Wednesday, November 21, 2007

Wednesday, November 14, 2007

မစ္စတာပီညဲရိုး ရောက်ရှိစဉ် ရန်ကုန်တွင် စစ်သားများ ရှင်းလင်းနေ

မုံပီး
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပေါ်လိုဆာဂျီယို ပီညဲရိုး ရန်ကုန်မြို့သို့ ရောက်ရှိရန် တရက်အလိုတွင် မြို့တွင်း၌ စစ်သားများ သိသာစွာ ကင်းရှင်းနေသည်ဟု ဒေသခံများက ပြောဆိုခဲ့သည်။ ရန်ကုန်မြို့တွင် စစ်သားများ မရှိစေရန်အတွက် နအဖ စစ်အစိုးရက သတိပေးထားကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောဆိုသည်။
မစ္စတာ ပီညဲရိုးက ရန်ကုန်သို့ တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ပြီး၊ စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်နိုင်ရန် အတွက် မျှော်လင့်နေသည်။ တနင်္လာနေ့က ဆန္ဒပြသူများကို ဖြိုခွင်း နှိမ်နင်းမှုများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရန်အတွက် အင်းစိန်ထောင်၊ ဘုန်းကြီးကျောင်း နှစ်ကျောင်းသို့ သွားရောက်ခဲ့ပြီး၊ အစိုးရ ရုံးဝန်ထမ်း အချို့နှင့်လည်း တွေ့ဆုံခဲ့သည်။
သူ ရောက်ရှိနေစဉ်အတွင်း ပုံမှန် အနေအထားအတိုင်း တည်ရှိနေသည့် ရန်ကုန်မြို့ အခြေအနေကို ပြသရန်အတွက် မြို့တွင်းထဲ၌ လုံခြုံရေးများကို ရှင်းလင်းစွာ ထားရှိရန်အတွက် အာဏာပိုင်များက အမိန့်ပေးထားသည်ဟု အမည်မဖော်လိုသူ စစ်တပ်နှင့် နီးစပ်သည့် သတင်းအရ သိရသည်။
ကုလကိုယ်စားလှယ် ရောက်ရှိမလာခင် တနင်္ဂနွေနေ့ နံနက်ပိုင်းက စစ်သားများကို တင်ဆောင်ထားသည့် ကုန်တင်ကား အစင်း ၂ဝ ခန့် မြို့တွင်းမှ ထွက်ခွာသွားသည်ကို တွေ့ရှိခဲ့သည်ဟု သူက ဆိုသည်။
“အဲဒီ ကုန်တင်ကားတွေ ပဲခူးကိုကျော်ပြီး ထွက်သွားတာ။ နေပြည်တော်ကို မောင်းသွားတာ ဖြစ်မယ်လို့ ကျနော် ထင်တယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံအတွင်း၌ စက်တင်ဘာလက ဖြစ်ပျက်ခဲ့သည့် ဆန္ဒပြမှုများကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ သောကြောင့် ယင်းကိစ္စကို စုံစမ်း စစ်ဆေးရန်အတွက် နိုင်ငံအတွင်းသို့ တနင်္ဂနွေနေ့က မစ္စတာ ပီညဲရိုး ရောက်ရှိလာခြင်း ဖြစ်သည်။ သူနှင့်အတူ ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဗိုလ်မှူး လှစိုး (အငြိမ်းစား) လည်း လိုက်ပါနေသည်ဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။
စစ်အစိုးရက မစ္စတာ ပီညဲရိုးရောက်ရှိနေစဉ် သူ့ကို အရပ်သား ဝန်ထမ်း အရာရှိများနှင့်သာ လက်ခံတွေ့ဆုံစေခဲ့ပြီး၊ ရန်ကုန်တိုင်းမှူး အပါအဝင် အခြားသော စစ်အရာရှိကြီးများကို အဆင့်နိမ့် အရာရှိကဲ့သို့ နောက်ကွယ်တွင် ထားရှိခဲ့သည်ဟု သိရသည်။
“ကုလသမဂ္ဂ ကိုယ်စားလှယ် ရောက်နေတဲ့အချိန်မှာ စစ်တပ် အရာရှိ အားလုံးကို နောက်ကွယ်မှာ ထားတယ်။ ပီညဲရိုး ရောက်နေချိန်မှာ ဆန္ဒပြတာတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု သူက ထပ်ပြောသည်။
သို့သော်လည်း ကုလကိုယ်စားလှယ်နှင့်အတူ အရပ်ဝတ် ဝတ်ဆင်ထားသည့် ရဲများနှင့် စွမ်းအားရှင်များ၊ ကြံ့ဖွတ်များနှင့် မြို့နယ် ဥက္ကဌများက နီးကပ်စွာ စောင့်ကြည့်နေကြသည်ကို တွေ့ရှိရကြောင်း ပြောသည်။
တနင်္လာနေ့က နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း သူ၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် အဓိပ္ပာယ် ပြည့်ဝသည့် တွေ့ဆုံ ဆွေးနွေးပွဲကို အချိန်ဇယားနှင့် တကွ ရယူနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်ကို ဖော်ပြခဲ့သည်။
မစ္စတာ ဘန်ကီမွန်းသည် မစ္စတာ ဂမ်ဘာရီမှ တယ်လီဖုန်းဖြင့် အကြမ်းအားဖြင့် ရှင်းလင်း ပြောဆိုခဲ့ပြီးနောက် တနင်္လာနေ့တွင် ကျေညာချက် ထုတ်ပြန်ခဲ့သည်။
မစ္စတာ ဂမ်ဘာရီသည် စက်တင်ဘာလအတွင်းက ရန်ကုန်တွင် ဆန္ဒပြသူများကို နှိမ်နင်းခံရပြီးနောက် မြန်မာပြည်သို့ နှစ်ကြိမ်တိုင် လာရောက် လည်ပတ်ခဲ့ပြီး ဖြစ်သည်။ သူသည် အရှေ့တောင် အာရှနိုင်ငံများသို့ နောက်ဆုံး ခရီးစဉ်အဖြစ် သွားရောက်သည့် အစီအစဉ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ အင်္ဂါနေ့က အကြမ်းအားဖြင့် ပြောပြခဲ့သည်ဟု လုံခြုံရေး ကောင်စီ အစီရင်ခံစာ အဆိုအရ သိရသည်။
“မြန်မာနိုင်ငံနှင့် လက်ရှိ အာဆီယံ ဥက္ကဌ စင်္ကင်္ာပူတို့ ပါဝင်မယ့် အပြန်အလှန် ငြင်းခုံမယ့် အစည်းအဝေး ဖြစ်တယ်၊ အဲဒီနောက်မှာ တံခါပိတ် ဆွေးနွေးပွဲ ပြုလုပ်မည်” ဟု လုံခြုံရေးကောင်စီက ဆိုသည်။
“တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ပြီးသည့်နောက်တွင် ဥက္ကဌ ကြေညာချက် ထုတ်ပြန်ကောင်း ထုတ်ပြန်မည်” ဟု အစီရင်ခံစာက ဆက်ဆိုသည်။
နိုဝင်ဘာလ ၃ ရက်မှ ၈ ရက်နေ့အထိ ကြာမြင့်သည့် မြန်မာပြည် နောက်ဆုံး ခရီးစဉ်တွင် အထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။ ဤသည်မှာ လွန်ခဲ့သည့် ၃ နှစ်ကျော်ကတည်းက ပထမအကြိမ် ရရှိခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သလို၊ အစိုးရ၏ ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကြည်ကို နှစ်ကြိမ်မြောက် တွေ့ဆုံပြီးနောက် သူမသည် တွေ့ဆုံ ဆွေးနွေးရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့သည်။


ဆရာတော် ဦးဂန္ဘီရ အဖမ်းခံရ

မုံပီး
စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ထင်ရှားသည့် ဆရာတော် ဦးဂန္ဘီရသည် တိမ်းရှောင် ပုန်းအောင်းနေရာမှ ယခုအခါ အာဏာပိုင်များက ရန်ကုန်မြို့တွင် ဖမ်းဆီးရမိသွားပြီ ဖြစ်သည်။
အာဏာပိုင်များမှ အပူတပြင်း လိုက်လံ ရှာဖွေခံနေရသူ ဦးဂန္ဘီရသည် စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုကြီးတွင် ထောင်ပေါင်းများစွာသော သံဃာတော်များ လမ်းပေါ်တက် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ပြီး သူ့ကို ဆန္ဒပြပွဲများကို ကြိုးကိုင်ခဲ့သူအဖြစ် စွပ်စွဲခဲ့သည်။ သြဂုတ်လလယ်တွင် လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လူထုတောင်းဆိုပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။
ပြေးလွှား ရှောင်တိမ်းနေရသော်လည်း ဆရာတော်သည် မကြာသေးခင်က ဆန္ဒပြပွဲနှင့် နောက်ဆက်တွဲ နအဖ စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းမှုများ အကြောင်းကို ကမ္ဘာတလွှားသို့ ပြောကြားသည့် အနေဖြင့် ဆောင်းပါးတစောင် ရေးသားကာ ဝါရှင်တန်ပို့စ် သတင်းစာသို့ ပေးပို့ခဲ့သေးသည်။
ဝါရှင်တန်ပို့တွင် သူ့ဆောင်းပါး ဖော်ပြခံရသည့် နိုဝင်ဘာလ ၄ ရက်နေ့မှာပင် သူသည် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု သတင်းရပ်ကွက် တခုက ဆိုသည်။
ဆရာတော်သို့ တယ်လီဖုန်းဖြင့် စကားပြောခဲ့သူ သတင်းရပ်ကွက်က “ဆရာတော်က ခပ်တိုတိုပဲ ပြန်ဖြေတယ်။ သူ အဖမ်းခံလိုက်ရပြီတဲ့။ အခု ထိန်းသိမ်း ခံထားရတယ်တဲ့။ အဲဒါလည်း ပြီးရော လိုင်းက ပြတ်သွားတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အတည်ပြုရန် ခက်ခဲနေသော်လည်း ပြည်ပရှိ အတိုက်အခံ အချို့က ဆရာတော်၏ ဆောင်းပါးမှတဆင့် သူ ပုန်းခို သီတင်းသုံးနေသည့် နေရာ သဲလွန်စကို စစ်အစိုးရမှ ရရှိနိုင်ဖွယ် ရှိကြောင်း ပြောသည်။
ရန်ကုန်မြို့တွင် ထင်ရှားသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနှင့် အခြား အမျိုးသားနှစ်ဦး ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည် ဟူသော ကောလာဟလ သတင်းများ ပေါ်ထွက်နေသော်လည်း အခြားသတင်း ရပ်ကွက်အဆိုအရ မစုစုနွေးသည် ဖမ်းဆီးခံရသူများထဲတွင် ပါဝင်ခြင်း မရှိဟု ဆိုသည်။
သတင်း အချက်အလက်များကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသော်လည်း စစ်အစိုးရမှ အသဲအသန် လိုက်လံ ရှာဖွေကာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ပုန်းခိုနေသည့် တက်ကြွ လှုပ်ရှားသူများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ တိုးပွားနေသည်။
ဦးဂန္ဘီရ အဖမ်းဆီးခံရခြင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို အစိုးရမှ ဖမ်းဆီးသည် ဟူသော သတင်း အချက်အလက်များသည် မြန်မာ စစ်အစိုးရမှ ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ်ကို ပြည်ဝင်ခွင့် ပေးလိုက်ခြင်းကြောင့် မြန်မာနိုင်ငံအပေါ် အကောင်းမြင်လာသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
မစ္စတာ ပီညဲရိုးသည် ယခုအခါ မြန်မာပြည်တွင် ရောက်ရှိနေကာ ထိန်းသိမ်းရေး စခန်းများနှင့် အခြား နေရာများကို သွားရောက် လည်ပတ်နေသော်လည်း ယခုအချိန်အထိ ဖမ်းဆီးမှုများ၊ သူ၏ ရှာဖွေ တွေ့ရှိချက်များကို ထုတ်ပြန်ခြင်း မရှိသေးပါ။

မစုစုနွေး အဖမ်းခံရသည့်သတင်းများ ပေါ်ထွက်နေ

မဇ္ဈိမသတင်းဌာန

မတရားမှုကို ဖော်ထုတ်တိုက်ပွဲဝင်သူ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် မစုစုနွေးနှင့် လူငယ် ၂ ဦးတို့ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်အနီး အစိုးရ ဆန့်ကျင်ရေး ပိုစတာကပ်ရန် သွားရောက်စဉ် အာဏာပိုင်များက ဖမ်းဆီးသွားသည် ဟူသည့် သတင်းများ ပေါ်ထွက်နေသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ မစုစုနွေး၏ မိခင်ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆက်သွယ် မေးမြန်းရာတွင် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်တို့လည်း အဲလို ကြားပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ အတည်ပြုလို့ မရနိုင်ပါဘူး။ ဘယ်သူဘယ်ဝါ အဖမ်းခံရတယ် ဆိုတာလည်း မသိရသေးပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
ရန်ကုန်ရှိ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးကမူ မစုစုနွေးသည် ဖမ်းဆီးမခံရဘဲ ထွက်ပြေး လွတ်မြောက်သွားပြီး အတူပါရှိသူ ကျောင်းသား ၂ ဦးသာ အဖမ်းခံရခြင်း ဖြစ်သည်ဟု ကြားသိရကြောင်းနှင့် အဖမ်းအဆီးသည် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ယခုလို ပြောသည်။
“ကျနော် ကြားတာကတော့ မနေ့က ညနေစောင်းမှာ မြရိပ်ညို ဟိုတယ်နား စာသွားကပ်တာ ကျောင်းသားလေး ၂ ယောက် ဖမ်းခံရတယ်လို့ ကြားတယ်။ ဘာစာလည်း ဆိုတာလည်း ကျနော်တို့က ကြားတာပဲဆိုတော့ မသိရပါဘူး။ မစုစုနွေးကတော့ လွတ်သွားတယ်လို့ ပြောတယ်” ဟု ဦးမြင့်အေးက ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းဌာန၏ သတင်းတပုဒ်တွင်မူ မစုစုနွေးနှင့် လူငယ် ၂ ဦးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ် တနေရာရှိ အာဏာပိုင်များ စိုက်ထူထားသည့် အမေရိကန် ဆန့်ကျင်ရေး ဆိုင်းဘုတ်တခု အောက်တွင် အစိုးရ ဆန့်ကျင်စာ ကပ်ရန်အသွား အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်ဟု ပါရှိသည်။
မဇ္ဈိမအနေဖြင့် ယခုသတင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရနိုင်သေးပါ။

မိန်းမဆန်တဲ့ နအဖက မိန်းမ အလုပ်လုပ်နေတဲ့ပုံ

မိန်းမဆန်တဲ့ နအဖက မိန်းမ အလုပ်လုပ်နေတဲ့ပုံ