Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, January 1, 2010

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေသည် CEC များဖြစ်ကြောင်း အန်အယ်ဒီ ကြေညာ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၉ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆွေးနွေးပွဲများ ဖိတ်ကြားသည့်အခါ စစ်အစိုးရက ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင် နှစ်ဦးကို ထည့်သွင်းဖိတ်ကြားခြင်း မရှိသဖြင့် အဖွဲ့ဝင် ၁၁ ဦး ပါရှိသည့် CEC အမည်စာရင်းကို အန်အယ်ဒီက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ထို CEC အဖွဲ့ဝင် နှစ်ဦးမှာ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ဖြစ်ပြီး၊ ယခု CEC စာရင်းကို အန်အယ်ဒီက ရွေးကောက်ပွဲ ကော်မရှင်နှင့် နအဖ ဥက္ကဋ္ဌ ထံ ပေးပို့အသိပေးခဲ့ပြီး ဖြစ်သည်။

“နိုင်ငံခြားက ဧည့်သည်တွေ၊ နိုင်ငံတကာကလာတဲ့ ဧည့်သည်တွေ၊ UN က လာတဲ့ ဧည့်သည်တွေနဲ့ တွေ့တဲ့အခါ၊ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဖို့ဆိုပြီး ခေါ်တွေ့တဲ့အခါမှာ နာမည်စာရင်းတပ်ပြီးတော့ ဖိတ်တာတွေ ရှိတယ်။ အဲလိုလာတွေတဲ့ အခါမျိုးမှာ အခုနောက်ဆုံး လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်တို့၊ ဦးခင်မောင်ဆွေတို့ ဖိတ်တဲ့ အထဲမှာ မပါဘူး” ဟု ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က CEC နှင့် တွေ့ဆုံခွင့်ပြုရေးအတွက် စစ်အစိုးရထံ တောင်းဆိုခဲ့ရာ သူတို့နှစ်ဦး အပါအဝင် CEC အဖွဲ့ဝင်အားလုံးနှင့် တွေ့ခွင့်ပေးရန်ဖြစ်ကြောင်း သူက ပြောသည်။

CEC အဖွဲ့ဝင် ၁၁ ဦးမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ) ၊ ဒေါ်ဆောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး) ၊ ဦးလွင် (အတွင်းရေးမှူး) ၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွှန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့မှာ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်း အကျဉ်းသားပေါင်း ၉ဝဝ၂ ဦးကို စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ပြန်လည်လွတ်မြောက်လာသူများ ဖြစ်သည်။ သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) မှာမူ အကျဉ်းထောင်အတွင်း ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

ထိုင်းဘုရင့် မွေးနေ့ပွဲတွင် သီဆိုဖျော်ဖြေမည်ဟု အဆိုတော် ဇော်ပိုင် ပြောဆို

မြင့်မောင် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၀၃ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ မြို့တော်ဝင်၏ ဖိတ်ကြားချက်အရ မြန်မာအဆိုတော် ၄ ဦးသည် ယခုလ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ၈၂ နှစ်မြောက် မွေးနေ့ပွဲတော်သို့ သွားရောက်၍ သီဆိုဖျော်ဖြေမည်ဟု အဆိုတော် ဇော်ပိုင်က ပြောသည်။

သူနှင့်အတူ ဟစ်ဟော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ကြိုးကြာနှင့် ရေဗက္ကာဝင်းတို့က ယခုလ ၅ ရက်နှင့် ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဘုရင်ဈေး တည်နေရာတွင် ဖျော်ဖြေသွားမည်ဟု ဆိုသည်။

“ဟုတ်ကဲ့ ကျနော်က ၆ ရက်နေ့မှာ သွားမှာပါ။ ပွဲကို စီစဉ်သူက ကိုခင်မောင်ထိုက်ပါ။ သူက ကျနော်တို့ကို တခါ ခေါ်ဖူးပါတယ်။ ကျနော်တို့ကို မြို့တော်ဝင်က ဖိတ်တော့ ဖိတ်တာပါ။ ကျနော်တို့ဆီကို မြို့တော်ဝင် တိုက်ရိုက် ဆက်သွယ်တာ မဟုတ်ပါဘူး။ ကိုခင်မောင်ထိုက်က ဆက်သွယ်တာပါ” ဟု အဆိုတော် ဇော်ပိုင်က မဇ္ဈိမကို ပြောသည်။ ကိုခင်မောင်ထိုက်သည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးဖြစ်သည်။

ရန်ကုန်တွင် ရှိုးပွဲရှိနေသဖြင့် ပထမရက်တွင် မဲဆောက်သို့ သွားရောက်နိုင်မည် မဟုတ်ဘဲ၊ ၆ ရက်နေ့တွင် ပြုလုပ်မည့် ဒုတိယပွဲကျမှသာ သွားရောက်နိုင်မည်ဖြစ်ကြောင်းနှင့် 'မင်းအတွက်ဆိုရင်' (၁ဝ စက္ကန့်စီးရီး) နှင့် 'လမ်းဆုံ' (လမ်းဆုံစီးရီး) သီချင်းများကို သီဆိုရန် ရွေးချယ်ထားကြောင်း သူက ဆက်ပြောသည်။

မဲဆောက်မြို့ ဂီတဖျော်ဖြေပွဲကို ထိုင်းစံတော်ချိန် ည ၈ နာရီမှ ၁ဝ နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်ပြီး၊ လက်မှတ်များလည်း ရောင်းချနေသည်။

“ဝင်ကြေးကတော့ ထိုင်ခုံနဲ့ဆိုရင် ဘတ် ၂ဝဝ ၊ ရိုးရိုးတန်း ဘတ် ၁ဝဝ ပေးရတယ်။ တရက်စာ မဟုတ်ဘဲ နှစ်ရက်အတွက် တခါထဲ ရောင်းတာ” ဟု မဲဆောက်တွင် အလုပ်လုပ်နေသူ မြန်မာတဦးက ပြောသည်။

မဲဆောက်တွင် မြန်မာနိုင်ငံမှ လာရောက်၍ အလုပ်လုပ်ကိုင်သူ ဦးရေ ၅ သိန်းကျော် ရှိပြီး အများစုမှာ အထည်စက်ရုံ၊ စားသောက်ဆိုင်နှင့် အိမ်ဖော်အလုပ်များ လုပ်ကိုင်လျက်ရှိသည်။

ထိုင်းဘုရင် မွေးနေ့ပွဲတော်ကို ယခုလ ၁ ရက်နေ့မှ ၁ဝ ရက်နေ့အထိ မဲဆောက်တွင် ကျင်းပလျက်ရှိသည်။

ဒေါ်စုအမှု အယူခံ လက်ခံရေး ဗဟိုတရားရုံးက ကြားနာမည်

မြင့်မောင် | သောကြာနေ့၊ ဒီဇင်ဘာလ ၀၄ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် အကျယ်ချုပ်ပြစ်ဒဏ်ကို ပြင်ဆင်ရန် သူမ၏ ရှေ့နေများက လျှောက်ထားသည်ကို ဗဟိုတရားရုံးက ယခုလ ၂၁ ရက်နေ့တွင် ကြားနာသွားမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ယခုနှစ် သြဂုတ်လအတွင်း ခရိုင်တရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ဗဟိုတရားရုံးသို့ ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လျှောက်ထားရာ အယူခံကို လက်ခံရေး၊ မလက်ခံရေးအတွက် နှစ်ဖက်လျှောက်လဲချက်ကို တရားရုံးက ကြားနာရန် ရုံးချိန်းရက်ပေးလိုက်ခြင်း ဖြစ်သည်။

''ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျနော်တို့က လျှောက်လဲချက် ပေးမှာပါ။ ပြန်လည် သုံးသပ်ပေးဖို့အတွက် အယူခံဝင်ရောက်ရေး လျှောက်ထားတာကို တရားရုံး ဆုံးဖြတ်ပါမယ်'' ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန် နိုင်ငံသားတဦးက အင်းလျားကန်အတွင်း ၂ ကီလိုမီတာခန့် ရေကူး၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာသောအားဖြင့်ဟုဆိုကာ ပြစ်ဒဏ်တဝက်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ထားရှိပြီး နေအိမ်တွင် ပြန်လည်ချုပ်နှောင်ရန် ညွှန်ကြားခဲ့သည်။

ပြစ်ဒဏ်ကို ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တိုင်းတရားရုံးသို့ အယူခံဝင်ခဲ့သော်လည်း တိုင်းတရားရုံးက ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်တွင် ခရိုင်ဆုံးဖြတ်ချက်အတိုင်း ဆက်လက်အတည်ပြုရာမှ ဗဟိုတရားသို့ အယူခံဝင်ရောက်ရေးအတွက် ရှေ့နေများက ကြိုးပမ်းနေခြင်း ဖြစ်သည်။

ပျက်ပြယ်ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသည့် ၁၉၇၅ ခုနှစ် ဥပဒေအရ စီရင်ခဲ့သည်ဟုဆိုကာ တရားရုံး ဆုံးဖြတ်ချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ ရှေ့နေများက လက်မခံဘဲ ငြင်းပယ်ခဲ့ကြသည်။ သူတို့က လက်ရှိ စစ်အစိုးရသည် နိုင်ငံတော်အာဏာကို ၁၉၈၈ ခုနှစ်တွင် သိမ်းယူခဲ့ပြီးနောက် အဆိုပါ ၁၉၇၄ အခြေခံဥပဒေသည်ပင် ရှင်သန်ခြင်း မရှိတော့ကြောင်း ပြောဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြုပြင်ပြီ

မြင့်မောင် | သောကြာနေ့၊ ဒီဇင်ဘာလ ၀၄ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြန်လည်ပြုပြင်ရန် ဆောက်လုပ်ရေး လုပ်သား ၆ ဦးကို အာဏာပိုင်များက ယမန်နေ့တွင် ဝင်ခွင့်ပြုလိုက်သည်။

ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကြီးရှိ ဝရံတာနှစ်ခုကို ပြုပြင်ရန် လပေါင်းများစွာ စောင့်ဆိုင်းခဲ့ရာမှ အထူးရဲ သတင်းတပ်ဖွဲ့က ခွင့်ပြုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

''အိမ်ပြင်ခွင့်ရတာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းကပါ။ အလုပ်စတာကတော့ မနေ့ကမှ စတင်တာ ဖြစ်တယ်။ မနေ့က ၆ ယောက်လောက် ရှိတယ်။ လိုတာက ၁၀ ယောက်ကျော်ကျော် လိုပါလိမ့်မယ်။ နောက်ရက်တွေမှာ ရပါလိမ့်မယ်” ဟု ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။

အပေါ်ထပ် အိမ်မကြီးနှင့် ဝရံတာအကြားတွင် မှန်တံခါးတချပ်သာ ကာရံထားသဖြင့် လုံခြုံရေးအရ လိုအပ်ချက်ရှိနေကြောင်း သိရသည်။

“အပေါ်ထပ် လေသာဆောင် (ဝရံတာ) ကို အဓိကထား ပြင်ပါတယ်။ အခန်းသစ် ဖွဲ့ပြင်မယ်။ ကျနော် သိတာက လေသာဆောင် ၂ ခု ရှိတယ်။ နောက် သေးသေးမွှားမွှားလေးတွေလည်း ပြင်ဖို့ ရှိပါတယ်။ လေသာဆောင်က အိမ်မကြီးဝင်တဲ့ အပေါက်က မှန်တံခါးဖြစ်တယ်။ သံပန်း တံတခါး မရှိတော့ လုံခြုံရေး စိတ်မချရဘူး။ လုံခြုံရေးကောင်းအောင် အခန်းလုပ်လိုက်မယ်။ အခန်းလုပ်ပြီး အဲဒီမှာ သံတခါးတပ်မယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

''နေ့ရက်နဲ့ နှစ်ကိုတော့ ကျနော် အတိအကျ မမှတ်မိဘူး။ ဒါပေမဲ့ ၀ရံတာကတဆင့် မှန်တံခါးကို ဖျက်ပြီးတော့ အိမ်မကြီးထဲကို သူခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်လည်း ရှိခဲ့ဖူးတယ်'' ဟု သူက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် ၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်တွင် တည်ဆောက်ခဲ့သည့် ယခုနေအိမ်ကို ဒေါ်ခင်ကြည်ထံ ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာသည့် ၁၉၈၈ ခုနှစ်ကတည်းက ထိုနေအိမ်၌ပင် နေထိုင်လာခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် အင်းလျားကန်မှတဆင့် ယခုနေအိမ်အတွင်း ဝင်ရောက်ခဲ့သဖြင့် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အာဏာပိုင်များက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထပ်မံချထားခဲ့ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ယခုနေအိမ်၌ ၁၄ နှစ်ခန့် အကျယ်ချုပ် ချခံခဲ့ရပြီး ဖြစ်သည်။

(မြင့်မောင် သတင်းပေးပို့သည်။ မုံပီး တည်းဖြတ်သည်။)

Tuesday, July 28, 2009

ဒေါ်စုအမှု တံခါးပိတ် တရားခွင်သို့ သံတမန်များ တက်ရောက်ခွင့်ရ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း တရားခွင်၌ ယနေ့တွင် နောက်ဆုံး လျှောက်လဲချက် ကြားနာရာသို့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အီတလီ သံတမန်များကို မြန်မာစစ်အစိုးရက တက်ရောက်ခွင့် ပေးလိုက်သည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုကို အများအားဖြင့် တံခါးပိတ်နည်းဖြင့် စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့သည့်အနက် သံတမန်များကို တက်ရောက်ခွင့် ပေးခြင်းသည် ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယမြောက် ဖြစ်သည်။ ယခင်ကလည်း ရွေးချယ်ထားသည့် သံတမန်တချို့နှင့် သတင်းထောက်တချို့ကို တက်ရောက်ခွင့် ပေးခဲ့သေးသည်။

''ဒီတခါတော့ သူတို့ (အာဏာပိုင်များ) က ကျနော်တို့ကို ဖိတ်ကြားတာမျိုး၊ အကြောင်းကြားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံး ကြားနာပွဲကို တက်ရောက်ဖို့ တောင်းခံခဲ့တဲ့ သံတမန်တွေကိုတော့ အစိုးရက ခွင့်ပြုချက် ထုတ်ပေးခဲ့တယ်'' ဟု ရန်ကုန်ရှိ စာနယ်ဇင်းသမားတဦးက မဇ္ဈိမကို ပြောသည်။

အင်းလျားကန်မှ ရေကူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း မဖိတ်ခေါ်ဘဲ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် ဂျွန် ဝီလျံ ယက်တော၏ နိုင်ငံဖြစ်သည့် အမေရိကန်မှ သံရုံးအရာရှိကိုမူ တရားရုံးချိန်းရှိတိုင်း တောက်လျှောက် တက်ရောက်ခွင့် ရရှိခဲ့သည်။

''ကျနော် အတည်ပြုနိုင်သလောက်ကတော့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နဲ့ အီတလီကို တရားခွင်ထဲ တက်ခွင့် ပေးထားတယ်'' ဟု ရန်ကုန်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောသည်။

ယနေ့ တရားရုံးက နှစ်ဖက် တရားဆိုင်ရှေ့နေများ၏ အပြီးသတ် လျှောက်လဲချက်များကို ကြားနာသွားမည် ဖြစ်သည်။ တရားရုံးသို့ တင်သွင်းရန် ၂၃ မျက်နှာပါ လျှောက်လဲချက်ကို ပြင်ဆင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက မဇ္ဈိမကို ပြောသည်။

ယနေ့ တရားခွင်မှ ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်။ သို့သော်လည်း အကဲခတ်များကမူ တရားရုံးအနေဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်သည့် အခြား နေ့ရက်တရက်ကို သတ်မှတ်ပြီးဖြစ်ကြောင်း ယုံကြည်နေကြသည်။

အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ထောက်ခံအားပေးသူများနှင့် နိုင်ငံရေးလေ့လာသူများ အများအပြားသည် စုပြုံရောက်ရှိနေကြကာ ယနေ့ တရားခွင်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း ရန်ကုန်ရှိ စာနယ်ဇင်းသမားက ပြောသည်။

ဒေါ်စုကို လွှတ်ပေးရန် တောင်းဆိုခြင်း နည်းလမ်းမကျဟု စစ်အစိုးရ သတင်းစာက ရေးသား

ကိုဝိုင်း
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေခြင်းသည် အဓိပ္ပါယ်မဲ့ပြီး တရားနည်းလမ်း မကျကြောင်း စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-အန်အယ်ဒီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၊ အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ အပါအဝင် အမေရိကန်အစိုးရ၏ သဘောထားနှင့် ဆန့်ကျင်၍ ရေးသားဖော်ပြလာခြင်းဖြစ်သည်။

“နိုင်ငံတော်အပိုင်းက ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ” ဟု ကလောင်ရှင် လူသစ် ဆိုသူက သတင်းစာများ၌ ရေးသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခုလ (၃-၄) ရက်များတွင် လာရောက်ခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ကြီးကလည်း မကြာသေးမီက ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပခဲ့သော ဒေသဆိုင်ရာ အစည်းအဝးကြီးမှတဆင့် ထုတ်ပြန်တောင်းဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းမရှိပါက မြန်မာနှင့် အမေရိကန်ကြား ဆက်ဆံရေးအား ပိုမိုလေးနက်စွာ ထိခိုက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

သို့သော် နအဖ ၏ မြန်မာ့အလင်းသတင်းစာကမူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံများနှင့် နိုင်ငံတကာက ရည်ညွှန်းနေသော နိုင်ငံရေးအကျဉ်းသားများဆိုသည်မှာ ဒီမိုကရေစီအရေးဆောင်ရွက်သဖြင့် “နိုင်ငံရေးပြစ်မှု” ဖြင့် အရေးယူခံရခြင်းမဟုတ်ပဲ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေသည့် ဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ဖောက်ဖျက်သောကြောင့် ဖမ်းဆီးထားသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအား တွေ့ဆုံဆွေးနွေးပြီး ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု အန်အယ်ဒီက တောင်း ဆိုထားမှုသည်လည်း စစ်အစိုးရက မဖြစ်မနေ ဆက်လက် အကောင်အထည်ဖော်မည့် “မူဝါဒလမ်းစဉ် (၇) ရပ်” အား နှောင့်နှေး၊ ပျက်ပြားစေရန် ကြိုးစားနေခြင်းသာဖြစ်သည်ဟုလည်း စွပ်စွဲရေးသားထားသည်။

အန်အယ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား ဂျွှန်ဝီလျံ ယက်တော သူမ၏ နေအိမ် အတွင်း ခိုးဝင်သည်ကို အကြောင်းပြု၍ “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် စွပ်စွဲ၍ အင်းစိန်ထောင်၌ ရုံးတင်စစ်ဆေးလျက်ရှိသည်။

ယနေ့သည် အပြီးသတ်လျှောက်လဲရမည့်နေ့ဖြစ်သည်။

၁၉၉၀ ခု အထွေထွေရွေးကောက်ပွဲကြီးတွင် အန်အယ်ဒီ ပါတီက ထောက်ခံမဲ အမြောက်အများဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်အား ယနေ့အထိ အသိမှတ်ပြု အာဏာလွှဲပြောင်းပေးခြင်းမရှိသေးပေ။

ယင်းကြောင့် မြန်မာ့နိုင်ငံရေးတွင် အမဲစက်ဖြစ်မည်ကို စိုးရိမ်သဖြင့်ဟုဆိုကာ ၁၉၉ဝ ခု ရွေးကောက်ပွဲရလဒ်အား တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရန် အန်အယ်ဒီပါတီက တောင်းဆိုထားသည်။

သို့သော် စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် သတင်းစာများကမူ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ ၁၉ နှစ်ကျော် “Date အောက်” နေသည့်ရလဒ်ကို ပြည်သူများက ပြန်လှည့်ကြည့်တော့မည် မဟုတ်ကြောင်း ဖော်ပြကြသည်။

ထို့အပြင် နအဖက ဦးဆောင်၍ ကျင်းပခဲ့သော အမျိုးသားညီလာခံမှ ထွက်ခွာသွားသဖြင့် “တွေ့ဆုံဆွေးနွေးရေး” ဆိုသည်မှာ လည်း “လုံးဝအဓိပ္ပါယ်မရှိ” သည့်အခြေအနေကို ရောက်နေပြီဖြစ်သည်ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စသည် တရားရုံးနှင့်သာ သက်ဆိုင်သဖြင့် တရားရုံးက အပြစ်ရှိကြောင်း တွေ့လျင် ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူမှုကို ခံရမည်ဖြစ်ကြောင်း၊ အပြစ်မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လျင် တရားရုံးက ဥပဒေနှင့်အညီ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းပါ ကလောင်ရှင် လူသစ်၏ ဆောင်းပါးတွင် ဖော်ပြသည်။

သို့သော် ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံရေး အတိုက်အခံများ၊ ရှေ့နေများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံတကာ ကမူ စစ်အစိုးရသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေသည်သာမက ပြည်တွင်းဥပဒေကိုပင် လိုက်နာခြင်းမရှိပဲ သဘော ထားကွဲလွဲသူများကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း၊ ရပ်ဝေးအကျဉ်းထောင်များသို့ ပို့ဆောင်ခြင်းများ လုပ်နေကြောင်း ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီး အကျဉ်းချခြင်းခံနေရသူ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း မြို့နယ်တချို့မှ အန်အယ်ဒီ အဖွဲ့ဝင်များ ဆုတောင်းပွဲ ကျင်းပ

မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်

နယူးဒေလီ(မဇ္ဈိမ)။ ။မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံး လျှောက်လဲချက်ပေးသည့် ယနေ့တွင် ဘုရားများသို့ သွားရောက်ကာ လွတ်မြောက်ရေး ဆုတောင်းပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေများကို မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောပြထားပါသည်။

''ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်အနေနဲ့ ဝတ်ပြုဆုတောင်းဖို့ နှိုးဆော်ထားတာက မြို့ပေါင်း ၃ဝ ပါတယ်။ ဘုရားမှာ သပြေပန်းတွေ ကပ်လှူတယ်။ မနက် ၉ နာရီ ၁၅ မိနစ်မှာ သွားကြတယ်။ ၁၁ နာရီ ၄၅ မိနစ်မှာ ပြန်ရောက်တယ်။ ဘုရားဝတ်ပြုတာကိုက မိနစ် ၄ဝ လောက် ကြာတယ်။ ပဋ္ဌာန်းရွတ်ဖတ်တယ်၊ ဆုတောင်းတာတွေ လုပ်တယ်''။

''မိတ္ထီလာမှာ ရွှေမျှင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။ သာစည်မြို့ပေါ်မှာရှိတဲ့ ၅ ဆူရိပ်သာ သတ္တဋ္ဌာန ဆုတောင်းပြည့်ဘုရားမှာ ဒုဥက္ကဋ္ဌ ဦးသန်းဆောင် ဦးဆောင်ပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ သဲတောမြို့ပေါ် မြဘုန်းရှင်ဘုရားမှာ အတွင်းရေးမှူး ဦးထွန်းထွန်းက ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းတယ်။ ဝမ်းတွင်းမြို့နယ် သဲစုကျေးရွာအုပ်စု တွဲဘက်အတွင်းရေးမှူး ကိုအောင်သူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးက သွားပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ ၂ မိုင်မှာလည်း ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်က သွားရောက် ဝတ်ပြုဆုတောင်းတယ်''။

''ကျမတို့ မိတ္ထီလာမှာက ဘုရားကို သွားပြီးတော့ နောက်ကနေ တန်းပြီးပါလာပါတယ်။ ဓာတ်ပုံတွေ ဘာတွေ ရိုက်တယ်။ ရဲကားတစီးလည်း ဘုရားပရိဝုဏ်ထဲကို မောင်းလာပြီး ရပ်နေတဲ့ ပုံစံမျိုးပေါ့၊ တွေ့ရတယ်။ ခြိမ်းခြောက်တဲ့ သဘောမျိုးလည်း သက်ရောက်ရင် သက်ရောက်မယ်။ ကျမတို့ ပြန်လာတဲ့အခါကျတော့ ကျမတို့ ဖြတ်ပြီးပြန်လာတဲ့ လမ်းကြောင်းမှာက အမှတ် (၁) မီးသတ်ဋ္ဌာနရှိတယ်။ မီးသတ်ထဲမှာ လူအင်အား ၅ဝ နဲ့ ၁ဝဝ ကြားမှာ ရှိမယ်။ ရပ်ကွက်တိုင်းက ရဝတ (ရပ်ကွက်ကောင်စီ) တွေ ထိုင်စောင့်နေတယ်။ ရဲအထူးသတင်းတပ်ဖွဲ့၊ စွမ်းအားရှင်ရော။ ကျမတို့ အဖွဲ့ဝင် ၁ဝ ယောက်၊ ကလေးနဲ့ဆို ၁၁ ဦးပါ။ ရွှေမျှင်တင်ဘုရားမှာ သွားရောက် ဝတ်ပြုဆုတောင်းကြတာပါ''။

''ဒီကနေ့ ကျမတို့လုပ်တဲ့ လှုပ်ရှားမှုက ဘုရားကို သွားပြီး ဝတ်ပြုဆုတောင်းကြဖို့။ အဲဒီလို မသွားနိုင်တဲ့သူတွေက မိမိတို့ အိမ်မှာရှိတဲ့ ဘုရားမှာ သပြေပန်းတွေ ကပ်လှူပြီးတော့၊ ပဋ္ဌာန်းရွတ်ဖတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ဆုတောင်းပေးဖို့ တိုက်တွန်းထားတယ်''။

''ကျမတို့က ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတရပ်လုံးက ပါဝင်ပူးပေါင်းပြီးတော့ စစ်အစိုးရကို တောင်းဆိုရမှာပဲ။ နောက်ဆုံးပိတ် ထောင်ကျသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင် တသက်လုံး ကျမနေဘူး။ စစ်အစိုးရကလည်း တသက်လုံး အုပ်ချုပ်မနေနိုင်ဘူး။ အုပ်ချုပ်လို့ မရဘူး။ ကျမတို့ ပြည်သူက တသက်လုံး ဒုက္ခရောက်မနေဘူး။ တချိန်မှာ ထွက်ပေါက်ဆိုတာ ရှိမှာပဲ''။

''ဒီထွက်ပေါက်ကို စစ်အစိုးရနဲ့၊ ကျမတို့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားတွေက အားလုံး လက်တွဲပြီး ဖြေရှင်းသွားကြရမှာ ဖြစ်တယ်။ အဲဒါက နောက်ဆုံးပိတ် အဖြေပဲ''။

ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်

ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နှလုံးရောဂါဝေဒနာ ခံစားနေရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲချက် ကြားနာနေချိန်တွင် အင်းစိန်ထောင်ရှေ့တွင် သွားရောက်ခဲ့ကာ ပါတီခေါင်းဆောင်နှင့် သွေးစည်းညီညွတ်မှုကို ပြသခဲ့သည်။

နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ အင်းစိန်ထောင်ရှေ့ အနည်းဆုံး ၃၀၀ ခန့် ရှိနေခဲ့သည်။

“ရှေ့နေတွေက ၂ နာရီ မထိုးခင် ဝင်သွားတယ်။ လူထုက ၃၀၀ လောက်ရှိတယ်။ ဒါထက် ပိုရင်လည်း ပိုမယ်။ ကျနော်ကြည့်တာက ခါတိုင်းနေ့ထက် ပိုများတယ်။ အသက်ကြီးတဲ့ လူတွေရော လာတယ်” ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က ပြောသည်။

“ကျနော် အကြိမ်ကြိမ် ပြောချင်တာက ဒီအမှုက မတရားတဲ့အမှု။ အကွက်ဆင်ပြီး လုပ်တဲ့အမှု ဖြစ်တဲ့အတွက် ဒါကို ရုပ်သိမ်းပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့။ ဒေါ်စုနဲ့ တသားတည်းကျတယ်ဆိုတာကို ပြချင်တာပဲ ရှိတယ်”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ ဦးရဲထွဋ်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်တို့နှင့် ဒေါ်နော်အုန်းလှတို့ အမျိုးသမီးအုပ်စုများနှင့် ပြည်သူများ လာရောက်ကြသည်ဟု ပြောသည်။

သို့သော် ဒေါ်နော်အုန်းလှတို့ အဖွဲ့မှ ၁၀ ဦးခန့်အား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို ရဲများက ဘုရင့်နောင် ရဲစခန်းတခုသို့ ခေါ်ဆောင် စစ်ဆေးခဲ့သေးသည်ဟု ဦးဝင်းတင်က ပြောသည်။

အင်းစိန်လမ်းမ ပိတ်ထားပြီး လုံခြုံရေးလည်း ယခင်ကထက် ပိုချထားသည်။

ဒေါ်အောင်ဆန်းစုကြည် အမှု လာမည့် တနင်္လာနေ့သို့ ထပ်မံချိန်းဆို

ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို ယနေ့ တင်ပြခဲ့ရာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက ယခုလ ၂၇ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် စာမျက်နှာပေါင်း ၂၃ မျက်နှာပါ နောက်ဆုံးလျှောက်လဲချက်ကို အင်းစိန်ထောင် တရားခွင်၌ ရှေ့နေ ဦးကြည်ဝင်းက မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၄နာရီခွဲထိ လျှောက်လဲခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်က ပြောသည်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက နေပြီးတော့ လျှောက်လဲချက်ကို တင်ပြခဲ့တယ်။ ဒီနေ့အတွက် ရုံးချိန်ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက်ကြောင့် ဆိုပြီးတော့ ၂၇ ရက်နေ့မှာ ချိန်းလိုက်တယ်” ဟု အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

လာမည့် ၂၇ ရက်နေ့မှာ ရှေ့နေ ဦးလှမျိုးမြင့်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်း သားအမိ၏ အမှုလျှောက်လဲချက်ကို တင်ပြမည်ဖြစ်ပြီး၊ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ရုံးချိန်းများ ပေးနေခြင်းကို သဘောမကျကြောင်း တရားခွင်အပြီးမှာ ပြောကြားခဲ့သေးကြောင်းကို အန်အယ်ဒီ ရန်ကုန်ဌာနချုပ်၌ ယနေ့ညနေတွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ခြင်းမရှိဘဲ ကျင်းပမည့် ၂၀၁၀ ခု ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကုလသမဂ္ဂမှ ပြောသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းအား မှာကြားလိုက်ကြောင်းလည်း ရှေ့နေဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ယနေ့ အပြီးသတ် လျှောက်လဲချက် တင်သွင်းရာသို့ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေများဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သာမက အမေရိကန်၊ အင်္ဂလန်၊ ဗြိတိန်၊ ပြင်သစ်တို့အပါအဝင် အနောက်နိုင်ငံတချို့မှ သံတမန်များလည်း တက်ရောက်ခဲ့သည်။

တရားဆိုင်သက်သေများအဖြစ် ပုဂ္ဂိုလ် ၄ ဦးကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း လပွတ္တာ အန်အယ်ဒီအမတ် ဦးကြည်ဝင်းနှင့် တောင်ကြီးမြို့မှ ရှေ့နေဒေါ်ခင်မိုးမိုးတို့ နှစ်ဦးကိုသာ ခွင့်ပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နှင့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့ကို ဗဟိုတရားရုံးက ပယ်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် မေလဆန်းက အင်းလျားကန်မှ ရေကူးကာ တိတ်တဆိတ် ဝင်ရောက်၍ နှစ်ညတာ နေထိုင်ခဲ့သဖြင့် သူမကို စစ်အစိုးရက “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် စွပ်စွဲပြီး ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။

အစိုးရဘက်မှ တရားလိုပြ သက်သေများအဖြစ် အနည်းဆုံး ၂၃ ဦး တင်ပြခဲ့သော်လညှ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်း လုံခြုံရေးအတွက် တာဝန်ယူထားခဲ့သူများ၏ အမည်များ ပါဝင်ခြင်း မရှိပေ။

လုံခြုံရေး အားနည်းခြင်းကြောင့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအနေဖြင့် ခြံဝန်းအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း ဖြစ်သော်လည်း လုံခြုံရေးတာဝန်ရှိသူများအား အရေးမယူခြင်းသည် တရားမျှတမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မြင်သည်ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ယခင်က ပြောပြသည်။

အကယ်၍ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လျှင် သူမအနေဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။

သံတမန်ကားများ အင်းစိန်ထောင် တရားခွင်မှ ပြန်လည်ထွက်ခွာ

ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ်

မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း နှစ်ဖက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းနေသည့်အနက် ယနေ့ ဒုတိယမြောက် တရားခွင်သို့ လာရောက်ကြသည့် သံတမန်ကား ၅ စီးခန့် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ထောင်အတွင်းသို့ နံနက် ၁၀ နာရီမှ စတင်ကာ သံတမန်များ ဝင်ခွင့်ရခဲ့ပြီး နေ့လည် ၁၂ နာရီ မထိုးမီတွင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာမူ ထောင်ထဲမှ ပြန်လည် ထွက်ခွာလာခြင်း မရှိသေးကြောင်း အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူများ အပြောအရ သိရခြင်း ဖြစ်သည်။

“သံရုံးကား ၅ စီး ပြန်ထွက်သွားပြီ။ အမေရိကန်၊ ဗြိတိန် အပါအဝင်ပေါ့နော်။ ၁၂ နာရီ မထိုးခင်လောက်မှာ ထွက်သွားတယ်” ဟု ရှေ့နေဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် အပြီးသတ် လျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက စတင်တင်သွင်းရာ၊ တရားခွင်သို့ ၅ နိုင်ငံထက်မနည်း နိုင်ငံခြား သံတမန်များ ဝင်ရောက်ခွင့် ပြုခဲ့သေးသည်။ အဆိုပါ တရားခွင်တွင် ရှေ့နေ ဦးကြည်ဝင်းက ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်အတွက် လျှောက်လဲချက် ပေးခဲ့သည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့အတွက် ရှေ့နေဦးလှမျိုးမြင့်က အပြီးသတ် လျှောက်လဲမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည်။

ယနေ့ ထောင်ရှေ့တွင် နှလုံးရောဂါ ခံစားနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ရှေ့နေ ဦးကျင်တိုး၊ ညောင်လေးပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင် အပါအဝင် ပြည်သူ ၅၀၀ ဦး ခန့် လာရောက်ကြသည်ဟု သိရသည်။

အင်းစိန် ကုန်းတံတားအဆင်းတွင် လုံထိန်းရဲများက ဒိုင်နာကား အပါအဝင် အနည်းဆုံး ကား ၆ စီး ဖြင့် လုံခြုံရေး စောင့်ကြပ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အား အားပေးသည့်အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သွားရောက်ခဲ့သူ ဒေါ်နော်အုန်းလှအပါအဝင် အမျိုးသမီး ၇ ဦးကိုလည်း ခရီးကြန့်ကြာစေရန် အာဏာပိုင်များက လမ်းတလျှောက်၌ ၎င်းတို့ စီးလာသည့်ကားအား ၆ ခါထက်မနည်း စစ်ဆေးခြင်းဖြင့် အနှောင့်အယှက် ပေးခဲ့ကြောင်း သိရသည်။

“ရဲတွေ ဝတ်စုံနဲ့ အပြည့်နဲ့ စစ်တာ။ ကားကိုလည်း စစ်တယ်။ ယာဉ်မောင်းလိုင်စင် စစ်တယ်။ ကျန်တဲ့ ကားတွေ မစစ်ဘူး။ အချိန်ကြန့်ကြာအောင် လုပ်တာပေါ့၊ ၉ နာရီစီးတာ ၁၁ နာရီကျော်မှ ရောက်တယ်” ဟု ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။

ဒေါ်နော်အုန်းလှနှင့်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် အင်္ဂါနေ့တိုင်း ဆုတောင်းနေသည့် အဖွဲ့ဖြစ်သည်။

ပထမဆုံးအကြိမ် အပြီးသတ် လျှောက်လဲရသည့် ရုံးချိန်းသို့ ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို မရန်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းတွင် ၎င်းတို့အဖွဲ့အား စစ်ဆေးခဲ့သေးသည်။

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်

ကိုဝိုင်း
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ် 18 နာရီ 34 မိနစ်

မဇ္ဈိမ (ချင်းမိုင်)။ ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI က အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမှန်တရားနှင့် လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကိုယ်စားပြုသူ တဦးအဖြစ် ယနေ့ ဂုဏ်ပြုဆု ပေးအပ်လိုက်သည်။

AI ၏ အမြင့်ဆုံးဆုတခုဖြစ်သော Ambassador of Conscience ဆုကို ၂၀၀၉ ခုအတွက် ပေးအပ်ခြင်းဖြစ်သည်။

AI အထွေထွေအတွင်းရေးမှူး Irene Khan က အကျဉ်းကျနေသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာအတွက် အားကျဖွယ်၊ အတုယူဖွယ် ခေါင်းဆောင်တဦးဖြစ်ကြောင်း ပြောသည်။

“နှစ်ကာလတွေရှည်ကြာပြီး များသောအားဖြင့် အခက်အခဲ၊ အတားအဆီးများကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ချက်များ၊ ယုံကြည်မှုနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့နေရာမှာ မြန်မာနိုင်ငံသားတွေအတွက်သာမက တကမ္ဘာလုံးအတွက် အတုယူစရာ သင်္ကေတ တခုဖြစ်ပါတယ်” ဟု သူက ပြောကြားကြောင်း အေအက်ပီ သတင်းတွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ၁၄ နှစ်ကျော်မှာ ဖမ်းဆီး၊ ထိန်းသိမ်းခြင်း ခံရသူ ဖြစ်သည်။

သူမ လွတ်မြောက်ရေးအတွက် ဖျော်ဖြေရေးအစီအစဉ်များ လုပ်လေ့ရှိသည့် အိုင်ယာလန် တေးဂီတအဖွဲ့ဖြစ်သော U2 တေးဂီတ အဖွဲ့က ယနေ့ည အိုင်ယာလန်နိုင်ငံ ဒဗ်လင်မြို့ရှိ Croke Park အားကစားရုံကြီးတွင် ကျင်းပမည့် ၎င်းတို့၏ တေးဂီတပွဲမှတဆင့် တရားဝင် ကြေညာပေးမည်ဖြစ်သည်။

U2 အဖွဲ့သည် ၂၀၀၅ ခုနှစ်အတွက် AI ကပေးသည့် Ambassador of Conscience ဆုရရှိထားသည့် အဖွဲ့လည်း ဖြစ်သည်။

ဆုကို ၂၀၀၃ ခုနှစ်တွင် စတင်ပေးအပ်လာခြင်းဖြစ်ပြီး၊ ယင်းနှစ်အတွက် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလဗ် ဟာဗေးက ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စုစုပေါင်း ၇ ကြိမ် ပေးအပ်ခဲ့ပြီးဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မေရီရောဘင်ဆန်နှင့် ဂွာတီမာလာနိုင်ငံ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Hilda Morales Trujillo တို့နှစ်ဦးကို ၂၀၀၄ ခုနှစ်အတွက် ပူးတွဲချီးမြှင့်ခဲ့သည်။

၂၀၀၆ ခုနှစ်အတွက် တောင်အာဖရိက လူဖြူလူမဲ တိုက်ဖျက်ရေးခေါင်းဆောင် နယ်ဆန်မန်ဒဲလား၊ ၂၀၀၈ ခုနှစ်အတွက် ဂီတပညာရှင် Peter Gabriel ကို ပေးအပ်ခဲ့သည်။

ဒေါ်စုလွတ်မြောက်ရေး မဟာမြတ်မုနိတွင် ဆုတောင်း

မြင့်မောင်
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးမြို့ မဟာမြတ်မုနိဘုရားတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် သူမ၏ ရှေ့နေများကို အပြီးသတ် လျှောက်လဲချက်ပေးရန် ဒုတိယမြောက် ချိန်းဆိုလိုက်သည့် ယနေ့တွင် အန်အယ်ဒီ လူငယ် ၃၀ ခန့်က မဟာမြတ်မုနိဘုရား အင်္ဂါထောင့်တွင် အောင်သပြေပန်းများ ကပ်လှူပူဇော်ကာ လွတ်မြောက်ရေး ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“အင်္ဂါထောင့်မှာ ပန်းတွေ၊ ရေချမ်းတွေ ကပ်လှူဆုတောင်းခဲ့တယ်။ အနှောင့်အယှက်ကတော့ မရှိဘူး။ လူငယ်တွေက နောက်ရုံးချိန်တွေမှာလည်း လုပ်ဖို့ရှိတယ်” ဟု ဆုတောင်းပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မန္တလေးတိုင်း အန်အယ်ဒီ လူငယ်ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

“ဘုရားပေါ်မှာက လုံခြုံရေးတွေကတော့ တိုးချထားတယ်။ ရဲကား ၃-၄ စီး ပါတယ်။ ဟိုင်းလပ်ကားတွေနဲ့ လာတယ်။ ရဲဝတ်စုံ ဝတ်ထားတဲ့ ကားကလည်း ၃-၄ စီး ပါတယ်။ အရပ်ဝတ်နဲ့ လုံခြုံရေးက ဘုရားပုရဝုဏ်အတွင်းမှာ နေရာချထားတယ်။ သတင်းတပ်ဖွဲ့၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး၊ ကြံ့ဖွံ့တို့ပါ စောင့်နေတယ်” ဟု သူက ဆက်ပြောသည်။

အပြီးသတ် လျှောက်လဲချက်ကို စတင်ခဲ့သည့် ယခင်တပတ် သောကြာနေ့ကလည်း ပါတီလူငယ်များက မဟာမြတ်မုနိ ဘုရားပေါ်တွင် ယခုလိုပင် ဆုတောင်းပွဲ ကျင်းပခဲ့သေးသည်။ ဘုရားမှအပြန် နောက်ဆုံးတွင် ကျန်ရစ်သူ ပါတီလူငယ် ကိုတိုးကြီးအား အမည်မသိသူ လူ ၄ ဦးခန့်က ဘုရားကြီး မြောက်ဘက်မုဒ် စက်ဘီးအပ်သည့် နေရာတွင် အကြောင်းမဲ့ ထိုးကြိတ်ကန်ကျောက်မှု ပြုလုပ်ခဲ့ကြသည်။

ကိုတိုးကြီးက “ဆုတောင်းပွဲအပြီး ဘုရားက ပြန်အဆင်းမှာ အထိုးခံရတယ်။ ကျနော်တို့က ပြောရမှာက ဂွကျတယ်။ လုံခြုံရေးတွေရှေ့မှာ ထိုးတယ်ဆိုတော့ သူတို့ မဟုတ်ရင် ဘယ်သူ့ကို ပြောရမှာလဲ။ ထိုးတောင်မှ ဝင်ဖျန်ဖြေပေးရင် တမျိုး။ အဲလိုမဟုတ်ဘဲ ကြည့်နေတာဆိုတော့ သူတို့ လုပ်ခိုင်းတာလို့ ယူဆရပါတယ်” ဟု ပြောသည်။

အလားတူပင် မကွေးတိုင်း ရေနံချောင်းမြို့နယ် အန်အယ်ဒီ ပါတီဝင်များအနေဖြင့် ဒေါ်စု လွတ်မြောက်ရေးအတွက် ဘုရားကို သွားရောက်ဆုတောင်းခြင်း မပြုလုပ်နိုင်စေရန် ဒေသအာဏာပိုင်များက တားဆီးပိတ်ပင်ကြောင့် အစီအစဉ် အထမမြောက်ခဲ့ကြောင်း သိရသည်။

“ဦးတင့်လွင် ဂိုဒေါင်ကနေအထွက် ဘုရားကို အသွားမှာ အာဏာပိုင်တွေက ဝင်တားတယ်။ ဆက်ပြီးတော့ မသွားဖို့ ပြောတယ်။ သွားတဲ့လူ အကုန်လုံးကို ရယက (ရပ်ကွက်ကောင်စီ) ရုံးကို ခေါ်သွားတယ်။ မြို့နယ်မှူးက တွေ့ချင်လို့ပါဆိုပြီး စခန်းမှူးက ကျမတို့ကို ခေါ်သွားတယ်။ အကုန်လုံးကို မေးပြီးတော့ မြို့မ ရဲစခန်းကို ခေါ်သွားတယ်။ အဲဒီမှာ မြို့နယ်မှူးနဲ့ တွေ့ပြီးတော့ မလုပ်ဖြစ်အောင် တားတယ်” ဟု ပါတီဝင် မသန်းသန်းဋ္ဌေးက ပြောသည်။

ပါတီဝင် ၉ ဦးအား ထိုကဲ့သို့ ခေါ်ဆောင်သွားရာတွင် နံနက် ၈ နာရီမှ ၁၁ နာရီအထိဖြစ်ပြီး အပြန်တွင် အာဏာပိုင်များက ကားနှင့် ပြန်လိုက်ပို့ခဲ့သည်။

“ဒီနေ့ ဆုမတောင်းလိုက်ရဘူးပေါ့ရှင်။ ကျမတို့ကလည်း ကျမတို့ခေါင်းဆောင် လွတ်မြောက်ဖို့ ယုံယုံကြည်ကြည်နဲ့ ဘုရားမှာသွားပြီး ဆုတောင်းကြတာ။ နှောင့်ယှက် အတားအဆီး လုပ်တယ်ဆိုတော့ ကျမတို့ စိတ်ထဲမှာက ဒေါသဖြစ်မိတယ်” ဟု မသန်းသန်းဋ္ဌေးက ဆိုသည်။

ယနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၀ ခန့်မှ အန်အယ်ဒီ ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘုရားများသို့ သွားရောက်ကာ ဝတ်ပြုဆုတောင်းခဲ့ကြကြောင်း သိရသည်။

ဒေါ်စုအမှု တရားခွင်သို့ မြန်မာ့အလင်းသာ ဝင်ရောက်ခွင့်ရ

ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ် 21 နာရီ 51 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အပြီးသတ် လျှောက်လဲသည့် ဒုတိယမြောက် ယနေ့ တရားခွင်သို့ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းဌာနတခုဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ သတင်းထောက်များမှအပ ပုဂ္ဂလိက စာနယ်ဇင်းသမားများ တက်ရောက်ခွင့် မရခဲ့ကြောင်း သိရသည်။

အင်းစိန်ထောင်တွင်း တရားခွင်သို့ ယခင်အပတ် သောကြာနေ့က လာရောက်ခွင့် ရရှိခဲ့သည့် သံရုံး ၅ ရုံး မပါဝင်ဘဲ ကျန်သည့် သံရုံးအချို့မှ သံတမန်များ တက်ရောက်ခွင့်ရခဲ့ပြီး၊ မြန်မာစစ်အစိုးရ၏ သတင်းဌာန မြန်မာ့အလင်းကိုသာ တက်ရောက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လျှောက်လဲချက်ပေးရာ ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွဲမှ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် မစ္စတာယက်တောတို့ ၃ ဦးအတွက် လျှောက်လဲချက် တင်သွင်းရာ ပြီးပြတ်ခြင်း မရှိသဖြင့် မနက်ဖြန်သို့ ထပ်မံ၍ ရုံးချိန်းခဲ့သည်။

“ဒီနေ့မနက် ၁၀ နာရီမှာ ရုံးစပြီးထိုင်ပါတယ်။ စထိုင်ထိုင်ချင်းကို ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ရဲ့ ရှေ့နေအတွက် ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးပါတယ်။ အဲဒါပြီးတော့ မစ္စတာယက်တောရဲ့ ရှေ့နေ ဦးခင်မောင်ဦး လျှောက်လဲချက်ပေးပါတယ်။ အဲဒီ ၂ ယောက်ပြီးတော့ ခေတ္တ Break လုပ် တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “တနာရီက ပြန်စတယ်။ ပြန်စတော့ အစိုးရရှေ့နေက လျှောက်လဲချက်ပေးတယ်။ အဲဒါ ရုံးနားတဲ့ အချိန် ညနေ ၅ နာရီအထိပဲ။ ၅ နာရီမှာ အစိုးရှေ့နေပြီးသွားတော့ တရားရုံးက မနက်ဖြန် ၁ဝ နာရီကို ဆက်ချိန်းတယ်။ မနက်ဖြန် ၁ဝ နာရီမှာ ကျန်တဲ့လျှောက်လဲချက်တွေ ဆက်ပေးရဦးမယ်” ဟု ပြောသည်။

အစိုးရရှေ့နေက ဒေါ်စုသည် စည်းကမ်းဖောက်ဖျက်သဖြင့် ပြစ်မှုကျူးလွန်ကြောင်းနှင့် ၁၉၇၄ ခု အခြေခံဥပဒေသည် အသက်ရှိသေးသဖြင့် ယခုကဲ့သို့ အမှုစွဲဆိုခြင်းသည် တရားဝင်ကြောင်း လျှောက်ခဲ့သည်။

ယခုလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ သက်သေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုးက ၁၉၇၄ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ၁၉၇၄ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် တရားစွဲဆိုခြင်း မပြုနိုင်ကြောင်း ခုခံချေပထွက်ဆိုခဲ့သည်။

ယခုလ ၂၃ ရက် မြန်မာ့အလင်း သတင်းစာတွင် ဒေါ်စုအား ပြစ်မှုကျူးလွန်သဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြထားခြင်းသည် တရားရုံး ဂုဏ်သိက္ခာအား “ကျဆင်း” စေသည်ဟု တရားရုံးသို့ ယနေ့ လျှောက်လဲခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ တရားရုံးက မဆုံးဖြတ်ရသေးဘူး။ ဒီအခြေအနေမှာ သူတို့ ဒီလို ရေးတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တရားရုံးကို လျှောက်တယ်။ (၁) တရားရုံးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ (၂) တရားရုံးကို လွှမ်းမိုးချင်တဲ့ သဘောဖြစ်တယ်။ (၃) ဒေါ်အောင်ဆန်းစုကြည်က တရားရုံးရဲ့ အကာအကွယ်ကို မရဘူးဖြစ်နေတယ်လို့ ကျနော်တို့ လျှောက်ပါတယ်” ဟု သူက ပြောသည်။

၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေး ဆောင်ရွက်သောကြောင့် “နိုင်ငံရေးပြစ်မှု” ဖြင့် အရေးယူခံရခြင်း မဟုတ်ဘဲ “တည်ဆဲဥပဒေတရပ်” အား “ဖောက်ဖျက်ကျူးလွန်” သောကြောင့် တရားရင်ဆိုင်နေရသူ ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ လျှောက်လဲချက်အတွက် တရားရုံးက ယနေ့ မည်သို့မျှ တုံ့ပြန်ခြင်း မရှိကြောင်း သိရသည်။

မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အစိုးရရှေ့နေ၏ လျှောက်လဲချက်များနှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းချေပမည်ဖြစ်သည်။

မစ္စတာယက်တော ရင်ဆိုင်နေရသည့် စည်ပင်ယာသာဥပဒေနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေတို့ဖြင့် စွဲချက်တင်ထားမှုအတွက် ၎င်း၏ ရှေ့နေကလည်း လျှောက်လဲဦးမည်ဖြစ်သည်။

Tuesday, January 6, 2009

နာဂစ်အရေး ကူညီသူ ထောင်ဒဏ် ၁၀ နှစ်

မြင့်မောင်
အင်္ဂါနေ့၊ ဇန်နဝါရီလ 06 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်း ဒုက္ခသည်များကို အကူအညီပေးနေရင်း ဖမ်းဆီးခံခဲ့ရသူ တောင်ဒဂုံမြို့သား တဦးကို ယမန်နေ့က ဒဂုံတောင်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁၀ ချမှတ်လိုက်သည်။

တောင်ဒဂုံတွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ကိုခင်မောင်ဝင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က တရားမ၀င် အသင်းအဖွဲ့ဖွဲ့စည်းခြင်းနှင့် နယ်စပ် ဖြတ်ကျော်မှုတို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချလိုက်ခြင်း ဖြစ်သည်။

"ကိုခင်မောင်ဝင်းကို အသင်းအဖွဲ့ပုဒ်မ ၅ နှစ်နဲ့ လ၀က (လူဝင်မှုကြီးကြပ်ရေး) ပုဒ်မနဲ့ ၅ နှစ်၊ ပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ချလိုက်တယ်" ဟု အဆိုပါ အမှုနှင့် နီးစပ်သူ ရန်ကုန်မှ ရှေ့နေ ကိုညီညီလှိုင်က မဇ္ဈိမကို ပြောသည်။

တရားရုံးမှ အင်းစိန်ထောင်သို့ ပြန်ခေါ်သွားရန် ထောင်ကားပေါ်သို့ တက်သည့်အခါ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင် ရေးသားခဲ့သည့် 'ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံစိုက်မယ်' ဟူသည့် ကဗျာကို အော်ဟစ် ရွတ်ဆိုသွားခဲ့သည်ဟု မျက်မြင်များက ပြောပြကြသည်။

ကိုခင်မောင်ဝင်းသည် စစ်အစိုးရကို ဆန့်ကျင်သည့် အဖွဲ့တခုဖြစ်သော မျိုးဆက်သစ် လှုပ်ရှားမှု အဖွဲ့ဝင်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့က လေဘေးဒုက္ခသည်များအား ကူညီနေစဉ် ဖမ်းဆီးခဲ့ရသည်။ မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် တသိန်းလေးသောင်းနီးပါး သေဆုံး သို့မဟုတ် ပျောက်ဆုံး ဖြစ်ခဲ့ရသည်။

ကိုခင်မောင်ဝင်းသည် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခဲ့၍ မြန်မာနိုင်ငံတွင်းသို့ နယ်စပ်မှတဆင့် ဖြတ်ကျော် ၀င်ရောက်ခဲ့သည်။

ကိုညီညီလှိုင်က "ပြောရမယ်ဆိုရင် ပတ်စ်ပို့ ပျောက်သွားတဲ့လူ တော်တော်များများက အောက်လမ်းကနေ ပြန်ဝင်လာတာပဲ။ ကိုခင်မောင်ဝင်းကျတော့ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့အတွက် ဖြစ်တယ်" ဟု ပြောသည်။

တရားမျှတရေးအတွက် မျိုးဆက်သစ် လှုပ်ရှားမှုအဖွဲ့ကို ၂၀၀၈ ခုနှစ် မတ်လအတွင်းက ရန်ကုန်ရှိ လူငယ်အချို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး အနီရောင်ကင်ပိန်း၊ ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ထည့်ဝင်ရေး NO လှုပ်ရှားမှုတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုလို ပြစ်ဒဏ် စီရင်ချက် ချသည့်နေ့မှာပင် အင်းစိန်ထောင်ဗူးဝ၌ နှစ်ဖက်မိဘများ ရှေ့မှောက်တွင် တောင်ဒဂုံမြို့သူ အသက် ၂၉ နှစ်အရွယ် မပန်းဖြူဖြူပွင့်နှင့် လက်မှတ်ရေးထိုးကာ လက်ထပ်ခဲ့သည်။

Friday, August 15, 2008

မြန်မာ့အရေး ဆောင်ရွက်သူ ၉ ဦး စင်္ကာပူက ဗီဇာတိုးမပေး

မြင့်မောင် (မဇ္ဈိမသတင်းဌာန )
ကြာသပတေးနေ့၊ သြဂုတ်လ 14 2008

နယူးဒေလီ။ ။ နေထိုင်ခွင့် ကုန်ဆုံးသွားသူ မြန်မာ ၁၂ ဦးကို စင်္ကာပူ အာဏာပိုင်များက သက်တမ်း တိုးမပေးဘဲ ထားလိုက်သည်။

နေထိုင်ခွင့် ပါမစ်ကို အချိန်မီ သက်တမ်း တိုးမပေးဘဲ အကြောင်း အမျိုးမျိုးပြကာ ပိတ်ဆို့လိုက်သည့်အတွက် စင်္ကာပူနိုင်ငံမှ မြန်မာ ၃ ဦး ထွက်ခွါသွားရပြီး နောက်ထပ် ထွက်ခွါရန်လည်း ၉ ဦးမျှ ရှိနေသေးကြောင်း သိရခြင်း ဖြစ်သည်။

“ကျနော်က စင်္ကာပူ အမျိုးသား တက္ကသိုလ်မှာ ပညာသင်ခဲ့တယ်။ ကျောင်းပြီးချိန်မှာ တခြား ကျောင်းသားတွေနဲ့အတူ အလုပ်အကိုင် ရှာဖွေဖို့လည်း မရဘူး။ PR Application Offer Letter ကိုလည်း လက်ခံရရှိခြင်း မရှိဘူး” ဟု စင်္ကာပူမှ ထွက်ခွါခဲ့ရသူ ကိုစိုးသီဟက မဇ္ဈိမကို ပြောသည်။

သူက “အမှန်တကယ်က တိုးပေးရမယ်၊ ကျောင်းပြီးတဲ့ ကျောင်းသားတွေ အလုပ်ရပြီး ဒါမှမဟုတ် မလုပ်မရသေးတဲ့ သူတွေကို အလုပ်ရတဲ့ အထိ ၆ လကနေ ၁ နှစ်အထိ နေထိုင်ခွင့် ရှိတယ်။ သူများတွေရတဲ့ အခွင့်အရေးကို မရတဲ့ အခါ ကျနော်တို့ တခုခု ပေါင်းလုပ်သင့်တယ်။ နေထိုင်ခွင့် မရှိရင်တောင် ဘာလို့ နေထိုင်ခွင့် မရှိဘူးဆိုတာ ပြောသင့်တယ်။ ဘာတခုမှမသိဘဲ လက်မခံဘူး၊ နေလို့မရဘူးလို့ ပြောတော့ ထွက်လာခဲ့ရတာပေါ့” ဟု ပြောသည်။

ကိုစိုးသီဟ (National University of Singapore) ၊ ကိုမျိုးထွန်း (Work Permit) ၊ ကိုလှိုင်မိုး MOM (Ministry of Manpower) တို့သည် စင်္ကာပူနိုင်ငံမှ ကမ္ဘောဒီယား၊ ထိုင်းနှင့် မလေးရှားသို့ ထွက်ခွါခဲ့ရပြီး၊ ပြီးခဲ့သည့်နှစ် ရွှေဝါရောင် လှုပ်ရှားသည့် အချိန်က တက်ကြွစွာ ပါဝင်ခဲ့သူ မျိုးချစ်မြန်မာအဖွဲ့ဝင် ကိုကျော်စိုး (Temasek Polytechnic)၊ ကိုသူရိန်ဝင်း၊ မငွေဇင်စိုး (Temasek Polytechnic)၊ ကိုဝဏ္ဏစောသိန်း၊ မအေးသန္တာနှင့် ကိုစိုးထွန်းတို့ကိုလည်း အကြောင်းအမျိုးမျိုးပြကာ သက်တမ်း မတိုးပေးဘဲ ထားရှိသည်။

“ကျနော်က ပတ်စ်ပို့ သက်တမ်းတိုးတယ်။ အဲဒါ တိုးမပေးဘူး။ ပုံမှန်အရဆိုရင် ပတ်စ်ပို့ သက်တမ်းတိုးရင် တပတ်ပဲ ကြာတယ်။ အဲဒါကို နှစ်လလောက် စဉ်းစားမယ်လို့ ပြောတယ်။ MOM (Ministry of Manpower) အဲဒီလို ပြောပြီး စာပို့တယ်။ အဲဒီလို ပြောပြီး မကြာဘူး ကျနော့် လျှောက်လွှာက၊ သက်တမ်းတိုးတဲ့ ကိစ္စက MOM Rule ကို ၅ ခေါက် သွားမေးတယ်။ သေသေချာချာ၊ ကောင်းကောင်းမွန်မွန် မပြောဘူး။ ဘာတခုမှ မရှင်းပြဘူး” ဟု စင်္ကာပူမှ ထွက်ခွါခဲ့ရသူ ကိုလှိုင်မိုးက ပြောသည်။

သူက ဆက်ပြီး “ပထမ တကြိမ်သွားတုန်းက ကျနော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ကျနော့် ပတ်စ်စပို့ကို တောင်းတော့ ပေးလိုက်တယ်။ အသေးစိတ် ထွက်လာတယ်။ ဘာရေးထားလဲ မသိဘူး။ ချက်ချင်းပဲ မျက်နှာပြောင်းသွားတယ်။ ကျနော်ကို ဘာတခုမှ မရှင်းပြဘဲ ထားတယ်။ နောက်ပိုင်း Human Resource Department မှာ ကျနော် ကုမ္ပဏီအရာရှိဆီ Email အရ ကျနော့်ကို Police Record ရှိတာကြောင့် MOM မှာ လုပ်မပေးနိုင်တဲ့အကြောင်း သိရတယ်” ဟု ပြောသည်။

နောက်ထပ် ကျန်ရှိသူ အမျိုးသမီး ၃ ဦးအမည်နှင့် အချက်အလက်များကို ဖော်ပြရန် အဆင်သင့် မဖြစ်သေးကြောင်းနှင့် သူတို့ ၃ ဦးသည် Temasek Polytechnic မှ ကျောင်းပြီးထားသူများဖြစ်ကာ PR များဖြစ်သည်ဟု စင်္ကာပူရောက် အကြားအမြင်များသည့် မြန်မာသတင်းရပ်ကွက် တခုက ဆိုသည်။

ကျောင်းသားတဦး အနေဖြင့် တက်ရောက် ပညာသင်ကြားခွင့် Student Pass ပေးပြီးနောက် ကျောင်းပြီးသည့်အခါ အလုပ်အကိုင် ရှိနေလျှင် လူမှုရေးဆိုင်ရာ အလည်အပတ်အဖြစ် Social Visit Pass နေထိုင်ခွင့် တိုးပေးရမည် ဖြစ်သလို၊ အလုပ်မရှိသေးသူများ ဖြစ်လျှင်လည်း တလချင်း တိုးပေးသွားနိုင်ကြောင်းနှင့် အချို့ဆိုလျှင် ယခုထက် ကာလရှည်စွာ နေထိုင်ခွင့်ပြုကြောင်း သိရသည်။

ယခုလို နေထိုင်ခွင့် တိုးမြှင့်ပေးခံခြင်း မရှိသည့် မြန်မာများက စင်္ကာပူအစိုးရမှ တိကျစွာ အဖြေပေးရန်အတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ထားသော်လည်း ယခုထိ အဖြေထွက်ခြင်း မရှိသေးပါ။

မြန်မာပြည်တွင်း၌ အလုပ်အကိုင် ရှားပါးခြင်းနှင့် ပညာရေး အာမခံချက် ကျဆင်းလာခြင်းတို့ကြောင့် စင်္ကာပူနိုင်ငံသို့ ပညာသင်ရန်နှင့် အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်နေထိုင်သူ တသိန်းနီးပါး ရှိသည်ဟု မြန်မာများက ခန့်မှန်း ပြောဆိုကြသည်။

စင်္ကာပူအစိုးရ အနေဖြင့် လွန်ခဲ့သော မတ်လမှ စတင်ကာ မြန်မာ့အရေး လှုပ်ရှားသော အဖွဲ့များအား ပြင်းထန်စွာ နှိမ်နင်းရန် ကြိုးစားခဲ့သော်လည်း ထိုအချိန်က စင်္ကာပူသို့ လာရောက် ပညာသင်ကြားသူ၊ အလုပ်လုပ်ကိုင်သူတို့၏ ဗီဇာသက်တမ်းမှာ အားလုံးနီးပါး မကုန်သေးသောကြောင့် သိပ်ပြီး မထင်ရှားခဲ့ကြောင်း မြန်မာသတင်း ရပ်ကွက်က ဆိုသည်။

သို့သော်လည်း ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ ဗီဇာသက်တမ်း ကုန်သောသူများ၊ တဦးပြီးတဦး ရှိလာခဲ့ရာ ယခုအချိန်အထိ ၁၂ ဦးတိတိ စတင် ထိခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

Tuesday, July 22, 2008

ကားမှောက်၍ နော်အုန်းလှ ပြင်းထန်စွာ ဒဏ်ရာရ

မြင့်မောင်
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008

နယူးဒေလီ။ ။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ဒေါ်နော်အုန်းလှသည် ယမန်နေ့က မှော်ဘီမြို့နယ်အတွင်းရှိ အောင်ဆန်းကျေးရွာသို့အသွား လိုက်ပါလာသည့် မော်တော် ကား တိမ်းမှောက်သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး တွင် အရေးပေါ် လူနာအဖြစ် ဆေးကုသခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဆုတောင်းပွဲများ ပြုလုပ်နေသည့် မှော်ဘီမြို့သူ ဒေါ်နော်အုန်းလှသည် ဒဏ်ရာပြင်းထန်စွာရကာ ဆေးရုံကြီးသို့ ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိလာပြီး နောက် ကျား၊မ ဆောင် - ကုတင်နံပါတ် ၁ ၊ ခွဲစိတ်ကုသဆောင် ၅၊၆ တွင် အရေးပေါ် လူနာအဖြစ် ကုသခံနေရ ခြင်းဖြစ်သည်။

“သူ ရတဲ့ ဒဏ်ရာကတော့ တော်တော် ပြင်းထန်ပါတယ်။ ဦးခေါင်းမှာ ကွဲပြီးတော့ ၁၇ နှစ်ချက် ချုပ်လိုက်ရတယ်။ ဝဲဘက် ညှပ်ရိုးကျိုးသွားတယ်။ ခါးဆစ်ရိုးကလည်း ကျေသွားတယ်။ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သူ့ကို ကုတင်ပေါ်မှာ တွေ့ရတယ်။ သူက သတ္တိကောင်းတဲ့ အမျိုးသမီးဆိုတော့ သူ့ကို လာတွေ့တဲ့ အဖွဲ့ချုပ်ဝင်တွေကို စကား ပြောဆို နိုင်ပေမယ့် ဒဏ်ရာက အတော်ကို ပြင်းထန်တယ်” ဟု ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ရန်ကုန် အန်အယ်ဒီ အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

မွန်းလွဲ ၂ နာရီခန့်က မှော်ဘီမြို့နယ် အောင်ဆန်းကျေးရွာတွင် အင်္ဂါနေ့တိုင်း ပြုလုပ်နေကျ အတိုက်အခံခေါင်းဆောင် လွတ်မြောက်ရေးအတွက် သံဃာတော်များကို ဆွမ်းကပ်ရန်နှင့် ဝါဆိုသင်္ကန်း ကပ်လှူ ပွဲအတွက် လိုင်းနံပါတ် ၁၃၈ ၊ တိုက်ကြီး-ရန်ကုန် ကားလိုင်း (ဟိုင်းလပ်စ်ကား ပ၊၈၆၇၉) နှင့် စီးနင်း လိုက်ပါ သွားစဉ် အောင်ဆန်းရွာအနီးတွင် ကားတိမ်းမှောက်ခြင်းဖြစ်သည်။

ဒေါ်နော်အုန်းလှနှင့် ခရီးသည်တဦးသည် အရေးပေါ် လူနာအဖြစ် ကုသခံနေရသလို၊ ၅ ဦးသည် သာမန် ထိခိုက် ဒဏ်ရာများ ရရှိကာ၊ သူနာပြုဆရာမ တဦးမှာမူ အခြေအနေဆိုးရွားကြောင်း သိရသည်။

၂ဝဝ၄ ခုနှစ် ဇူလိုင်လမှ စတင်ကာ ဒေါ်နော်အုန်းလှ ဦးဆောင်သည့် ဘုရားဖူးအဖွဲ့သည် ရန်ကုန်မြို့ ရွှေတိဂုံဘုရားသို့ အပတ်စဉ် သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြု ဆုတောင်းလေ့ရှိခဲ့သည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်လှုပ်ရှားမှုတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သဖြင့် နောက်ပိုင်းတွင် မှော်ဘီမြို့ပြင်ပသို့ ခရီးမထွက်ရန် ခြေချုပ်ချထားခြင်းခံခဲ့ရသည်။ ယခင်ကတည်းက အရိုး၊ အကြောကု ဆရာများနှင့် ကုသနေခဲ့ရသူ ဒေါ်နော်အုန်းလှသည် ခြေချုပ်ကျခံရပြီးနောက် ပြသနေကျ ဆရာများထံ သွားရောက် ကုသခွင့် မရခဲ့ပေ။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲ ၄ နှစ်မြောက်ဖြစ်သဖြင့် အောင်ဆန်းကျေးရွာ ရွှေမှော် တင်စေတီအတွင်းရှိ ဘုရားကြီးကျောင်းတိုက်မှ သံဃာတော်များထံ ဆွမ်း၊ သင်္ကန်းကပ်လှူရန် သွားရောက်နေစဉ် ယခုလို ကားမှောက်ခဲ့ရခြင်းလည်းဖြစ်သည်။

သို့သော် အင်္ဂါနေ့တိုင်း ကပ်လှူသည့် အစီအစဉ်နှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲကို ကျန်ရှိသူများက ဆက်လက်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အာဇာနည်နေ့ အခမ်းအနားများ အတိုက်အခံများ ကျင်းပ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 19 2008

အိန္ဒိယ။ ။ ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ရုံးနည်းတူ အခြား မြို့နယ်များတွင်လည်း အခမ်းအနားများကို ကျင်းပကြသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်၊ အဖွဲ့ဝင်များ၊ မိတ်ဖက် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ ဝါရင့်နိုင်ငံရေး သမားကြီးများ၊ သံရုံးဝန်ထမ်းများနှင့် နိုင်ငံခြား သတင်းထောက် တက်ရောက်ကြသည်။

မိတ္ထီလာ၊ ရေနံချောင်း၊ မန္တလေး၊ အောင်လံ၊ မှော်ဘီမြို့နယ်များရှိ အဖွဲ့ချုပ် ရုံးများတွင် ကျင်းပသလို အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံများတွင်လည်း အတိုက်အခံများက အာဇာနည် ခေါင်းဆောင်ကြီးများကို အောက်မေ့ ဂါရဝပြု အခမ်းအနားများ ကျင်းပခဲ့ကြသည်။

မိတ္ထီလာမြို့ အဖွဲ့ချုပ်က လွမ်းသူပန်းခွေကို အာဇာနည်ကျောက်တိုင်တွင် လုပ်ရန် ခွင့်တောင်းခြင်းကို အာဏာပိုင်များက ပိတ်ပင်၍ ဘုန်းကြီးဆွမ်းကပ်ခြင်းနှင့် ရုံးတွင်း အခမ်းအနားသာ ပြုလုပ်ခဲ့ရသည်။

“အာဏာပိုင်တွေက နေပြည်တော်နဲ့ ဗဟိုက လွဲပြီးတော့ ဘယ်မှ လုပ်ဖို့ အစီအစဉ် မရှိပါဘူးပြောတယ်။” ဟု မိတ္ထီလာ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

အာဏာပိုင်များက မိတ္တီလာမြို့တွင် လုံခြုံရေးများ ထူးကဲစွာချထားပြီး လမ်းများတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အလားတူပင် ရေနံချောင်းမှာလည်း အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။

“ကျဆုံးသွားတဲ့ အာဇာနည်များရဲ့ ကိုယ်ကျိုးစွန့် စိတ်ဓာတ်ကို နောင်လာနောက်သားတွေ သိဖို့လုပ်ရမယ် ဖော်ထုတ်ရမယ်။ ကျေးဇူးကို ဆပ်ရမယ်။ မစားဘဲနဲ့ စွန့်သွားတဲ့ ပုဂ္ဂိုလ်တွေ ကို မစွန့်ဘဲနဲ့ စားတဲ့ လူတွေကို ဘာလို့ မနာလိုနေရတာလဲ မသိဘူး” ဟု ရေနံချောင်း အဖွဲ့ချုပ် ဒုဥက္ကဌ ဖြစ်တဲ့ ဒေါ်ခင်စောဌေးက ပြောသည်။

အဖွဲ့ချုပ်ဝင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွတ်ပေးရန် ထပ်မံ တောင်းဆိုလိုက်ပြီး ဖျက်သိမ်းခံ နိုင်ငံရေး ပါတီများအား တရားဝင် ပြန်လည်ဖွဲ့စည်းခွင့်၊ စည်းရုံး လှုံ့ဆော်ခွင့်များ ပေးရန် တောင်းဆိုခဲ့ကြသည်။

အန်အယ်လ်ဒီရုံးတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 19 2008

နယူးဒေလီ။ ။ အာဏာပိုင်များ စောင့်ကြည့်နေသည့်ကြားက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပနေဆဲ ဖြစ်သည်။

အနည်းဆုံး အင်အား တထောင်ကျော်ရှိသော ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ စွမ်းအားရှင်၊ လုံထိန်းရဲနှင့် မီးသတ်တို့က အဖွဲ့ချုပ် ရုံးတဝိုက်နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ လမ်းမကို ပိတ်ဆို့ စောင့်ကြပ်နေခဲ့သည်။ အဖွဲ့ချုပ်ရုံးသို့ သွားရာလမ်းများတွင် ယာဉ်သွားလာမှု ပိတ်ပင်ထားပြီး လမ်းလျှောက်၍သာ ဖြတ်သန်း သွားလာခွင့်ရှိပြီး ဒေါ်စုနေအိမ် သွားရာလမ်းကို အပြင်လူ ဖြတ်သွားလာခွင့် ပိတ်ပင်ထားသည်။

သို့သော်လည်း ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ အဖွဲ့ချုပ်ဝင် ၄ဝဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု တက်ရောက်ခဲ့သူ ပါတီဝင် လူငယ်တဦးက ပြောသည်။

“ကျနော်တို့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဓမ္မရုံမှာ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကားများ ၈ စီးလောက်ရှိပြီး ကျောက်ဆည် ဓမ္မာရုံး လုံထိန်းကားတွေ ရပ်ထားတယ်။ ရွှေဂုံတိုင်လမ်းကို ရုံးဘက်ကိုဝင်တဲ့ ကားလမ်းကို ပိတ်ထားတယ်။ ပြည်လမ်းကနေ ရုံးဘက်ကိုဝင်တဲ့ လမ်းကို ပိတ်ထားတယ်။ ထွက်ရင် ထွက်လို့ ရတယ်။ အဲဒီဘက်မှာလည်း စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကားများ ၁၅ စီးလောက် ရပ်ထားတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်း နှင့် ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

“ထူးခြာတာကတော့ ရပ်မိရပ်ဖတွေ လိုပြောပေမဲ့လည်း လာတဲ့သူတွေက စနစ်တကျ ကားတွေဘာတွေနဲ့ စုစည်းပြီးတော့ လာကြတယ်ဆိုတော့ လူတစု အဖွဲ့တခုကနေပြီးတော့ စီစဉ်တဲ့ သဘောရှိတယ်။ အရင်တုန်းက ကားနံပါတ်တွေကို ဒိုင်နာတွေမှာ အရင်တုန်းက ဗျောင်ရေးထားပေမဲ့လည်း အခုဟာက နံပါတ်ပြားတွေ ဖြုတ်ထားတယ်။ လိုင်းနာမည်ကိုလည်း စတစ်ကာနဲ့ ပိတ်ထားတယ်” ဟု သူက ဆက်ပြောသည်။

ရွှေတိဂုံဘုရားသို့ တက်ရာလမ်းကြောင်းများတွင်လည်း အစစ်အဆေးများ ပိုက်စိတ်တိုက် လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် လုံထိန်းများက စောင့်ဆိုင်းနေခဲ့ကြသည်။

ဗိုလိချုပ်ပြတိုက်ကို ယနေ့ ဖွင့်လှစ်ထားခဲ့ရာ လာရောက် ကြည့်ရှုသူများ ရှိခဲ့သည်။ ပြတိုက်အပေါ်ထပ်သို့ တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ပြီး နာဂစ်မုန်တိုင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း နေခဲ့သော အိမ်သည် ပျက်စီး ထိခိုက်မှုများ ရှိခဲ့သည်ဟု ပြတိုက် တာဝန်ရှိသူများ အပြောအရ သိရသည်။

အန်အယ်ဒီ ပါတီဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာ

သန်းထိုက်ဦး၊ မြင့်မောင်
တနင်္လာနေ့၊ ဂျူလိုင်လ 21 2008

ချင်းမိုင်။ ။ မကြာသေးခင်က ဖမ်းဆီးခံရသူ ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦးနှင့် ကျူရှင်ဆရာ တဦးကို ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့သည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ မတိုင်ခင် နှစ်ရက်အတွင်း နယ်မြေခံ အထူး ရဲတပ်ဖွဲ့ဝင်များက မေးမြန်းရန်ရှိသည် ဟုဆိုကာ သူတို့ကို နေအိမ်များမှ ရန်ကုန်မြို့ ပြည်ထဲရေးရုံးချုပ်နှင့် နီးစပ်ရာ ရဲစခန်းများတွင် ထိန်းသိမ်းပြီးနောက် ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

“ကြည့်ရတာက သူတို့က ထိန်းချုပ်တာပေါ့နော်။ အဲဒီ (အာဇာနည်ကုန်း) ကို မရောက်အောင်၊ လှုပ်ရှားမှု မရှိအောင် ထိန်းချုပ်တဲ့ သဘောပဲ။ မနက်ဖြန် ဘယ်သွားဖို့ ရှိလဲပေါ့။ ကျနော်က သွားမယ်၊ နှစ်တိုင်း ချီတက်နေကျပဲ၊ အာဇာနည်ကုန်းအထိ သွားအလေးပြုမယ်ပေါ့နော်။ အဲဒီလောက်ပါပဲ” ဟု တွံတေးမှ ကျူရှင်ဆရာ ဦးအောင်ဖေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ကျနော်က မေးတယ်။ အဲဒီထဲက ဒု-ရဲအုပ် တယောက်ကို မေးတယ်ပေါ့နော်။ ဒီလိုပဲ ခေါ်လို့ ရလားလို့ဆိုတော့ - မဟုတ်ဘူးတဲ့၊ ကျနော်တို့က အဲဒီလို နိုင်ငံရေးနဲ့ ပတ်သက်လို့ မသင်္ကာတဲ့အခါမျိုးမှ ခေါ်မေးလို့ ရတာပေါ့နော်။ သူတို့က အဲဒီလို ပြောတယ်။ ၂၄ နာရီအတွင်းမှာ ချုပ်နှောင်ခြင်း မရှိဘဲနဲ့ ခေါ်မေးလို့ ရတယ်တဲ့” ဟု ပြောသည်။

အဖွဲ့ချုပ် လူငယ်တာဝန်ခံ (၁) ကိုသီဟန် (ဒဂုံမြို့သစ်)၊ မထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ ရန်ကုန်တိုင်း လူမှုအထောက်အကူပြု အဖွဲ့ဝင် ကိုမြင့်ဌေး (တာမွေ)၊ အဖွဲ့ချုပ် လူငယ်အဖွဲ့ ကိုဝင်းမြင့်မောင် (ခရမ်းမြို့)၊ လူမှုအထောက်အကူပြုအဖွဲ့ဝင် ဦးသိန်းမြင့်ထွန်း (ဒဂုံမြို့သစ်)၊ အဖွဲ့ချုပ်လူငယ် တာဝန်ခံ (၂) ကိုကျော်ဇေယျ (မောင်းမကန်) နှင့် ကျူရှင်ဆရာ ဦးအောင်ဖေ (တွံတေး) တို့ကို ယခုလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းမြင့်ထွန်းကမူ သူ့ကို ဇူလိုင်လ ၁၈ ရက် ည ၁၂ နာရီခန့်တွင် တောင်ဒဂုံ ရဲစခန်းသို့ စတင်ခေါ်ဆောင်ပြီး နောက်ရက်တွင် ပြည်ထဲရေး ရုံးချုပ်သို့ ခေါ်ဆောင်ကာ အနောက်ပိုင်းခရိုင် မူးယစ်အထူးတပ်ဖွဲ့က စစ်ဆေးခဲ့သည်ဟု ပြောသည်။

သူက “စခန်းရောက်တော့ SP ကားနဲ့ ပြည်ထဲရေးကို ခေါ်သွားတာ။ ကျနော်နဲ့အတူ ကိုသီဟန်ကို ပြည်ထဲရေးရုံးမှာ အခန်းတခန်းစီ ထားပါတယ်။ ဟိုရောက်တော့ မူးယစ်အထူးမှာ ထားတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတာတွေ ကြားလားလို့ပဲ မေးတယ်။ ကျနော်က နိုင်ငံရေးသမားမို့လို့ ဘာမှမသိဘူးလို့ ပြန်ပြောလိုက်တယ်” ဟု ပြောသည်။

မောင်းမကန် အဖွဲ့ချုပ်လူငယ် တာဝန်ခံ (၂) ကိုကျော်ဇေယျကို ဇူလိုင်လ ၁၈ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် မြောက်ဥက္ကာပမြို့နယ် ပြည်သူ့ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်တရက်တွင် ဒုရဲအုပ် ရဲဝန်ထမ်းတဦးက အန်အယ်ဒီ လူငယ်အချို့နှင့် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအကြောင်း သူ့ကို မေးမြန်းခဲ့သည်ဟု ဆိုသည်။

ကိုကျော်ဇေယျက “ရွှေပြည်သာမှာ ဖောက်ခွဲတဲ့ ရယက ရုံး ဗုံးဖောက်ကွဲတဲ့ ကိစ္စတွေမေးတယ်။ အဲဒါတွေ မသိကြောင်း၊ သူတို့ပြောမှ သိကြောင်း ပြောပြတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း အဲဒီလို လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း၊ ကျနော်တို့အနေနဲ့လည်း မသက်ဆိုင်တဲ့အကြောင်း ပြောပြတယ်” ဟု ပြောသည်။

“(အာဇာနည်ကြီးများ ကျဆုံးချိန်) မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ စစ်ဆေးနေတဲ့ အတောအတွင်းမှာပဲ ကျနော် ထပြီးတော့ အလေးပြုလိုက်ပါတယ်။ ဘေးနားမှာ စစ်နေတဲ့ သူတွေအားလုံး ထပြီးတော့ အလေးပြုကြပါတယ်” ဟု သူက ဆက်ပြောသည်။

အားလုံးကို ခံဝန်ကတိ လက်မှတ်ရေးထိုးခြင်းနှင့် တစုံတရာ လှုပ်ရှားမှု မပြုလုပ်ရန် ဖိအားပေးခြင်း မရှိဘဲ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

အာဇာနည်နေ့ကို မဖြစ်မနေ ကျင်းပသွားမည်ဟု အန်အယ်ဒီ ပြောကြား

သန်းထိုက်ဦး၊ မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 18 2008

ချင်းမိုင်။ ။ အာဏာပိုင်များဘက်မှ နှောက်ယှက် ကန့်သတ်မည့် အရိပ်ရောင်များ ရှိနေသော်လည်း မနက်ဖြန် ကျရောက်မည့် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်သည်အထိ ကျင်းပသွားမည်ဟု အတိုက်အခံ နိုင်ငံရေး ပါတီကြီးက ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ဗဟိုရုံးချုပ်၊ ရွှေတိဂုံ၊ ဆူလေးဘုရား အနီးတဝိုက်နှင့် အာဇာနည်ကုန်းတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားသော်လည်း မနက်ဖြန် ကျရောက်မည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရုံးချုပ်တွင် မဖြစ်မနေ ကျင်းပရန် စီစဉ်ထားရှိခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက်မွေးနေ့ ကျင်းပစဉ်ကကဲ့သို့ပင် ကြံ့ခိုင်ဖွံ့ဖြိုးရေးများက ဝင်ရောက် ရိုက်နှက်ခြင်းများ ပြုလုပ်သကဲ့သို့ ယခုလည်း အလားတူ လုပ်လာမည်ဟူသော စိုးရိမ်ချက်မှုများလည်း တက်ကြွ လှုပ်ရှားသူများအကြား ဖြစ်ပေါ်နေသည်။

“ကျနော်တို့ အစဉ်အလာအတိုင်း နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်မယ်ဆိုရင်တော့ နှောင့်ယှက် လာနိုင်စရာတွေတော့ ရှိတယ်။ သို့သော်လည်း နှောင့်ယှက်ခြင်း မနှောင့်ယှက်ခြင်းက သူတို့အပိုင်းပေါ့။ ကျနော်တို့က ဥပဒေနဲ့အညီ ကျနော်တို့ ရုံးခန်းထဲမှာ ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုမယ့် အခမ်းအနားကို မဖြစ်ဖြစ်အောင် လုပ်ကြမယ်၊ အောင်မြင်အောင် လုပ်မယ်” ဟု အန်အယ်ဒီ သတင်းနှင့် ပြန်ကြားရေးမှ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားကို ရုံးချုပ်တွင် ကျင်းပရာ အာဏာပိုင်များ၏ ရှေ့မှောက်၌ပင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ရုံးဝန်းအတွင်း ဝင်ရောက်ကာ ပါတီဝင် နှစ်ဦးနှင့် အခမ်းအနား တက်ရောက်လာသူ နှစ်ဦးသည် ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရသည်။

နှစ်စဉ် ရန်ကုန်မြို့တွင် ကျင်းပမြဲဖြစ်သော နိုင်ငံတော်အဆင့် အခမ်းအနားကို မြို့အဆင့်သို့သာ လျော့ချလိုက်သည်။ ယဉ်ကျေးမှုဝန်ကြီး အစား ရန်ကုန်မြို့တော်ဝန်သာ တက်ရောက်မည်ဟု ဒီပီအေ သတင်းတပုဒ်က ဖော်ပြထားသည်။ နိုင်ငံခြား သံတမန်များကိုလည်း ဖိတ်ကြားပြီးမှ ပြန်လည် ပယ်ဖျက်ခဲ့သည်။

ထိုသို့ ဖြစ်ထွန်းမှုများက အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းတကွ လွတ်လပ်ရေး သူရဲကောင်း ၉ ဦးကို ဂါရဝပြုခြင်းအပေါ် အာဏာပိုင်များဘက်မှ နှောက်ယှက်ရာတွင် မမြင်တွေ့လိုစေလိုသဖြင့် လုပ်ဆောင်သည်ဟု အတိုက်အခံ အသိုင်းအဝိုင်းတွင် ယုံကြည်နေကြသည်။

ဒေါက်တာဝင်းနိုင်က “နအဖ စစ်အစိုးရ အနေနဲ့ လုံခြုံရေးတင်းကျပ်တဲ့ အဆင့်ထက် တင်းကျပ်ပြီးတော့ ရန်စကျုးကျော် အကြမ်းဖက် ရိုက်နှက်တဲ့ အဆင့်မျိုးထိ ရောက်လာတာပါ။ ဒါပေမဲ့ ကျနော်တို့ကတော့ လူတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အခမ်းအနားကို အောင်အောင်မြင်မြင်နဲ့ ပြီးဖို့ ရည်ရွယ်ထားတယ်” ဟု ပြောသည်။

အာဏာပိုင်များက ယနေ့တွင်မူ ရုံးချုပ် အနီးတဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးကို တိုးမြှင့်ချထားသည်။

မနက်ဖြန် နံနက်အစောပိုင်းတွင် ရုံးချုပ်၌ သံဃာတော်များအား အာရုဏ်ဆွမ်း ကပ်လှူပြီး ၁ဝ နာရီ ၃၇ မိနစ်တွင် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုမည်ဖြစ်ကာ နေ့လယ် ၁၂ နာရီတွင် အခမ်းအနားကို စတင် ကျင်းပသွားမည်ဟု သိရသည်။

အခမ်းအနားသို့ နိုင်ငံခြား သံတမန်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ဝင်များ၊ အခြား နိုင်ငံရေး ပါတီများနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ တက်ရောက်ရန်အတွက် ဖိတ်ကြားပြီး ဖြစ်သည်။

ဒေါက်တာဝင်းနိုင်က “သူတို့ ဝင်ပြီးတော့ ရိုက်တယ်၊ နှက်တယ်။ ပြောရရင်တော့ အင်ဒိုနီးရှားက မဂ္ဂါဝဒီ ဆူကာနိုပူတြီတို့ ပါတီကို ရုံးထဲ အကြမ်းဖက် ဝင်ရောက် ရိုက်နှက်တာမျိုးတွေ၊ အခု ဇင်ဘာဘွေမှာ ဖြစ်နေတဲ့ အတိုက်အခံ ပါတီဝင်တွေကို ရိုက်နှက်တာမျိုးတွေ ရှိနေတယ်ဆိုတော့ သူတို့ လုပ်ချင်လည်း လုပ်မှာပေါ့။ ဒေါ်စုမွေးနေ့တုန်းက သက်သေပြနေတာက ရုံးထဲဝင်ရောက် ဖမ်းဆီးတာတွေ ရှိခဲ့တယ်ဆိုတော့ လက်စလက်န ရှိနေတဲ့ သူတွေကို မလုပ်ဘူးလို့တော့ မပြောနိုင်ဘူး” ဟု ပြောသည်။

ဝါရင့် နိုင်ငံရေး သမားကြီးများအဖွဲ့မှ သခင်ချန်ထွန်းက ဓဒေါ်အောင်ဆန်းစုကြည် သွားလာနေတုန်းလည်း ရိုက်လာတာပဲ။ ဒီပဲယင်းမှာတုန်းကလည်း လူဦးရေ အများကြီး သေတာတို့၊ ကားတွေ အများကြီး မီးရှို့ခံရတာတို့၊ အများကြီးပဲ။ ဒါတွေက သမိုင်းမှာ မကောင်းတဲ့ အချက်တွေပဲ၊ အမဲကွက်ကြီးတွေပဲ။ ဖျောက်ဖျက်လို့မရတဲ့ ကိစ္စတွေပဲ။ ဒါမျိုးတွေကို အမှန်ကတော့ မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ အစိုးရအနေနဲ့၊ တပ်မတော် ခေါင်းဆောင်ကြီးတွေအနေနဲ့လည်း ထိန်းသိမ်းပေးဖို့၊ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဗြိတိသျှ ကိုလိုနီ နယ်ချဲ့လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်များရုံး၌ အစိုးရအဖွဲ့ဝင်များ အစည်းအဝေး ကျင်းပနေစဉ် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီး ၉ ဦးမှာ ပြိုင်ဘက် နိုင်ငံရေးသမား ဂဠုန်ဦးစော၏ လူများက လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရသည်။