Monday, May 12, 2008

တရားမျှတမှုမရှိသည့် မဲဆန္ဒခံယူပွဲဟု အန်အယ်ဒီ ပြောကြား - စာ - ၂

မဇ္ဈိမသတင်းဌာန
ပဲခူးတိုင်း သာယာဝတီ သံဖြူကျေးရွာမှာ မဲရုံတွေမှာ ကျောင်းဆရာမတွေက အမှန်ခြစ်ပုံတွေကို ပြပြီးတော့ မဲလာထည့်တဲ့သူ အားလုံးကို အမှန် ခြစ်ခိုင်းတယ်'' ''ချောင်းသုံးခွအုပ်စု မဲရုံမှူး ကျောင်းအုပ်ဆရာ ဦးဝင်းရွှေနဲ့ ကော်မရှင် ရယက ဥက္ကဌဟောင်း ဦးလှစိုးတို့က မဲထည့်တဲ့သူတွေ ဒီကိုလာကြ မင်းတို့ မလုပ်တတ်ရင် ငါတို့ ပြမယ်။ ဟောဒီမှာ အမှန်ခြစ်၊ အမှန်ပဲ ခြစ်လို့ ပြောတယ်။ လူတွေက တွန့်ဆုတ်ဆုတ် ဖြစ်နေကြတော့ ဘောပင်တွေကို ဆွဲလုပြီးတော့ သူတို့ ကိုယ်တိုင်ပဲ အမှန်တွေ ခြစ်ပြီး မဲပုံးထဲ ထည့်လိုက်ကြတယ်'' ''ကျွန်းကုန်းကျေးရွာ အုပ်စု၊ ရယက ဥက္ကဌ ဦးဌေးကြိုင်က မဲရုံရှေ့ကနေပြီး မဲရုံကို လူတွေ လာလာ မလာလာ ငါ့သဘောနဲ့ငါ ထည့်တယ်ကွာ ဆိုပြီး လူတွေအားလုံးအတွက် ထောက်ခံမဲတွေ ထည့်ပြီး ၁၁ နာရီမှာ မဲရုံပိတ်ပြီး မဲပုံးကို ကော်မရှင်ကို အပ်လိုက်တယ်။ ဘယ်သူမှ မဲထပ်မထည့်ရတော့ဘူး'' ''စာကလေး ကျေးရွာအုပ်စု ရယက ဥက္ကဌ ဦးဝင်းမောင်က လယ်သမားတွေဆီကနေ ဘဏ်စာအုပ်တို့ မှတ်ပုံတင်တို့ကို စာရင်း ကောက်ကတည်းက သိမ်းထားတယ်။ ပြီးတော့ မဲထည့်တဲ့ နေ့ကျတော့ ထောက်ခံမဲ မထည့်ရင် ဘဏ်စာအုပ်ကိုလည်း သိမ်းမယ်။ လယ်မြေတွေကိုလည်း သိမ်းမယ်လို့ ပြောတယ်။ ထောက်ခံမဲ မထည့်ချင်ရင် မဲရုံကို မလာနဲ့။ လာရင်တော့ အမှန်ပဲ ထည့်ရမယ်လို့ ပြောတယ်'' ''ဘိုကလေးတောင် ကျေးရွာမှာ ရယက ဥက္ကဌနဲ့ ကြံ့ခိုင်ရေး စည်းရုံးရေးမှူး ကိုမြင့်ဌေးက မှတ်ပုံတင်တွေ ကြိုယူထားပြီးတော့ သူတို့ဘာသာပဲ မဲထည့်လိုက်ကြတယ်။ မဲရုံကို လာပြီးတော့ ကိုယ့်သဘောနဲ့ကိုယ် မဲထည့်ချင်တဲ့သူတွေကို မင်းတို့ သိပ်ထည့်ချင်လားလို့ မေးတယ်။ ထည့်ချင်ရင်ဆိုရင် ဆန္ဒပြုခန်းထဲအထိ လိုက်လာမယ်ဆိုပြီး လိုက်လာပြီးတော့ ထောက်ခံမဲ ထည့်ခိုင်းတယ်'' ''မြောက်ပန်းဈေး ကျေးရွာ မဲရုံမှူးအဖြစ်တာဝန်ယူတဲ့ ကျောင်းဆရာမ ဒေါ်ခင်မိုးက အဘိုးကြီး အဘွားကြီးတွေကို ထောက်ခံမဲ ထည့်ခိုင်းတယ်။ သူက အဲဒီ အဘိုးအဘွားတွေကို ဘာပြောလဲဆိုတော့ ထောက်ခံမဲ မထည့်ရင် မကောင်းဘူး။ အနာဂတ်က မသေချာဘူး။ လယ်မြေတွေလည်း အသိမ်းခံရမယ်။ ရွာကလည်း နှင်ထုတ်ခံရမယ်။ အဲဒီတော့ အဖိုးတို့ အဖွားတို့ အလုပ်ရှုပ်မခံနဲ့ ထောက်ခံမဲပဲ ထည့်လိုက်လို့ ပြောတယ်'' ''ပဲခူးတိုင်း က၀မြို့နယ် ကျောင်းတိုက်ကျေးရွာက မဲရုံတွေနဲ့ မဲရုံးမှူးတွေ ရှေ့မှာ အမှန်ထည့်ဖို့ ပိုစတာတွေ ကပ်ထားတယ်။ ကော်မရှင်က လူတွေကလည်း အမှန်ထည့်ဖို့ ပြောတယ်။ က၀မြို့နယ် တမြို့နယ်လုံး အဲဒီအတိုင်းပဲ''…………… ''ဧရာဝတီတိုင်း ကျုံပျော်ကျေးရွာမှာ ထောက်ခံမဲ မထည့်တဲ့သူတွေကို ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်းပေးရမယ်လို့ အသံချဲ့စက်နဲ့ လိုက်ကြေညာတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်မင်းထွဋ်က သတင်းပို့တယ်'' ''ပန်းတနော်မှာတော့ အဲဒီလို အသံချဲ့စက်နဲ့ လိုက်ကြေညာတာ မရှိပေမဲ့ အဲလိုမျိုး လိုက်ပြောတာတွေ ကြားရတယ်။ မြို့မ အရှေ့ရပ်ကွက်၊ တောချောင်း၊ သိမ်ကုန်းကျေးရွာတို့မှာ ရယကတွေက ကြိုတင်မဲထည့်ခိုင်းပြီး ထောက်ခံမဲ ရအောင် လုပ်သွားတယ်''…………… ''ကချင်ပြည်နယ် မိုးညှင်းမြို့မှာတော့ ကြိုတင်မဲတွေ အားလုံးကတော့ ထောက်ခံမဲတွေ ဖြစ်ပြီး ဒီနေ့ သွားပေးတဲ့သူတွေကတော့ အကုန်လုံး ကြက်ခြေခတ်ခဲ့တယ်လို့ သိရတယ်။ မိုးကောင်း မြစ်ကြီးနားလည်း ဒီအတိုင်းပဲ''…………… ''အခု ကျနော်တို့ နောက်ဆုံးရတဲ့ မဲစာရင်းက ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် စာတိုက်ရပ်ကွက် - ထောက်ခံမဲ ၉၀၇ကန့်ကွက်မဲ ၁၄၇ပယ်မဲ ၇ကြိုတင်မဲ ၄၀၀ ပေးထားတယ် ''မဲပေးခွင့်ရှိသူ သဘောအတိုင်းပေးရတာက ၁၄၄၁ မဲ၊ မဲကို ကိုယ်စားပြုမဲတွေ ထည့်တာလည်းရှိတယ်။ ကြိုတင်မဲကို အိမ်ပေါက်စေ့ ယူထားတယ်။ ကြိုတင်မဲပေးတော့ စာအိတ်လုံးဝ မပေးဘဲ မဲကိုလည်း အမှန်ခြစ်ပြီးသားမဲကို လာပေးတာ။ မကျေနပ်တဲ့သူတွေက ဒီလိုတော့ မရဘူး စာရွက် အလွတ်ကို ပေးလို့ ပြောပြီး ထည့်ကြလို့ ကန့်ကွက်မဲက ဒီလောက်ရတာ''…………… ''မြင်းခြံ သက်ကြီးတန်းမဲရုံ အမှတ် ၈ ရပ်ကွက် ရယက ဥက္ကဌ ဦးတင်ရွှေ ထောက်ခံမဲ အတင်းအကြပ် ပေးခိုင်းတယ်။ နားမလည်တဲ့ သူတွေကို ထောက်ခံမဲသာ ပေးခိုင်းတယ်။ ကြံ့ဖွံ့၊ မီးသတ်၊ စွမ်းအားရှင်တွေ မဲရုံနားမှာ စောင့်နေတယ်။ အထကမှာ ရှိတဲ့ မဲရုံမှာလည်း ဆရာမတွေက ထောက်ခံမဲသာ ပေးခိုင်းတယ်။ ထောက်ပံ့ဝင်း မဲရုံမှာလည်း အဓမ္မ ထောက်ခံမဲ ပေးခိုင်းတာတွေ ရှိတယ်'' ''မင်းလှမြို့ အမှတ် ၄ ရပ်ကွက်မဲရုံမှာ စုစုပေါင်း မဲပေးနိုင်တဲ့ လူပေါင်းက ၄၁၂ ယောက်၊ အဲဒီတော့ ကန့်ကွက်မဲ ၃၇ မဲ၊ ထောက်ခံမဲ ၁၃မဲ၊ ပယ်မဲက ၁ မဲ။ အဲဒီလို ရေနေရင်းနဲ့ ကန့်ကွက်မဲက များနေတော့ ရေနေတာကို ရပ်လိုက်ပြီးတော့ အနားက စောင့်ကြည့်နေတဲ့ လူတွေကို ရပြီရပြီ သွားတော့ဆိုပြီး ပြောတယ်။ မသွားဘူးလို့ ပြန်ပြောတော့ ဆက်မရေတော့ဘဲ ရပ်လိုက်တယ်။ အတင်းအကြပ် ပြန်ခိုင်းလို့ ပြန်ခဲ့ရလို့ စောင့်ကြည့်တဲ့ အဖွဲ့က ၁၀ ယောက်က ပြန်ခဲ့ရတယ်။ ……………''မြောက်ဥက္ကလာက အဖွဲ့ဝင်လူငယ် နှစ်ယောက်က လှည်းကူးမြို့နယ်မှာ မှတ်တမ်းယူဖို့ သွားကြတယ်။ ရောက်သွားတော့ မြို့ပေါ်မှာကတော့ အခြေအနေက သိပ်ထူးတာ မတွေ့ရဘူး။ မဲထည့်တဲ့ သူတွေကလည်း အရမ်းနည်းနေတယ်။ ဒါနဲ့ ရွာဘက်ကို ဆင်းတယ်။ ငါးဆူတောင်ရွာကို ရောက်တော့ ရယက ကနေ အတင်းလက်ဆွဲပြီး အမှန် ခြစ်ခိုင်းနေတာတွေ တွေ့တော့ အဲဒါကို သူတို့က မှတ်တမ်းယူတယ်။ အဲဒါကို မှတ်တမ်းယူလို့ ဆိုပြီး ရယကနဲ့ ကြံ့ခိုင်ရေးက သူတို့ကို ဖမ်းပြီး ငါးဆူတောင် ရယကရုံးကို ခေါ်သွားတယ်။ ဘယ်ကလဲမေးတော့ NLD ကပါလို့ ပြောတယ်။ မင်းတို့ကို NLD က လွှတ်တာလားလို့ မေးတော့ သူတို့က အဖွဲ့အစည်း လွတ်အောင်ဆိုပြီး မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် လာတာပါလို့ ပြောလိုက်တယ်။ မင်းတို့ ဒီလိုလုပ်လို့ မရဘူး။ မင်းတို့ကို အရေးယူလို့ ရတယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ ကင်မရာထဲက သူတို့ ရိုက်ထားတဲ့ ပုံတွေကို ဖျက်ပစ်လိုက်တယ်။ သူတို့ ည ၉ နာရီလောက်မှ ပြန်ရောက်ကြတယ်''

No comments: