Tuesday, May 20, 2008

နာဂစ် ဗီစီဒီများ မြန်မာပြည်တွင်း လူကြိုက်များ

မြင့်မောင်
မဇ္ဈိမသတင်းဌာန
အိန္ဒိယ။ ။ နာဂစ်မုန်တိုင်းဒဏ် အလူးအလဲခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေးမြို့နယ်အတွင်းက အဖြစ်အပျက်များကို ဗီဒီယိုမှတ်တမ်းတင်ကာ စီဒီခွေများတွင် ထည့်သွင်း၍ ရန်ကုန်မြို့တွင် ရောင်းချနေရာ အရောင်းတွင်ကျယ်လျှက် ရှိသည်။
ကျိုးပဲ့ပျက်စီးနေသော အဆောက်အဦးများ၊ လူနှင့်တိရစ္ဆာန် ရုပ်အလောင်း များ၊ ရေဖုံးလွှမ်းနေသည့် လယ်ယာကွင်းပြင်များ အစရှိသည့် အနိဋ္ဌာရုံများနှင့် လေဘေးဒုက္ခသည်များကို တွေ့ဆုံမေးမြန်းချက်များ ပါဝင်ကာ စီဒီ ၃ ချပ်လျှင် ကျပ် ၁၅ဝဝ ဖြင့် လမ်းဆုံမီးပွိုင့်များနှင့် နေရာအချို့တွင် လွန်ခဲ့သည့် တပတ်မှစတင်ကာ လူသိထင်ရှား ရောင်းချနေခြင်း ဖြစ်သည်။
ရန်ကုန်ရှိ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အရက်ဆိုင်များတွင် နာဂစ်ဗီဒီယိုခွေဖွင့်ပြခြင်းများကို ရန်ကုန်တွင် နေရာအနှံ့ တွေ့ရ သည်။
"လူသေအလောင်းတွေက ဟိုနေရာတလောင်း၊ ဒီနေရာတလောင်းစီ ဖြစ်နေတယ်။ တချို့နေရာတွေမှာ အလောင်းတွေက ထပ်နေတယ်။ အုတ်ပုံတွေ၊ တိုက်ပျက်တွေအောက်မှာ အလောင်းတွေက ကြည့်ချင်စရာ မရှိဘူး။ ခေါင်းတွေပြားနေတဲ့ ပုံတွေ၊ မိသားစုလိုက် ကြိုးချီပြီး သေဆုံးနေတာတွေ၊ အလောင်းတွေ ရေထဲမှာမျောပါနေတာတွေ၊ ကိုင်းပင်တွေကြားမှာ ခေါင်းစိုက်နေပြီး ဆွဲမိဆွဲရာ ဆွဲပြီး သေဆုံးနေတာတွေ ပါတယ်" ဟု ကိုယ်တိုင် ဝယ်ယူကြည့်ရှုရသူ ရန်ကုန်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ပြိုလဲပျက်စီးနေသည့် နေအိမ်နှင့် အဆောက်အဦများ၊ သစ်ပင်များ၊ အပျက်အစီးများအကြား ပိညပ်သေဆုံး မှုများအပြင် လေဘေးဒုက္ခသည်များ၏ ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရသည့် နေထိုင် စားသောက်ရေး အခက်အခဲကြီးမားပုံများကို ရိုက်ကူးဖော်ပြထားချက်များလည်း ပါဝင်ကြသည်။
"အသက်ရှင်လျက်နဲ့ ကျန်နေတဲ့ သူတွေဆိုရင်လည်း အရာရာကို ကြောက်လန့်နေသလို ခံစားနေရတဲ့ သဘောရှိတယ်။ တချို့ဆိုရင် သွေးပျက်နေတဲ့ သဘောတွေ တွေ့ရတယ်။ တချို့က သားပျောက်ကို ရှာနေကြတယ်။ ဒုက္ခသည်တွေထားတဲ့ နေရာတွေမှာ အစားအသောက် မပြည့်စုံဆုံးဆိုတော့ လှူဒါန်းတဲ့ သူတွေလာရင် ကလေးတွေ ဝိုင်းအုံလိုက်တာတွေပါ တွေ့ရတယ်" ဟု ရန်ကုန်ဒေသခံက ဆက်ပြောသည်။
နအဖ စစ်အစိုးရ၏ ရုပ်မြင်သံကြား သတင်းဌာနဖြစ်သည့် MRTV က အဆိုပါဖြစ်ရပ်များကို တင်ပြခြင်းမရှိဘဲ မြန်မာစစ်တပ်က ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများ သယ်ယူနေပုံများနှင့်အတူ ပျက်စီးဆုံးရှုံးမှု နဲပါးသည့်နေရာများကို ရိုက်ကူးကာ အသားပေးတင်ပြခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။ "မုန်တိုင်းနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေ ပါတယ်။ လက်တွေ့ခံစားနေရတဲ့ ဒုက္ခသည်တွေရဲ့ တွေ့ဆုံမေးမြန်းချက်တွေလည်း ပါတယ်" ဟု အခြား ရန်ကုန်ဒေသခံက ပြောသည်။
သူက ဆက်ပြီး "လူတွေကတော့ အထူးအဆန်းဆိုတော့ ကြည့်ချင်မြင်ချင်ကြတာပေါ့။ ခွေထဲမှာပါတဲ့ဟာက အလောင်းကြီးတွေ မျောနေတဲ့ဟာတွေ၊ ကျွဲသေ၊ နွားသေ၊ ဆိတ်တွေ အကုန်၊ လူသေတွေ မျောနေတဲ့ဟာတွေ၊ အိမ်အပြိုအပျက်တွေ၊ ကလေးတွေသေတာကို၊ အနိဋ္ဌာရုံတွေကို လူတွေက မှတ်တမ်းအဖြစ်နဲ့ ဝယ်ထားတဲ့ သဘောမျိုးပေါ့။ သိမ်းထားတဲ့ သဘောမျိုးပေါ့" ဟု ပြောသည်။

No comments: