Wednesday, April 2, 2008

လက်နက်များနှင့် ဖမ်းမိသူသည် မကဒတ တပ်ဖွဲ့ဝင် မဟုတ်ဟု ငြင်းဆို

သန်းထိုက်ဦး
Thursday, 27 March 2008 16:39 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ နေအိမ်အတွင်း လက်နက်များ တွေ့ရှိသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ၏ တပ်သားဟောင်းတဦး မဟုတ်ကြောင်း မကဒတ က ယနေ့ ငြင်းဆိုလိုက်သည်။
ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဒေသခံ ရဲ ၊ ရယတ၊ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) အဖွဲ့ဝင် ၃ဝ ခန့်က လာရောက် ဖမ်းဆီးသွားသော ပဲခူးတိုင်း ပြည်မြို့နယ် ခရမ်းကုန်းရပ်ကွက်မှ ကိုအေးထွန်းဇော်နှင့် ပတ်သက်သော ကောလာဟလများအပေါ် မကဒတ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်းက ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
"ကျနော်တို့ အဖွဲ့အစည်းမှာ မှတ်တမ်း စာရင်းဇယားတွေ ရှိတယ်လေ။ တပ်ဖွဲ့ဝင်ဆိုရင် တပ်ဖွဲ့ဝင် မှတ်တမ်းရှိတာပေါ့။ ကျနော်တို့ မှတ်တမ်းဝင်ထဲမှာ ဆိုလို့ အဖွဲ့အစည်းအနေနဲ့ အေးထွန်းဇော်ဆိုတာ တခါမှ မရှိခဲ့ပါဘူး။ အရင်ကလည်း မရှိခဲ့ဖူးပါဘူး" ဟု သူက ပြောသည်။
ယခုလ ၂၅ ရက်နေ့က ကိုအေးထွန်းဇော် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကြားသိသမျှကို အမည်မဖော်လိုသူ ဒေသခံတဦးက "မိသားစုဝင် အားလုံး ဖမ်းသွားတယ်။ အိမ်ကိုလည်း ချိတ်ပိတ်ထားတယ်။ စဖမ်းတဲ့နေ့က တနေ့လုံး စစ်ဆေးတယ်။ နောက်တနေ့လည်း ပြန်ရောက်လာပြီးတော့ စစ်ဆေးနေသေးတယ်။ စစ်ဆေးပြီးတော့ လမ်းထောင့်မှာလည်း လုံခြုံရေးရဲတွေ ချထားတယ်" ဟု ပြောသည်။
သူက "ယမ်းပျော့တွေကတော့ လတ်လတ်ဆတ်ဆတ် မဟုတ်ဘူးလို့ ကြားတာပဲ။ ဘာ့လို့လဲ ဆိုတော့ သူတို့ ဖမ်းမိတဲ့ အခါကျတော့ ထုပ်ထားတဲ့ အဝတ်တွေ ဘာတွေတောင် မြေကြီးထဲမှာ မြှုပ်ထားတာလေ။ ထုပ်ထားတဲ့ အထုပ်တွေတောင်မှ တော်တော်လေး ဆွေးနေပြီလို့ ကြားတယ်။ ဘယ်လိုကနေ မိသွားပြီးတော့ ဘယ်လိုလုပ် ဟိုဟာ ဖြစ်သွားသလဲတော့ ကျနော်တို့ မသိဘူးပေါ့" ဟု ပြောသည်။
ယင်းဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်ရာတွင် တာဝန်ကျ ရဲတဦးက အမှုကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆိုသည်။
အဖမ်းခံနေရသူ ကိုအေးထွန်းဇော်သည် မကဒတ ၏ တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်း ဖြစ်ကြောင်း သတင်းဌာနအချို့က ပြောဆိုကြသော်လည်း မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

No comments: