Wednesday, April 30, 2008

စစ်အစိုးရက ချင်းပြည်နယ်တွင် ထောက်ခံမဲထည့်ရန် လှည့်စားမှုများလုပ်

မြင့်မောင်။ မွန်ပီး
မဇ္ဈိမသတင်းဌာန
Saturday, 26 April 2008 15:19 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မေလ (၁ဝ) ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲရရေးအတွက် စစ်အစိုးရ အာဏာပိုင်များက ဒေသခံပြည်သူများအား လိမ်လည်လှည့်စားမှုများ လုပ်ဆောင်လျက် ရှိသည်။
မြန်မာနိုင်ငံ အနောက်မြောက် ချင်းပြည်နယ်တွင် အာဏာပိုင်များက “တိုင်းပြည်မှာ ဒီမိုကရေစီ လိုချင်ရင်” ထောက်ခံမဲ ပေးကြပါဟု ပြောဆို တိုက်တွန်းနေခြင်း ဖြစ်သည်။
ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးချုပ် ဟွန်ငိုင်း ခေါင်းဆောင်သည့် အာဏာပိုင်များသည် ချင်းပြည်နယ်အတွင်း လှည့်လည်၍ ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ထောက်ခံမဲ ပေးခြင်းသည်သာ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်မှုကို အဆုံးသတ်ရန်နှင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် တခုတည်းသော နည်းလမ်းဖြစ်ကြောင်း လိုက်လံ ရှင်းလင်းပြောကြားလျက် ရှိသည်ဟု သိရသည်။
“နားမလည်ပေမဲ့ ချင်းလူထု အများစုက စစ်တပ်ကို ဆန့်ကျင်ကြတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံမူကြမ်းကို ကန့်ကွက်မဲဘဲ ပေးကြမှာ သေချာတယ်။ ဒါကြောင့် အာဏာပိုင်တွေက ကင်ပိန်းကြွေးကြော်သံကို အခုလို အပြောင်းအလဲလုပ်ပြီး လှည့်စားနေတာ ဖြစ်နိုင်ပါတယ်” ဟု ချင်းပြည်နယ်သတင်းများကို အဓိကထား တင်ဆက်နေသည့် ခေါ်နုသုမ် (Khaonumthung) သတင်းဌာန၏ အယ်ဒီတာ ဦးမျိုးမင်းအောင် က ပြောကြားလိုက်ပါသည်။
အာဏာပိုင်များသည် ချင်းပြည်နယ်အတွင်း ကျေးရွာများ၊ မြို့များတွင် မဲဆန္ဒပေးမှု သရုပ်ပြပွဲများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။ ထိုသရုပ်ပြပွဲများတွင် မဲပြားတွင် အမှန်ခြစ် ခြစ်ရန် သို့မဟုတ် ထောက်ခံဟု ရေးသားရန်၊ ဤနည်းသည်သာ မှန်ကန်သော မဲဆန္ဒပေးမှု ဖြစ်သည်ဟု ဒေသခံ လူထုကို ပြောဆို လိမ်လည်လျက် ရှိသည်ဟု သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။
ဤသို့ စစ်အစိုးရက အကြီးအကျယ် ကြိုးပန်းလျက် ရှိသော်လည်း ဧပြီလ ၁ဝ ရက်နေ့က ပြုလုပ်သည့် အစမ်းလေ့ကျင့် သရုပ်ပြပွဲတွင် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သား အများအပြားက ကန့်ကွက်မဲ ထည့်ခဲ့ကြသည်ဟု ဟားခါးမြို့ခံ တဦးက ပြောဆိုသွားပါသည်။
ဗိုလ်မှူးချုပ် ဟွန်းငိုင်း ခေါင်းဆောင်သည့် အာဏာပိုင်များက လူ ၁၅ဝ ကိုဖိတ်ခေါ်ကာ ဤအစမ်း လေ့ကျင့် သရုပ်ပြပွဲကို ဧပြီလ (၁ဝ) ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ဒေသခံ မြို့နယ် အာဏာပိုင်တယောက်က ကျနော့်ကို ပြန်ပြောပြတာ၊ သူက မဲရေတဲ့ထဲမှာ ပါတာလေ၊ သူတို့မဲတွေ ရေလိုက်တော့ ကန့်ကွက်မဲက ထောက်ခံမဲထက် များနေတယ်တဲ့” ဟု ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပူးဗန်းလျန် က ပြောကြားသွားပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ ဖြစ်သည်။
ဤအဖြစ်အပျက် ဖြစ်ပွါးပြီးနောက် ဗိုလ်မှူးချုပ် ဟွန်ငိုင်းကိုယ်တိုင် ခေါင်းဆောင်သည့် အာဏာပိုင်များက ဤသို့ မတူပီ၊ မင်းဒပ် နှင့် ကန်ပက်လက် မြို့နယ်များ အပါအဝင် တောင်ပိုင်း ချင်းပြည်နယ် ဒေသများသို့ လှည့်လည်ကာ ထောက်ခံမဲ ကင်ပိန်းများ လှည့်လည် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပူးဗန်းလျန် က ဖြည့်စွက် ပြောကြားသွားပါသည်။

No comments: