက ဆက်ပြီး “ဒုက္ခရောက်နေတဲ့ ပြည်သူတွေက စတုဒိသာ လုပ်ရတဲ့ အပေါ်မှာ လာစားတဲ့အတွက် အားလုံးက ဝမ်းသာကျေနပ်မှုတွေ ရှိတယ်။ ထပ်ပြီးတော့ လုပ်လို့ ရမယ့်ဟာတွေကို လုပ်သွားဖို့ ကျမတို့ စဉ်းစားထားပါတယ်။ အဆင်မပြေတဲ့ နေရာတွေမှာ ဆက်လုပ်သွားဖို့ စဉ်းစားထားပါတယ်” ဟု ပြောသည်။
Sunday, May 11, 2008
လေဘေးဒုက္ခသည်တွေကို လူငယ်တွေက စတုဒိသာ ကျွေးမွေး
Posted by Ko Myint Maung at Sunday, May 11, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment