Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, December 14, 2008

ဒုတိယလွတ်လပ်ရေးသန္နိဌာန်(သို့) အိုရဲဘော်သို့.....

ဝေးလံခေါင်ဖျား မိစ္ဆာထောင်များမှ
နားဖျားနေသော အိုရဲဘော်....
လေ၀င်ပေါက်ငယ်သာပါတဲ့
သံတံခါးရဲ့နောက်ကွယ် ၈ပေ,၁၂ပေ အခန်းငယ်ထဲမှာ
ရာသီဥတုလက်ကြမ်းက
ဆုပ်ဖမ်းညှင်းဆဲ အအေးဒဏ်ထဲမှာ
ကိုက်ခဲနေတဲ့ မျက်စိတစ်ဖက်
ထုံကျင်နေတဲ့ လက်တစ်ဖက်
မလျှောက်နိုင်တောတဲ့ ခြေထောက်တစ်ဖက်
ရက်စက်သူတွေအုပ်မိုးလို့
ဖိနှိပ်မှုတွေဘယ်လောက်ဆိုးဆိုး
စိတ်အတောင်ပံကိုတော့ ရိုက်ချိုးလို့မရပါဘူး။
ဝေးလံခေါင်ဖျား မိစ္ဆာထောင်များမှ
နားဖျားနေသော အိုရဲဘော်....
နစ်နာမှုတွေအခါခါကြုံ စွန့်လွှတ်မှုတွေအဖုံဖုံနဲ့
သင့်ရဲ့(မစားဘဲစွန့်တဲ့)
စွန့်စားမှုတွေက ကမ္ဘာတုန်လို့
မြင့်မြတ်ခြင်းဂုဏ်တွေက ယုံကြည်သူတွေကိုသွေးနှိုး
မြန်မာပြည်ဘေးဆိုးတွေကိုကယ်တင်ဖို့
မျိုးဆက်တစ်ခုကိုမွေးခဲ့ပြီ။

ဝေးလံခေါင်ဖျား မိစ္ဆာထောင်များမှ
နားဖျားနေသော အိုရဲဘော်....
အသင်ပျော်တဲ့တိုက်ပွဲမှာ
အခါတစ်ထောင်လဲကျလဲ
အခါတစ်သောင်းပြန်ထတဲ့သူတွေ
အာဏာရှင်ကိုတုန်လှုပ်စေလို့
ခွေးတိုးပေါက်က နန်းစွန့်ထွက်ဖို့လည်း
ဒင်းတို့အခက်ကြုံနေသမို့
သံဃာကိုလဲကိုက်ခဲ
ရဲဘော်တို့ကို ညှင်းဆဲ
တိုင်းပြည်ကိုတွင်းထဲဆွဲချလို့
အရှင်လတ်လတ်မြေမြှပ်သတ်တော့မယ်။
ဝေးလံခေါင်ဖျား မိစ္ဆာထောင်များမှ
နားဖျားနေသောအို...ရဲဘော်
အသက်မျှင်းမျှင်းသာကျန်တော့တဲ
တခါခါအမောဖောက်နေတဲ့
ငါတို့ရဲ့တိုင်းပြည်ဟာ
မိစ္ဆာကောင်တွေရဲ့လက်ထဲမှာ
ကျဆုံးရတော့မှာလား
ဒါအမှန်တရားမဟုတ်ဘူး
ဘယ်တော့မှမဆုံးရှုံးနိုင်တဲ့အမှန်တရားအတွက်
ဘယ်တော့မှအရှုံးမပေးတော့မယ့်ပြည်သူအတွင်
လွတ်လပ်ရေးကိုအရယူပေးခဲ့တဲ့
မဟာအာဇာနည်တွေအတွက်....
ငါတို့ပြည် ငါတို့အိမ်ကို
ထိန်ထိန်ပရွှင်း ဆင်ဆွယ်နန်းနဲ့
အောင်ပန်းဆွတ်ယူ လက်တွဲကူဖို့
အသင့်ရဲ့အတောင်ပံတွေကို
အဟုန်ပြင်းပြင်းခတ်လို့
တိုက်ပွဲခေါ်သံပေးလိုက်ပါ ရင်ဘတ်တွေဖွင့်
ငါတို့အသင့်ရှိနေတယ်
ဗမာပြည်အတွက် ကမ္ဘာတည်သရွေ့....။

ဇော်မြင့်