Thursday, March 2, 2017
Thursday, April 4, 2013
ဘုန်းဘုန်းချမှ.........လုံးလုံးရမယ် သံချပ်
Posted by Ko Myint Maung at Thursday, April 04, 2013 0 comments
Tuesday, April 2, 2013
Friday, November 19, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ်
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး
၇ နှစ်ကြာ နေအိမ်အချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ၊ အင်တာနက်နှင့် မီဒီယာသစ် သုံးစွဲမှု၊ တိုင်းရင်းသားအရေး၊ ဂျွန်ယက်ထောကို ဘယ်သူလွှတ်လဲ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ၊ လုံခြုံရေး အကြောင်းများ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ကိုစိန်ဝင်းက တယ်လီဖုန်းဖြင့် မေးမြန်းထားသည်။
ကျနော် ပထမဆုံး အိန္ဒိယနဲ့ ပတ်သက်တဲ့ မေးခွန်းမေးချင်တယ်ခင်ဗျ၊ အိန္ဒိယလူထုအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘာများလုပ်ပေးနိုင်တယ် အန်တီ ထင်လဲခင်ဗျ။
ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူး ဆိုတာက အန်တီတို့ မြန်မာတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။
အန်တီတို့ နိုင်ငံ ၂ နိုင်ငံဟာ လွတ်လပ်ရေးကြိုးပမ်းတဲ့ ကာလကနေစပြီး မိတ်ဆွေတွေလို ရဲဘော်ရဲဘက်တွေလို လုပ်ခဲ့ကြတာ၊ အခုနောက်ပိုင်းမှာတော့ အိန္ဒိယ ပြည်သူတွေက သိသင့်သလောက် မသိဘူးလို့ အန်တီထင်တယ်၊ အဲဒါ ပိုပြီးတော့ သိနိုင်ရင် ပထမဆုံး ခြေလှမ်းပဲ။
အိန္ဒိယ ပါလီမန်၊ အစိုးရက ဘာတွေလုပ်နိုင်တယ် ဘာတွေဖြစ်သင့်တယ်လို့ အန်တီပြောချင်လဲ။
အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံဆိုတော့ အခုမေးလိုက်တဲ့မေးခွန်းနဲ့ ခုနတုန်းက ပြောလိုက်တဲ့ကိစ္စနဲ့ ဆက်နွယ်နေတယ်၊ ဒီမိုကရေစီနိုင်ငံဆိုတော့ ပြည်သူလူထုက နိုးကြားတက်ကြွပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ စိတ်ဓာတ်တွေရှိရင် ပါလီမန်နဲ့ အစိုးရကလဲ လျစ်လျူရှုထားလို့ ရမှာမဟုတ်ဘူး၊ အဲဒါကြောင့်မလို့ ပထမဆုံး ခြေလှမ်းက အိန္ဒိယ ပြည်သူလူထုအနေနဲ့ အန်တီတို့ ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်းကို ပိုပြီး သိဖို့၊ ထောက်ခံလာဖို့လိုတယ်။
အိန္ဒိယဘက်က ပြောလေ့ပြောထရှိတာက တရုတ်က မြန်မာပြည်ထဲကို လွှမ်းမိုးလာတယ်၊ နောက်တခုက မြန်မာပြည်မှာ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း ပြောင်းလဲ ဖြစ်ထွန်းလာတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆတွေရှိတယ်၊ အဲဒီအယူအဆနဲ့ ပတ်သက်ပြီးတော့ အန်တီ့အမြင်ကကော ဘယ်လိုလဲခင်ဗျ။
အဲဒါမျိုးဆိုရင် တရုတ်နဲ့ဆက်ဆံရေးကိုပဲ အဓိက စဉ်းစားနေသလို ဖြစ်နေဘူးလား၊ မြန်မာပြည်ရဲ့ အခြေအနေကိုစဉ်းစားတာထက်။ အဲဒီတော့ မြန်မာပြည်ရဲ့ အခြေအနေကို စဉ်းစားတဲ့နေရာမှာ တကယ်ပဲ မြန်မာပြည်အခြေအနေကို စဉ်းစားနေတာလား၊ တရုတ်နဲ့ အိန္ဒိယဆက်ဆံရေးကို စဉ်းစားနေတာလား ဆိုတာ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ကွက်ကွက်ကွင်းကွင်းသိအောင် လုပ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူးဆိုတာက အန်တီတို့ မြန်မာတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။
အင်တာနက်တွေဘာတွေ သုံးဖို့ လျှောက်လွှာမှာ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာပါရမယ်ဆိုတော့ နိုင်ငံရေး မကင်းရှင်းပါဘူးဆိုတာလဲ အမှန်အတိုင်းတော့ ပြောရမှာပဲ၊ မှန်မှန်ကန်ကန်ပဲ ပြောပြီးတော့ လျှောက်မှာပဲ။
တချို့အနောက်နိုင်ငံတွေ ယူဆတာကလဲ မြန်မာအစိုးရ ပြောတာနဲ့ သွားတူတယ်နဲ့တူတယ်၊ ဖြည်းဖြည်းချင်းပေါ့လေ၊ အဲဒီပုံစံက ပိုကိုက်တယ်ဆိုပြီးပြောကြတော့ အဲဒီအပေါ်မှာကော အန်တီ့အမြင်က ဘယ်လိုရှိလဲ။
တဆင့်ချင်းသွားတဲ့ ပုံစံကို ပိုကိုက်တယ်ဆိုတဲ့ အယူအဆကို ခိုင်မာတဲ့အတွေးအခေါ်တွေနဲ့ ပြနိုင်ဖို့ လိုပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ လူမျိုးရေး ပဋိပက္ခတွေဖြစ်ခဲ့တာကြာလို့ ဖြည်းဖြည်းလေး ဒီမိုကရေစီဆီ သွားရမယ်ဆိုတဲ့ဟာက ပြောင်းပြန်ပြောလို့လဲရတာပဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီမရှိလို့ ဒီလူမျိုးရေး ပဋိပက္ခတွေက ပိုပြီးတော့ ဖြစ်နေသေးတယ် ဆိုပြီးတော့လဲ ပြောလို့ရတာပဲ၊ ဒါက ကိုယ်ကြိုက်သလို ကိုယ်ဆွဲပြီးတော့ ပြောလို့ရတာပဲ။ ဒါပေမဲ့ တကယ် အဓိက စဉ်းစားရမှာက အခုအခြေအနေတွေဟာ ပြည်သူလူထုကို ဘယ်လောက်အထိ အကျိုးပေးနေသလဲ၊ အကျိုးပေးအောင်လို့ ဘယ်လိုလုပ်ရင်ရမလဲ ဒါကိုစဉ်းစားရမှာပါ။
အန်တီ့ ကျန်းမာရေး အခြေအနေကော ဘယ်လိုရှိလဲခင်ဗျ။
ကျန်းမာရေးကတော့ ကောင်းပါတယ်၊ အလုပ်ကတော့ ရှုပ်တာပေါ့၊ အသက်ရှုဖို့အချိန်တောင် နည်းနည်း, နည်းနေသလိုပဲ။
သားနဲ့ ဖုန်းပြောဖြစ်တယ်လို့ကြားတယ်၊ သားကော ပြည်ဝင်ခွင့်ဗီဇာ ရပြီလားခင်ဗျ။
အဲဒါကလေ ပေးမယ်လဲ မပြောဘူး၊ မပေးမယ်လဲ မပြောဘူး၊ ဒီလိုပဲ စောင့်နေရတော့မှာပေါ့။
မိခင်တယောက်အနေနဲ့ ဆုံးဖြတ်ရတဲ့အခါကျတော့ ဒီလိုမျိုးစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အန်တီ ဘယ်လိုဖြတ်သန်းလဲ။
ဒါပေမယ့်လဲ အန်တီ့ထက် ပိုခက်ခဲတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတဲ့လူတွေ အများကြီးလေ၊ ဘာပဲပြောပြော အန်တီ့ရဲ့ သားတွေက မတောင့်မတ မကြောင့်မကြနဲ့ နေနိုင်တဲ့အနေအထားပေါ့နော်၊ လူ့အခွင့်အရေးအပြည့်အဝရတဲ့ နိုင်ငံတွေမှာ နေရတယ်၊ စားရေး သောက်ရေး နေရေးထိုင်ရေးအတွက် ပူပင်စရာမလိုဘူး၊ တခြားကလေးတွေ အများကြီးဟာ တနေ့နဲ့တနေ့ ဘယ်လို စားရမယ်၊ သောက်ရမယ်၊ နေရမယ်၊ ထိုင်ရမယ်ဆိုတာ မသိတဲ့အခြေအနေမှာ ရှိနေပါတယ်၊ သူ့တို့မိဘတွေကလဲ သူတို့ကလေးတွေကို မကူနိုင်တဲ့ အနေအထားမှာ ရှိတယ်၊ အဲဒီတော့ အန်တီ့အနေနဲ့ ဆိုးတယ် ပြောရအောင် တခြား မိဘတွေကို ဘယ်လို မျက်နှာနဲ့ သွားပြီးတော့ ကြည့်မှာလဲ။
အန်တီ့လုံခြုံရေးအတွက် စိုးရိမ်ကြတယ်လို့ ပြောကြတယ်၊ အဲဒီအပေါ်မှာ တယောက်ယောက် အနှောက် အယှက် ပေးလိမ့်မယ်လို့ အန်တီ ထင်လား။
ဒါကတော့ အရင်တုန်းက အနှောက်အယှက်ပေးခဲ့တာတွေ ရှိခဲ့ဖူးတော့ မလုပ်ဘူးလို့လဲ ပြောလို့မရဘူးပေါ့၊ ဒါပေမဲ့ ဒါအနှောက်အယှက်ပေးမှာပဲလို့ ဒါကိုပဲ ရှေ့တန်းတင်ပြီးတော့ ကိုယ့်ရဲ့ လုပ်တာကိုင်တာတွေကို အဲဒီအပေါ်မှာ အခြေခံပြီးတော့ လုပ်လို့လဲ မဖြစ်ဘူးလေ။ လူငယ်တွေကော၊ လူကြီးတွေကော အန်တီ့ကို တော်တော်လေး ဂရုစိုက်ကြပါတယ်၊ သူတို့ တတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်ပါတယ်၊ လုံခြုံရေးအတွက်လဲ တတ်နိုင်သလောက် အစီအစဉ်တွေ လုပ်ပြီးတော့ ဆင်ဆင်ခြင်ခြင်နေကြပါတယ်။
မစ္စတာ ယက်ထော လာခဲ့တဲ့အပေါ်မှာကော လူတွေက အမျိုးမျိုးပြောကြတယ်ခင်ဗျ၊ အန်တီ ဘယ်လိုထင်လဲ၊ စစ်တပ်က အကွက်ချလိုက်တယ်လို့ ထင်လားခင်ဗျ။
သတင်းနဲ့ ပတ်သက်လို့ လုပ်တဲ့နေရာမှာ တိုင်းပြည်ရဲ့ အကျိုးကို ဘယ်လောက် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ စဉ်းစားပေး စေချင်တယ်။
အန်တီကတော့ အဲဒါကို တကယ်ပဲ ဖြေလို့မရဘူး၊ အန်တီ မသိဘူး၊ ဘယ်ဘက်ကိုမှ အန်တီ မယိမ်းဘူး၊ ဒါ စစ်တပ်ကလွှတ်လိုက်တယ်ဆိုတာလဲ အမှန်အတိုင်းပြောရရင် အန်တီ မထင်ဘူး၊ ဒါပေမယ့်လဲ တကယ့်ကို လွှတ်လိုက်တာ မဟုတ်ဘူးလို့လဲ တိတိကျကျကြီး ၁ဝဝ ရာခိုင်နှုန်းတော့ ပြောလို့မရဘူး၊ အန်တီ့အနေနဲ့တော့ မထင်ဘူးလို့ပဲ ပြောရမှာပဲ။
အန်တီ့ ဟောပြောပွဲကို လူငယ်တွေလည်း အတော်လာကြတယ်၊ အန်တီအနေနဲ့ လူငယ်တွေ အမျိုးသမီးတွေကို ဘာပြောချင်လဲ၊ ဘာလုပ်ပေးချင်လဲ။
အန်တီမြင်ရတဲ့ အင်အားတွေကိုလေ တကယ်ပဲ သေသေချာချာ ထိရောက်အောင် လုပ်စေချင်တယ်၊ အင်အားတွေကတော့ ရှိတယ်၊ စွမ်းရည်တွေကတော့ ရှိတယ်၊ ဒါပေမဲ့လို့ ဒီအင်အားစွမ်းရည်တွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက်နဲ့ တိုင်းပြည်ကောင်းကျိုးအတွက် အများကောင်းကျိုးအတွက် အဲဒါလဲ သူတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းပေါ့နော်၊ အတ္တဟိတ၊ ပရဟိတ္တ နှစ်ခုလုံးအတွက်ဖြစ်အောင်လို့ မှန်မှန်ကန်ကန် စနစ်တကျ သုံးနိုင်ဖို့ အန်တီ အားပေးချင်တယ်၊ တတ်နိုင်သမျှ အကူအညီပေးချင်တယ်။
ဟုတ်ကဲ့ မှန်မှန်ကန်ကန်ဆိုတာ သူတို့အနေနဲ့ နိုင်ငံရေးထဲမှာ ပါဝင်လာရမယ်လို့ ဆိုလိုတာလားခင်ဗျ။
DSU-10အဲဒီလိုတော့ မဟုတ်ဘူး၊ အဟောသိကံ မဖြစ်သွားအောင်လို့ပေါ့၊ အင်အားတွေကို အတ္တဟိတ သဘောနဲ့ ကိုယ့်အတွက်ပဲ ကိုယ်သုံးမယ်ဆိုရင်၊ ရေရှည်မှာ ကိုယ်လဲ အကျိုးမပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင်မလုပ်နိုင်လို့ရှိရင် ကိုယ်တယောက်ထဲ ကောင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ နိုင်ငံရေးလို့ပဲ ပြောပြော၊ လူမှုရေးလို့ပဲ ပြောပြော၊ အန်တီ့ရဲ့ အယူအဆကတော့ နိုင်ငံရေးနဲ့ လူမှုရေးဆိုတာခွဲခြားလို့မရပါဘူး၊ ဒီလို စိတ်ဓာတ်တွေကတော့ ရှိရမယ်၊ နိုင်ငံသားတယောက် ထားသင့်တဲ့ စိတ်ဓာတ်ပေါ့နော်၊ အန်တီတို့ ခေတ်တုန်းကတော့ ပြည်သူ့နီတိ ဆိုပြီးတော့ သင်ရတယ်၊ အဲလို စိတ်ဓာတ်မျိုးတွေပေါ့။
လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အခုတလော စစ်ပွဲတွေ ပြန်ဖြစ်လာတယ်၊ အဲဒီတင်းမာမှုတွေကို ဘယ်လိုလုပ်ပေးနိုင်ရင် ပြေလည်မယ်လို့ထင်လဲ။
အဲဒါက အန်တီစောစောတုန်းက ပြောသလိုပေါ့နော်၊ ဆွေးနွေးလို့မရဘူးလားဆိုတော့ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးပြီးတော့ အေးအေးချမ်းချမ်း အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေး အစဉ်အလာတွေ အန်တီတို့မှာမရှိသေးဘူး၊ အဲဒါကို အန်တီက သိပ်ဖြစ်စေချင်တယ်၊ ဒါကြောင့်မလို့လဲ အန်တီက အကြမ်းမဖက်တဲ့ လမ်းကိုသွားတယ်ဆိုတာ ဒါပဲ၊ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဒီတိုင်းပြည်ဟာ နိုင်ငံရေး ပြဿနာတွေဟာ နိုင်ငံရေးနည်းနဲ့ အေးအေးချမ်းချမ်း ဆွေးနွေးပြီးတော့ ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင်လို့ အန်တီတို့ ဖန်တီးယူရမယ်၊ အဲဒါကတော့ လွယ်တာလဲ မဟုတ်ဘူးပေါ့နော်၊ တိုးလိုက် ဆုတ်လိုက်လဲ ရှိမှာပေါ့၊ အခြေအနေက ဖြေရှင်းဖို့လဲ လွယ်တဲ့အခြေအနေရှိချင်ရှိမယ်၊ တခါတလေတော့လဲ ပိုပြီးခက်တဲ့အခြေအနေဖြစ်မယ်၊ ဒါပေမယ့်လဲ အဲဒီလို အစဉ်အလာတခုဖြစ်အောင်တော့ ကြိုးစားရမှာပဲ၊ မကြိုးစားရင်တော့ အဲဒီ ပဋိပက္ခတွေက ပျောက်သွားမှာမဟုတ်ဘူး။
အန်တီက ဆက်သွယ်ရေး နည်းလမ်းတွေသုံးပြီးတော့ ဒုတိယ ပင်လုံညီလာကို လုပ်ချင်တယ်ဆိုတဲ့ သဘောပေါ့နော်၊ ဒီနေ့ သတင်းတွေထဲမှာတွေ့ရပါတယ်။ Twitter သုံးမယ်လို့လဲ အန်တီ ပြောထားတယ်၊ ဘယ်တော့လောက်သုံးမလဲဆိုတာ စိတ်ဝင်စားနေကြတယ်ခင်ဗျ။
အဲဒါ ဒီနေ့ပဲ အင်တာနက်တွေဘာတွေ သုံးဖို့ လျှောက်လွှာတွေဘာတွေ ကြည့်နေတယ်၊ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာပါရမယ်ဆိုတော့ အန်တီကတော့ လျှောက်တော့ လျှောက်မှာပဲ၊ ဒါပေမဲ့ နိုင်ငံရေး မကင်းရှင်းပါဘူးဆိုတာလဲ အမှန်အတိုင်းတော့ ပြောရမှာပဲ၊ ဒါက ကင်းမှမကင်းရှင်းပဲ ဘယ်လိုပြောရမလဲ၊ လျှောက်တော့ လျှောက်မယ်၊ မှန်မှန်ကန်ကန်ပဲ ပြောပြီးတော့ လျှောက်မှာပဲ။
အန်တီ အင်တာနက် သုံးလို့မရဘူးဆိုရင် တခြားနည်းလမ်းနဲ့ပေါ့လေ Tele Conference လိုဟာမျိုးတွေပေါ့နော် ဘယ်လိုနည်းလမ်းတွေ ရှိနိုင်သေးတယ်လို့ အန်တီထင်လဲ။
အဲဒါကတော့ ရှာရမှာပေါ့လေ၊ ဒါကြောင့်မလို့ အန်တီကပြောတာ၊ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးနဲ့ လုပ်ရမယ်ဆိုတာ၊ ဒုတိယ ပင်လုံညီလာခံဆိုတာကလဲ အန်တီ အထဲမှာရှိနေတုန်း ထွက်လာတာလေ၊ ရေဒီယိုကနေ ကြားရတာ၊ အဲဒီတည်းက အန်တီစဉ်းစားနေတယ်၊ ၂၁ ရာစုပုံစံနဲ့ လုပ်ရင် ပိုပြီးတော့ အဆင်ပြေမယ်ပေါ့နော်၊ နည်းလမ်းတွေဘာတွေကတော့ အန်တီတို့ လူငယ်တွေက ရှာရမှာပေါ့၊ ကိုစိန်ဝင်းတို့လဲ ဝိုင်းပြီးတော့ အကြံဉာဏ်တွေပေးကြပေါ့။
ဟိုနေ့က မိုဘိုင်းဖုန်းသုံးရတာ တစိမ်းဆန်တယ်ပေါ့နော်၊ အခုအင်တာနက် ကျတော့ကော ဘယ်လိုရှိလဲခင်ဗျ။
အန်တီက အင်တာနက် မသုံးဖူးဘူးလေ၊ ဒါပေမဲ့ ကွန်ပျူတာတော့ အတော်အတန်လုပ်တတ်ပါတယ်။ ကွန်ပျူတာနဲ့ နည်းနည်း ရင်းနှီးနေပြီဆိုရင် အင်တာနက်တွေဘာတွေ သုံးဖို့က မခက်ပါဘူး။
နယ်ကိုခရီးထွက်ဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့တွေ့ဖို့ အစီအစဉ်ရှိလားခင်ဗျ။
လောလောဆယ်တော့ မရှိသေးပါဘူး၊ ရန်ကုန်မှာတောင် အလုပ်တွေမပြီးသေးဘူး။
ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတွေကို NLD နဲ့ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် အဲဒီပေါ်မှာ အန်တီ ဘယ်လိုသဘောထားလဲ။
အန်တီကတော့လေ ထွက်လာတဲ့နေ့ထဲက ပြောတယ်ပေါ့နော်၊ ပြည်သူတွေက ပြည်သူ့အတွက် ဒီမိုကရေစီ ကွန်ယက်ကြီးတခုဆောက်စေချင်တယ်၊ အဲဒီတော့ အဲဒီမှာဆိုရင် မဟာမိတ်တွေ အများကြီးရှိရမှာပေါ့၊ လူတိုင်းနဲ့ လက်တွဲနိုင်တာ မဟုတ်ဘူးဆိုရင်တောင် ကိုယ်နဲ့ အဓိကကျတဲ့ ရည်ရွယ်ချက်တူတဲ့လူတွေနဲ့ တွဲပြီးတော့ လုပ်နိုင်တဲ့ အခြေအနေဖြစ်အောင်လို့ အန်တီလုပ်ချင်တယ်။ အန်တီ ပြောထားပြီးပါပြီ၊ ရွေးကောက်ပွဲကိုဝင်တဲ့ ၃၇ ပါတီထဲက ဘယ်ပါတီပဲဖြစ်ဖြစ် တကယ်ပဲ အန်တီတို့နဲ့ ရည်ရွယ်ချက်တူပြီးတော့ ဒီမိုကရေစီအတွက် ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် အန်တီတို့ကလဲ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။
“အဓိက စဉ်းစားရမှာက အခု အခြေအနေ တွေဟာ ပြည်သူလူထုကို ဘယ်လောက်အထိ အကျိုးပေးနေသလဲ၊ အကျိုးပေးအောင်လို့ ဘယ်လိုလုပ်ရင်ရမလဲ”
မဇ္ဈိမ ဝိုင်းတော်သားတွေကို အန်တီပြောချင်တဲ့ စကားက ဘာများဖြစ်မလဲခင်ဗျ။
ပြောရမယ်ဆိုရင်တော့လေ သတင်းသမားတွေရဲ့ ကဏ္ဍက အခုအချိန်မှာ အင်မတန်မှ အရေးကြီးပါတယ်၊ အခုခေတ်မှာ အင်မတန်မှ အရေးပါပါတယ်၊ အဲဒီတော့ သတင်းသမားတွေရဲ့ သြဇာကလည်း မနည်းဘူး၊ အဲဒီတော့ ဒီသြဇာကို အကောင်းအတွက် သုံးပါလို့ အန်တီသတိပေးချင်တယ်။ တချို့သတင်းသမားတွေက ကိုယ်သတင်းထူးဖို့ သတင်းဦးဖို့ အဲဒါကို အဓိက ထားကြတယ်၊ သတင်းထူးတာ သတင်းဦးတာလဲ ကောင်းပါတယ်၊ ဒါတင်မကသေးဘူး သတင်းနဲ့ ပတ်သက်လို့ လုပ်တဲ့နေရာမှာ တိုင်းပြည်ရဲ့ အကျိုးကို ဘယ်လောက် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ စဉ်းစားပေးစေချင်တယ်။ နောက်ပြီးတော့ အန်တီစောစောက ပြောဖြစ်လားတော့မသိဘူး၊ ထွက်လာတဲ့အချိန်မှာ ဆက်သွယ်ရေး ကဏ္ဍက ပိုပြီးတော့ ကျယ်ပြန့်လာတယ်၊ ဆဲလ်ဖုန်းလေးတွေပေါ့နော် လူတိုင်းမှာရှိတယ်၊ အဲဒီတော့ သတင်းတွေဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်လို့၊ အဲဒီအရေးကြီးတာကို မမေ့ပါနဲ့လို့၊ ကိုယ်ဟာ အရေးကြီးတဲ့နေရာမှာရှိနေပါတယ်၊ ဒါကြောင့်မလို့ အဲဒီနေရာမှာ မှန်မှန်ကန်ကန်နဲ့ အန်တီတို့ အများစု ကောင်းကျိုးအတွက် လုပ်ပေးပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ တာဝန်သိတဲ့ စိတ်နဲ့ လုပ်သင့်ပါတယ်။
Posted by Ko Myint Maung at Friday, November 19, 2010 1 comments
Labels: အင်တာဗျူး
Friday, January 1, 2010
တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားသို့ WLB တက်ရောက်
မြင့်မောင် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၀၁ ရက် ၂၀၀၉ ခုနှစ်
နယူးဒေလီ။ ။ တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဒေလီတက္ကသိုလ်တွင် ယမန်နေ့က ကျင်းပရာ မြန်မာအမျိုးသမီးများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
Sangat (a network of South Asian Network of Feminists) ဦးဆောင်ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ ထိုင်း၊ နီပေါ၊ ဘင်္ဂလားဒေ့ရှှ််၊ သီရိလင်္ကာ၊ တိဘက်နှင့်အတူ မြန်မာအမျိုးသမီး အခွင့်အရေးလှုပ်ရှားသည့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ကပါ တက်ရောက်၍ သွေးစည်းညီညွတ်မှု ပြသခဲ့ခြင်း ဖြစ်သည်။
ကိုယ်စားလှယ်ပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ရာ ၎င်းတို့နိုင်ငံတွင် ဖြစ်ပွားနေသော အမျိုးသမီး အခွင့်အရေး အခြေအနေများ တင်ပြဆွေးနွေးခဲ့ကြပြီး၊ ယဉ်ကျေးမှု အကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကာ တောင်အာရှတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေး ထွန်းကားနိုင်ရန် ရည်ရွယ်၍ ဖယောင်းတိုင်မီးများ ထွန်းညှိခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာတိုင်းရင်းသားဒေသများ၌ စစ်တပ်က အမျိုးသမီးများကို အဓမ္မ ပြုကျင့်ခဲ့သည့်အကြောင်း ကာယကံရှင်များ၏ ထွက်ဆိုချက်များ ပါဝင်သည့် 'အမှောင်လွမ်းသော တပ်မတော်မှ ဂုဏ်ပြုထိုက်သော တပ်မတော်သို့' အမည်ရှိ ဗီဒီယိုခွေကို WLB က ပြသခဲ့သည်။
“အဓိက စစ်ဝါဒ ကြီးစိုးနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေရတာ ဖြစ်တယ်။ စစ်အစိုးရလက်ထက်မှာ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေကို ဖမ်းဆီးထောင်ဒဏ် အပြစ်ပေးတာတွေ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိတဲ့အထဲမှာ အမျိုးသမီး ၁၀၀ ကျော် အဖမ်းခံနေရတယ်” ဟု WLB သဘာပတိအဖွဲ့ဝင် မသင်းသင်းအောင်က မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံတွင် တရားမျှတမှုများ ရရှိလာရေးအတွက် တောင်အာရှဒေသရှိ အမျိုးသမီးအားလုံး သွေးစည်းညီညွတ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း WLB က အခမ်းအနားတွင် ပြောဆိုခဲ့သည်။
(မြင့်မောင် သတင်းပေးပို့သည်။)
Posted by Ko Myint Maung at Friday, January 01, 2010 0 comments
ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေသည် CEC များဖြစ်ကြောင်း အန်အယ်ဒီ ကြေညာ
မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၉ ရက် ၂၀၀၉ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ဆွေးနွေးပွဲများ ဖိတ်ကြားသည့်အခါ စစ်အစိုးရက ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင် နှစ်ဦးကို ထည့်သွင်းဖိတ်ကြားခြင်း မရှိသဖြင့် အဖွဲ့ဝင် ၁၁ ဦး ပါရှိသည့် CEC အမည်စာရင်းကို အန်အယ်ဒီက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ထို CEC အဖွဲ့ဝင် နှစ်ဦးမှာ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ဖြစ်ပြီး၊ ယခု CEC စာရင်းကို အန်အယ်ဒီက ရွေးကောက်ပွဲ ကော်မရှင်နှင့် နအဖ ဥက္ကဋ္ဌ ထံ ပေးပို့အသိပေးခဲ့ပြီး ဖြစ်သည်။
“နိုင်ငံခြားက ဧည့်သည်တွေ၊ နိုင်ငံတကာကလာတဲ့ ဧည့်သည်တွေ၊ UN က လာတဲ့ ဧည့်သည်တွေနဲ့ တွေ့တဲ့အခါ၊ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဖို့ဆိုပြီး ခေါ်တွေ့တဲ့အခါမှာ နာမည်စာရင်းတပ်ပြီးတော့ ဖိတ်တာတွေ ရှိတယ်။ အဲလိုလာတွေတဲ့ အခါမျိုးမှာ အခုနောက်ဆုံး လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်တို့၊ ဦးခင်မောင်ဆွေတို့ ဖိတ်တဲ့ အထဲမှာ မပါဘူး” ဟု ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။
ထို့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က CEC နှင့် တွေ့ဆုံခွင့်ပြုရေးအတွက် စစ်အစိုးရထံ တောင်းဆိုခဲ့ရာ သူတို့နှစ်ဦး အပါအဝင် CEC အဖွဲ့ဝင်အားလုံးနှင့် တွေ့ခွင့်ပေးရန်ဖြစ်ကြောင်း သူက ပြောသည်။
CEC အဖွဲ့ဝင် ၁၁ ဦးမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ) ၊ ဒေါ်ဆောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး) ၊ ဦးလွင် (အတွင်းရေးမှူး) ၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွှန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့မှာ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်း အကျဉ်းသားပေါင်း ၉ဝဝ၂ ဦးကို စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ပြန်လည်လွတ်မြောက်လာသူများ ဖြစ်သည်။ သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) မှာမူ အကျဉ်းထောင်အတွင်း ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)
Posted by Ko Myint Maung at Friday, January 01, 2010 0 comments
Labels: သတင်း
ထိုင်းဘုရင့် မွေးနေ့ပွဲတွင် သီဆိုဖျော်ဖြေမည်ဟု အဆိုတော် ဇော်ပိုင် ပြောဆို
မြင့်မောင် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၀၃ ရက် ၂၀၀၉ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ မြို့တော်ဝင်၏ ဖိတ်ကြားချက်အရ မြန်မာအဆိုတော် ၄ ဦးသည် ယခုလ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ၈၂ နှစ်မြောက် မွေးနေ့ပွဲတော်သို့ သွားရောက်၍ သီဆိုဖျော်ဖြေမည်ဟု အဆိုတော် ဇော်ပိုင်က ပြောသည်။
သူနှင့်အတူ ဟစ်ဟော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ကြိုးကြာနှင့် ရေဗက္ကာဝင်းတို့က ယခုလ ၅ ရက်နှင့် ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဘုရင်ဈေး တည်နေရာတွင် ဖျော်ဖြေသွားမည်ဟု ဆိုသည်။
“ဟုတ်ကဲ့ ကျနော်က ၆ ရက်နေ့မှာ သွားမှာပါ။ ပွဲကို စီစဉ်သူက ကိုခင်မောင်ထိုက်ပါ။ သူက ကျနော်တို့ကို တခါ ခေါ်ဖူးပါတယ်။ ကျနော်တို့ကို မြို့တော်ဝင်က ဖိတ်တော့ ဖိတ်တာပါ။ ကျနော်တို့ဆီကို မြို့တော်ဝင် တိုက်ရိုက် ဆက်သွယ်တာ မဟုတ်ပါဘူး။ ကိုခင်မောင်ထိုက်က ဆက်သွယ်တာပါ” ဟု အဆိုတော် ဇော်ပိုင်က မဇ္ဈိမကို ပြောသည်။ ကိုခင်မောင်ထိုက်သည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးဖြစ်သည်။
ရန်ကုန်တွင် ရှိုးပွဲရှိနေသဖြင့် ပထမရက်တွင် မဲဆောက်သို့ သွားရောက်နိုင်မည် မဟုတ်ဘဲ၊ ၆ ရက်နေ့တွင် ပြုလုပ်မည့် ဒုတိယပွဲကျမှသာ သွားရောက်နိုင်မည်ဖြစ်ကြောင်းနှင့် 'မင်းအတွက်ဆိုရင်' (၁ဝ စက္ကန့်စီးရီး) နှင့် 'လမ်းဆုံ' (လမ်းဆုံစီးရီး) သီချင်းများကို သီဆိုရန် ရွေးချယ်ထားကြောင်း သူက ဆက်ပြောသည်။
မဲဆောက်မြို့ ဂီတဖျော်ဖြေပွဲကို ထိုင်းစံတော်ချိန် ည ၈ နာရီမှ ၁ဝ နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်ပြီး၊ လက်မှတ်များလည်း ရောင်းချနေသည်။
“ဝင်ကြေးကတော့ ထိုင်ခုံနဲ့ဆိုရင် ဘတ် ၂ဝဝ ၊ ရိုးရိုးတန်း ဘတ် ၁ဝဝ ပေးရတယ်။ တရက်စာ မဟုတ်ဘဲ နှစ်ရက်အတွက် တခါထဲ ရောင်းတာ” ဟု မဲဆောက်တွင် အလုပ်လုပ်နေသူ မြန်မာတဦးက ပြောသည်။
မဲဆောက်တွင် မြန်မာနိုင်ငံမှ လာရောက်၍ အလုပ်လုပ်ကိုင်သူ ဦးရေ ၅ သိန်းကျော် ရှိပြီး အများစုမှာ အထည်စက်ရုံ၊ စားသောက်ဆိုင်နှင့် အိမ်ဖော်အလုပ်များ လုပ်ကိုင်လျက်ရှိသည်။
ထိုင်းဘုရင် မွေးနေ့ပွဲတော်ကို ယခုလ ၁ ရက်နေ့မှ ၁ဝ ရက်နေ့အထိ မဲဆောက်တွင် ကျင်းပလျက်ရှိသည်။
Posted by Ko Myint Maung at Friday, January 01, 2010 0 comments
Labels: သတင်း
ဒေါ်စုအမှု အယူခံ လက်ခံရေး ဗဟိုတရားရုံးက ကြားနာမည်
မြင့်မောင် | သောကြာနေ့၊ ဒီဇင်ဘာလ ၀၄ ရက် ၂၀၀၉ ခုနှစ်
နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် အကျယ်ချုပ်ပြစ်ဒဏ်ကို ပြင်ဆင်ရန် သူမ၏ ရှေ့နေများက လျှောက်ထားသည်ကို ဗဟိုတရားရုံးက ယခုလ ၂၁ ရက်နေ့တွင် ကြားနာသွားမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ယခုနှစ် သြဂုတ်လအတွင်း ခရိုင်တရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်ကို ပြင်ဆင်ပေးရန် ရှေ့နေများက ဗဟိုတရားရုံးသို့ ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လျှောက်ထားရာ အယူခံကို လက်ခံရေး၊ မလက်ခံရေးအတွက် နှစ်ဖက်လျှောက်လဲချက်ကို တရားရုံးက ကြားနာရန် ရုံးချိန်းရက်ပေးလိုက်ခြင်း ဖြစ်သည်။
''ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျနော်တို့က လျှောက်လဲချက် ပေးမှာပါ။ ပြန်လည် သုံးသပ်ပေးဖို့အတွက် အယူခံဝင်ရောက်ရေး လျှောက်ထားတာကို တရားရုံး ဆုံးဖြတ်ပါမယ်'' ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန် နိုင်ငံသားတဦးက အင်းလျားကန်အတွင်း ၂ ကီလိုမီတာခန့် ရေကူး၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
သို့သော် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာသောအားဖြင့်ဟုဆိုကာ ပြစ်ဒဏ်တဝက်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ထားရှိပြီး နေအိမ်တွင် ပြန်လည်ချုပ်နှောင်ရန် ညွှန်ကြားခဲ့သည်။
ပြစ်ဒဏ်ကို ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တိုင်းတရားရုံးသို့ အယူခံဝင်ခဲ့သော်လည်း တိုင်းတရားရုံးက ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်တွင် ခရိုင်ဆုံးဖြတ်ချက်အတိုင်း ဆက်လက်အတည်ပြုရာမှ ဗဟိုတရားသို့ အယူခံဝင်ရောက်ရေးအတွက် ရှေ့နေများက ကြိုးပမ်းနေခြင်း ဖြစ်သည်။
ပျက်ပြယ်ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အခြေခံထားသည့် ၁၉၇၅ ခုနှစ် ဥပဒေအရ စီရင်ခဲ့သည်ဟုဆိုကာ တရားရုံး ဆုံးဖြတ်ချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ ရှေ့နေများက လက်မခံဘဲ ငြင်းပယ်ခဲ့ကြသည်။ သူတို့က လက်ရှိ စစ်အစိုးရသည် နိုင်ငံတော်အာဏာကို ၁၉၈၈ ခုနှစ်တွင် သိမ်းယူခဲ့ပြီးနောက် အဆိုပါ ၁၉၇၄ အခြေခံဥပဒေသည်ပင် ရှင်သန်ခြင်း မရှိတော့ကြောင်း ပြောဆိုခဲ့ကြသည်။
Posted by Ko Myint Maung at Friday, January 01, 2010 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြုပြင်ပြီ
မြင့်မောင် | သောကြာနေ့၊ ဒီဇင်ဘာလ ၀၄ ရက် ၂၀၀၉ ခုနှစ်
နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြန်လည်ပြုပြင်ရန် ဆောက်လုပ်ရေး လုပ်သား ၆ ဦးကို အာဏာပိုင်များက ယမန်နေ့တွင် ဝင်ခွင့်ပြုလိုက်သည်။
ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကြီးရှိ ဝရံတာနှစ်ခုကို ပြုပြင်ရန် လပေါင်းများစွာ စောင့်ဆိုင်းခဲ့ရာမှ အထူးရဲ သတင်းတပ်ဖွဲ့က ခွင့်ပြုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
''အိမ်ပြင်ခွင့်ရတာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းကပါ။ အလုပ်စတာကတော့ မနေ့ကမှ စတင်တာ ဖြစ်တယ်။ မနေ့က ၆ ယောက်လောက် ရှိတယ်။ လိုတာက ၁၀ ယောက်ကျော်ကျော် လိုပါလိမ့်မယ်။ နောက်ရက်တွေမှာ ရပါလိမ့်မယ်” ဟု ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။
အပေါ်ထပ် အိမ်မကြီးနှင့် ဝရံတာအကြားတွင် မှန်တံခါးတချပ်သာ ကာရံထားသဖြင့် လုံခြုံရေးအရ လိုအပ်ချက်ရှိနေကြောင်း သိရသည်။
“အပေါ်ထပ် လေသာဆောင် (ဝရံတာ) ကို အဓိကထား ပြင်ပါတယ်။ အခန်းသစ် ဖွဲ့ပြင်မယ်။ ကျနော် သိတာက လေသာဆောင် ၂ ခု ရှိတယ်။ နောက် သေးသေးမွှားမွှားလေးတွေလည်း ပြင်ဖို့ ရှိပါတယ်။ လေသာဆောင်က အိမ်မကြီးဝင်တဲ့ အပေါက်က မှန်တံခါးဖြစ်တယ်။ သံပန်း တံတခါး မရှိတော့ လုံခြုံရေး စိတ်မချရဘူး။ လုံခြုံရေးကောင်းအောင် အခန်းလုပ်လိုက်မယ်။ အခန်းလုပ်ပြီး အဲဒီမှာ သံတခါးတပ်မယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။
''နေ့ရက်နဲ့ နှစ်ကိုတော့ ကျနော် အတိအကျ မမှတ်မိဘူး။ ဒါပေမဲ့ ၀ရံတာကတဆင့် မှန်တံခါးကို ဖျက်ပြီးတော့ အိမ်မကြီးထဲကို သူခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်လည်း ရှိခဲ့ဖူးတယ်'' ဟု သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် ၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်တွင် တည်ဆောက်ခဲ့သည့် ယခုနေအိမ်ကို ဒေါ်ခင်ကြည်ထံ ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာသည့် ၁၉၈၈ ခုနှစ်ကတည်းက ထိုနေအိမ်၌ပင် နေထိုင်လာခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် အင်းလျားကန်မှတဆင့် ယခုနေအိမ်အတွင်း ဝင်ရောက်ခဲ့သဖြင့် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အာဏာပိုင်များက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထပ်မံချထားခဲ့ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ယခုနေအိမ်၌ ၁၄ နှစ်ခန့် အကျယ်ချုပ် ချခံခဲ့ရပြီး ဖြစ်သည်။
(မြင့်မောင် သတင်းပေးပို့သည်။ မုံပီး တည်းဖြတ်သည်။)
Posted by Ko Myint Maung at Friday, January 01, 2010 0 comments
Labels: သတင်း
Tuesday, July 28, 2009
ဒေါ်စုအမှု တံခါးပိတ် တရားခွင်သို့ သံတမန်များ တက်ရောက်ခွင့်ရ
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်
နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း တရားခွင်၌ ယနေ့တွင် နောက်ဆုံး လျှောက်လဲချက် ကြားနာရာသို့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အီတလီ သံတမန်များကို မြန်မာစစ်အစိုးရက တက်ရောက်ခွင့် ပေးလိုက်သည်။
အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုကို အများအားဖြင့် တံခါးပိတ်နည်းဖြင့် စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့သည့်အနက် သံတမန်များကို တက်ရောက်ခွင့် ပေးခြင်းသည် ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယမြောက် ဖြစ်သည်။ ယခင်ကလည်း ရွေးချယ်ထားသည့် သံတမန်တချို့နှင့် သတင်းထောက်တချို့ကို တက်ရောက်ခွင့် ပေးခဲ့သေးသည်။
''ဒီတခါတော့ သူတို့ (အာဏာပိုင်များ) က ကျနော်တို့ကို ဖိတ်ကြားတာမျိုး၊ အကြောင်းကြားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံး ကြားနာပွဲကို တက်ရောက်ဖို့ တောင်းခံခဲ့တဲ့ သံတမန်တွေကိုတော့ အစိုးရက ခွင့်ပြုချက် ထုတ်ပေးခဲ့တယ်'' ဟု ရန်ကုန်ရှိ စာနယ်ဇင်းသမားတဦးက မဇ္ဈိမကို ပြောသည်။
အင်းလျားကန်မှ ရေကူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း မဖိတ်ခေါ်ဘဲ တိတ်တဆိတ် ဝင်ရောက်ခဲ့သည့် ဂျွန် ဝီလျံ ယက်တော၏ နိုင်ငံဖြစ်သည့် အမေရိကန်မှ သံရုံးအရာရှိကိုမူ တရားရုံးချိန်းရှိတိုင်း တောက်လျှောက် တက်ရောက်ခွင့် ရရှိခဲ့သည်။
''ကျနော် အတည်ပြုနိုင်သလောက်ကတော့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နဲ့ အီတလီကို တရားခွင်ထဲ တက်ခွင့် ပေးထားတယ်'' ဟု ရန်ကုန်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောသည်။
ယနေ့ တရားရုံးက နှစ်ဖက် တရားဆိုင်ရှေ့နေများ၏ အပြီးသတ် လျှောက်လဲချက်များကို ကြားနာသွားမည် ဖြစ်သည်။ တရားရုံးသို့ တင်သွင်းရန် ၂၃ မျက်နှာပါ လျှောက်လဲချက်ကို ပြင်ဆင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက မဇ္ဈိမကို ပြောသည်။
ယနေ့ တရားခွင်မှ ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်။ သို့သော်လည်း အကဲခတ်များကမူ တရားရုံးအနေဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်သည့် အခြား နေ့ရက်တရက်ကို သတ်မှတ်ပြီးဖြစ်ကြောင်း ယုံကြည်နေကြသည်။
အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ထောက်ခံအားပေးသူများနှင့် နိုင်ငံရေးလေ့လာသူများ အများအပြားသည် စုပြုံရောက်ရှိနေကြကာ ယနေ့ တရားခွင်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း ရန်ကုန်ရှိ စာနယ်ဇင်းသမားက ပြောသည်။
Posted by Ko Myint Maung at Tuesday, July 28, 2009 0 comments
Labels: သတင်း
ဒေါ်စုကို လွှတ်ပေးရန် တောင်းဆိုခြင်း နည်းလမ်းမကျဟု စစ်အစိုးရ သတင်းစာက ရေးသား
ကိုဝိုင်း
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေခြင်းသည် အဓိပ္ပါယ်မဲ့ပြီး တရားနည်းလမ်း မကျကြောင်း စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-အန်အယ်ဒီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၊ အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ အပါအဝင် အမေရိကန်အစိုးရ၏ သဘောထားနှင့် ဆန့်ကျင်၍ ရေးသားဖော်ပြလာခြင်းဖြစ်သည်။
“နိုင်ငံတော်အပိုင်းက ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ” ဟု ကလောင်ရှင် လူသစ် ဆိုသူက သတင်းစာများ၌ ရေးသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခုလ (၃-၄) ရက်များတွင် လာရောက်ခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အာဆီယံအဖွဲ့ကြီးကလည်း မကြာသေးမီက ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပခဲ့သော ဒေသဆိုင်ရာ အစည်းအဝးကြီးမှတဆင့် ထုတ်ပြန်တောင်းဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းမရှိပါက မြန်မာနှင့် အမေရိကန်ကြား ဆက်ဆံရေးအား ပိုမိုလေးနက်စွာ ထိခိုက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
သို့သော် နအဖ ၏ မြန်မာ့အလင်းသတင်းစာကမူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံများနှင့် နိုင်ငံတကာက ရည်ညွှန်းနေသော နိုင်ငံရေးအကျဉ်းသားများဆိုသည်မှာ ဒီမိုကရေစီအရေးဆောင်ရွက်သဖြင့် “နိုင်ငံရေးပြစ်မှု” ဖြင့် အရေးယူခံရခြင်းမဟုတ်ပဲ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေသည့် ဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ဖောက်ဖျက်သောကြောင့် ဖမ်းဆီးထားသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအား တွေ့ဆုံဆွေးနွေးပြီး ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု အန်အယ်ဒီက တောင်း ဆိုထားမှုသည်လည်း စစ်အစိုးရက မဖြစ်မနေ ဆက်လက် အကောင်အထည်ဖော်မည့် “မူဝါဒလမ်းစဉ် (၇) ရပ်” အား နှောင့်နှေး၊ ပျက်ပြားစေရန် ကြိုးစားနေခြင်းသာဖြစ်သည်ဟုလည်း စွပ်စွဲရေးသားထားသည်။
အန်အယ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား ဂျွှန်ဝီလျံ ယက်တော သူမ၏ နေအိမ် အတွင်း ခိုးဝင်သည်ကို အကြောင်းပြု၍ “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် စွပ်စွဲ၍ အင်းစိန်ထောင်၌ ရုံးတင်စစ်ဆေးလျက်ရှိသည်။
ယနေ့သည် အပြီးသတ်လျှောက်လဲရမည့်နေ့ဖြစ်သည်။
၁၉၉၀ ခု အထွေထွေရွေးကောက်ပွဲကြီးတွင် အန်အယ်ဒီ ပါတီက ထောက်ခံမဲ အမြောက်အများဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်အား ယနေ့အထိ အသိမှတ်ပြု အာဏာလွှဲပြောင်းပေးခြင်းမရှိသေးပေ။
ယင်းကြောင့် မြန်မာ့နိုင်ငံရေးတွင် အမဲစက်ဖြစ်မည်ကို စိုးရိမ်သဖြင့်ဟုဆိုကာ ၁၉၉ဝ ခု ရွေးကောက်ပွဲရလဒ်အား တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရန် အန်အယ်ဒီပါတီက တောင်းဆိုထားသည်။
သို့သော် စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် သတင်းစာများကမူ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ ၁၉ နှစ်ကျော် “Date အောက်” နေသည့်ရလဒ်ကို ပြည်သူများက ပြန်လှည့်ကြည့်တော့မည် မဟုတ်ကြောင်း ဖော်ပြကြသည်။
ထို့အပြင် နအဖက ဦးဆောင်၍ ကျင်းပခဲ့သော အမျိုးသားညီလာခံမှ ထွက်ခွာသွားသဖြင့် “တွေ့ဆုံဆွေးနွေးရေး” ဆိုသည်မှာ လည်း “လုံးဝအဓိပ္ပါယ်မရှိ” သည့်အခြေအနေကို ရောက်နေပြီဖြစ်သည်ဟု ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စသည် တရားရုံးနှင့်သာ သက်ဆိုင်သဖြင့် တရားရုံးက အပြစ်ရှိကြောင်း တွေ့လျင် ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူမှုကို ခံရမည်ဖြစ်ကြောင်း၊ အပြစ်မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လျင် တရားရုံးက ဥပဒေနှင့်အညီ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းပါ ကလောင်ရှင် လူသစ်၏ ဆောင်းပါးတွင် ဖော်ပြသည်။
သို့သော် ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံရေး အတိုက်အခံများ၊ ရှေ့နေများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံတကာ ကမူ စစ်အစိုးရသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေသည်သာမက ပြည်တွင်းဥပဒေကိုပင် လိုက်နာခြင်းမရှိပဲ သဘော ထားကွဲလွဲသူများကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း၊ ရပ်ဝေးအကျဉ်းထောင်များသို့ ပို့ဆောင်ခြင်းများ လုပ်နေကြောင်း ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီး အကျဉ်းချခြင်းခံနေရသူ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားသည်။
Posted by Ko Myint Maung at Tuesday, July 28, 2009 0 comments
Labels: သတင်း
မန္တလေးတိုင်း မြို့နယ်တချို့မှ အန်အယ်ဒီ အဖွဲ့ဝင်များ ဆုတောင်းပွဲ ကျင်းပ
မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်
နယူးဒေလီ(မဇ္ဈိမ)။ ။မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံး လျှောက်လဲချက်ပေးသည့် ယနေ့တွင် ဘုရားများသို့ သွားရောက်ကာ လွတ်မြောက်ရေး ဆုတောင်းပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေအနေများကို မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောပြထားပါသည်။
''ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်အနေနဲ့ ဝတ်ပြုဆုတောင်းဖို့ နှိုးဆော်ထားတာက မြို့ပေါင်း ၃ဝ ပါတယ်။ ဘုရားမှာ သပြေပန်းတွေ ကပ်လှူတယ်။ မနက် ၉ နာရီ ၁၅ မိနစ်မှာ သွားကြတယ်။ ၁၁ နာရီ ၄၅ မိနစ်မှာ ပြန်ရောက်တယ်။ ဘုရားဝတ်ပြုတာကိုက မိနစ် ၄ဝ လောက် ကြာတယ်။ ပဋ္ဌာန်းရွတ်ဖတ်တယ်၊ ဆုတောင်းတာတွေ လုပ်တယ်''။
''မိတ္ထီလာမှာ ရွှေမျှင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။ သာစည်မြို့ပေါ်မှာရှိတဲ့ ၅ ဆူရိပ်သာ သတ္တဋ္ဌာန ဆုတောင်းပြည့်ဘုရားမှာ ဒုဥက္ကဋ္ဌ ဦးသန်းဆောင် ဦးဆောင်ပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ သဲတောမြို့ပေါ် မြဘုန်းရှင်ဘုရားမှာ အတွင်းရေးမှူး ဦးထွန်းထွန်းက ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းတယ်။ ဝမ်းတွင်းမြို့နယ် သဲစုကျေးရွာအုပ်စု တွဲဘက်အတွင်းရေးမှူး ကိုအောင်သူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးက သွားပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ ၂ မိုင်မှာလည်း ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်က သွားရောက် ဝတ်ပြုဆုတောင်းတယ်''။
''ကျမတို့ မိတ္ထီလာမှာက ဘုရားကို သွားပြီးတော့ နောက်ကနေ တန်းပြီးပါလာပါတယ်။ ဓာတ်ပုံတွေ ဘာတွေ ရိုက်တယ်။ ရဲကားတစီးလည်း ဘုရားပရိဝုဏ်ထဲကို မောင်းလာပြီး ရပ်နေတဲ့ ပုံစံမျိုးပေါ့၊ တွေ့ရတယ်။ ခြိမ်းခြောက်တဲ့ သဘောမျိုးလည်း သက်ရောက်ရင် သက်ရောက်မယ်။ ကျမတို့ ပြန်လာတဲ့အခါကျတော့ ကျမတို့ ဖြတ်ပြီးပြန်လာတဲ့ လမ်းကြောင်းမှာက အမှတ် (၁) မီးသတ်ဋ္ဌာနရှိတယ်။ မီးသတ်ထဲမှာ လူအင်အား ၅ဝ နဲ့ ၁ဝဝ ကြားမှာ ရှိမယ်။ ရပ်ကွက်တိုင်းက ရဝတ (ရပ်ကွက်ကောင်စီ) တွေ ထိုင်စောင့်နေတယ်။ ရဲအထူးသတင်းတပ်ဖွဲ့၊ စွမ်းအားရှင်ရော။ ကျမတို့ အဖွဲ့ဝင် ၁ဝ ယောက်၊ ကလေးနဲ့ဆို ၁၁ ဦးပါ။ ရွှေမျှင်တင်ဘုရားမှာ သွားရောက် ဝတ်ပြုဆုတောင်းကြတာပါ''။
''ဒီကနေ့ ကျမတို့လုပ်တဲ့ လှုပ်ရှားမှုက ဘုရားကို သွားပြီး ဝတ်ပြုဆုတောင်းကြဖို့။ အဲဒီလို မသွားနိုင်တဲ့သူတွေက မိမိတို့ အိမ်မှာရှိတဲ့ ဘုရားမှာ သပြေပန်းတွေ ကပ်လှူပြီးတော့၊ ပဋ္ဌာန်းရွတ်ဖတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ဆုတောင်းပေးဖို့ တိုက်တွန်းထားတယ်''။
''ကျမတို့က ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတရပ်လုံးက ပါဝင်ပူးပေါင်းပြီးတော့ စစ်အစိုးရကို တောင်းဆိုရမှာပဲ။ နောက်ဆုံးပိတ် ထောင်ကျသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင် တသက်လုံး ကျမနေဘူး။ စစ်အစိုးရကလည်း တသက်လုံး အုပ်ချုပ်မနေနိုင်ဘူး။ အုပ်ချုပ်လို့ မရဘူး။ ကျမတို့ ပြည်သူက တသက်လုံး ဒုက္ခရောက်မနေဘူး။ တချိန်မှာ ထွက်ပေါက်ဆိုတာ ရှိမှာပဲ''။
''ဒီထွက်ပေါက်ကို စစ်အစိုးရနဲ့၊ ကျမတို့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားတွေက အားလုံး လက်တွဲပြီး ဖြေရှင်းသွားကြရမှာ ဖြစ်တယ်။ အဲဒါက နောက်ဆုံးပိတ် အဖြေပဲ''။
Posted by Ko Myint Maung at Tuesday, July 28, 2009 0 comments
Labels: သတင်း
ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်
ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ နှလုံးရောဂါဝေဒနာ ခံစားနေရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲချက် ကြားနာနေချိန်တွင် အင်းစိန်ထောင်ရှေ့တွင် သွားရောက်ခဲ့ကာ ပါတီခေါင်းဆောင်နှင့် သွေးစည်းညီညွတ်မှုကို ပြသခဲ့သည်။
နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ အင်းစိန်ထောင်ရှေ့ အနည်းဆုံး ၃၀၀ ခန့် ရှိနေခဲ့သည်။
“ရှေ့နေတွေက ၂ နာရီ မထိုးခင် ဝင်သွားတယ်။ လူထုက ၃၀၀ လောက်ရှိတယ်။ ဒါထက် ပိုရင်လည်း ပိုမယ်။ ကျနော်ကြည့်တာက ခါတိုင်းနေ့ထက် ပိုများတယ်။ အသက်ကြီးတဲ့ လူတွေရော လာတယ်” ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က ပြောသည်။
“ကျနော် အကြိမ်ကြိမ် ပြောချင်တာက ဒီအမှုက မတရားတဲ့အမှု။ အကွက်ဆင်ပြီး လုပ်တဲ့အမှု ဖြစ်တဲ့အတွက် ဒါကို ရုပ်သိမ်းပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့။ ဒေါ်စုနဲ့ တသားတည်းကျတယ်ဆိုတာကို ပြချင်တာပဲ ရှိတယ်”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ ဦးရဲထွဋ်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်တို့နှင့် ဒေါ်နော်အုန်းလှတို့ အမျိုးသမီးအုပ်စုများနှင့် ပြည်သူများ လာရောက်ကြသည်ဟု ပြောသည်။
သို့သော် ဒေါ်နော်အုန်းလှတို့ အဖွဲ့မှ ၁၀ ဦးခန့်အား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို ရဲများက ဘုရင့်နောင် ရဲစခန်းတခုသို့ ခေါ်ဆောင် စစ်ဆေးခဲ့သေးသည်ဟု ဦးဝင်းတင်က ပြောသည်။
အင်းစိန်လမ်းမ ပိတ်ထားပြီး လုံခြုံရေးလည်း ယခင်ကထက် ပိုချထားသည်။
Posted by Ko Myint Maung at Tuesday, July 28, 2009 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည် အမှု လာမည့် တနင်္လာနေ့သို့ ထပ်မံချိန်းဆို
ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို ယနေ့ တင်ပြခဲ့ရာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက ယခုလ ၂၇ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် စာမျက်နှာပေါင်း ၂၃ မျက်နှာပါ နောက်ဆုံးလျှောက်လဲချက်ကို အင်းစိန်ထောင် တရားခွင်၌ ရှေ့နေ ဦးကြည်ဝင်းက မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၄နာရီခွဲထိ လျှောက်လဲခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်က ပြောသည်။
“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက နေပြီးတော့ လျှောက်လဲချက်ကို တင်ပြခဲ့တယ်။ ဒီနေ့အတွက် ရုံးချိန်ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက်ကြောင့် ဆိုပြီးတော့ ၂၇ ရက်နေ့မှာ ချိန်းလိုက်တယ်” ဟု အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
လာမည့် ၂၇ ရက်နေ့မှာ ရှေ့နေ ဦးလှမျိုးမြင့်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်း သားအမိ၏ အမှုလျှောက်လဲချက်ကို တင်ပြမည်ဖြစ်ပြီး၊ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ရုံးချိန်းများ ပေးနေခြင်းကို သဘောမကျကြောင်း တရားခွင်အပြီးမှာ ပြောကြားခဲ့သေးကြောင်းကို အန်အယ်ဒီ ရန်ကုန်ဌာနချုပ်၌ ယနေ့ညနေတွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ ဦးဉာဏ်ဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ခြင်းမရှိဘဲ ကျင်းပမည့် ၂၀၁၀ ခု ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကုလသမဂ္ဂမှ ပြောသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းအား မှာကြားလိုက်ကြောင်းလည်း ရှေ့နေဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။
ယနေ့ အပြီးသတ် လျှောက်လဲချက် တင်သွင်းရာသို့ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေများဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သာမက အမေရိကန်၊ အင်္ဂလန်၊ ဗြိတိန်၊ ပြင်သစ်တို့အပါအဝင် အနောက်နိုင်ငံတချို့မှ သံတမန်များလည်း တက်ရောက်ခဲ့သည်။
တရားဆိုင်သက်သေများအဖြစ် ပုဂ္ဂိုလ် ၄ ဦးကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း လပွတ္တာ အန်အယ်ဒီအမတ် ဦးကြည်ဝင်းနှင့် တောင်ကြီးမြို့မှ ရှေ့နေဒေါ်ခင်မိုးမိုးတို့ နှစ်ဦးကိုသာ ခွင့်ပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နှင့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့ကို ဗဟိုတရားရုံးက ပယ်ချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် မေလဆန်းက အင်းလျားကန်မှ ရေကူးကာ တိတ်တဆိတ် ဝင်ရောက်၍ နှစ်ညတာ နေထိုင်ခဲ့သဖြင့် သူမကို စစ်အစိုးရက “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် စွပ်စွဲပြီး ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။
အစိုးရဘက်မှ တရားလိုပြ သက်သေများအဖြစ် အနည်းဆုံး ၂၃ ဦး တင်ပြခဲ့သော်လညှ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်း လုံခြုံရေးအတွက် တာဝန်ယူထားခဲ့သူများ၏ အမည်များ ပါဝင်ခြင်း မရှိပေ။
လုံခြုံရေး အားနည်းခြင်းကြောင့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအနေဖြင့် ခြံဝန်းအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း ဖြစ်သော်လည်း လုံခြုံရေးတာဝန်ရှိသူများအား အရေးမယူခြင်းသည် တရားမျှတမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မြင်သည်ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ယခင်က ပြောပြသည်။
အကယ်၍ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လျှင် သူမအနေဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။
Posted by Ko Myint Maung at Tuesday, July 28, 2009 0 comments
Labels: သတင်း
သံတမန်ကားများ အင်းစိန်ထောင် တရားခွင်မှ ပြန်လည်ထွက်ခွာ
ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ်
မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း နှစ်ဖက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းနေသည့်အနက် ယနေ့ ဒုတိယမြောက် တရားခွင်သို့ လာရောက်ကြသည့် သံတမန်ကား ၅ စီးခန့် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။
ထောင်အတွင်းသို့ နံနက် ၁၀ နာရီမှ စတင်ကာ သံတမန်များ ဝင်ခွင့်ရခဲ့ပြီး နေ့လည် ၁၂ နာရီ မထိုးမီတွင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာမူ ထောင်ထဲမှ ပြန်လည် ထွက်ခွာလာခြင်း မရှိသေးကြောင်း အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူများ အပြောအရ သိရခြင်း ဖြစ်သည်။
“သံရုံးကား ၅ စီး ပြန်ထွက်သွားပြီ။ အမေရိကန်၊ ဗြိတိန် အပါအဝင်ပေါ့နော်။ ၁၂ နာရီ မထိုးခင်လောက်မှာ ထွက်သွားတယ်” ဟု ရှေ့နေဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် သောကြာနေ့တွင် အပြီးသတ် လျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက စတင်တင်သွင်းရာ၊ တရားခွင်သို့ ၅ နိုင်ငံထက်မနည်း နိုင်ငံခြား သံတမန်များ ဝင်ရောက်ခွင့် ပြုခဲ့သေးသည်။ အဆိုပါ တရားခွင်တွင် ရှေ့နေ ဦးကြည်ဝင်းက ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်အတွက် လျှောက်လဲချက် ပေးခဲ့သည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့အတွက် ရှေ့နေဦးလှမျိုးမြင့်က အပြီးသတ် လျှောက်လဲမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည်။
ယနေ့ ထောင်ရှေ့တွင် နှလုံးရောဂါ ခံစားနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ရှေ့နေ ဦးကျင်တိုး၊ ညောင်လေးပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင် အပါအဝင် ပြည်သူ ၅၀၀ ဦး ခန့် လာရောက်ကြသည်ဟု သိရသည်။
အင်းစိန် ကုန်းတံတားအဆင်းတွင် လုံထိန်းရဲများက ဒိုင်နာကား အပါအဝင် အနည်းဆုံး ကား ၆ စီး ဖြင့် လုံခြုံရေး စောင့်ကြပ်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အား အားပေးသည့်အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သွားရောက်ခဲ့သူ ဒေါ်နော်အုန်းလှအပါအဝင် အမျိုးသမီး ၇ ဦးကိုလည်း ခရီးကြန့်ကြာစေရန် အာဏာပိုင်များက လမ်းတလျှောက်၌ ၎င်းတို့ စီးလာသည့်ကားအား ၆ ခါထက်မနည်း စစ်ဆေးခြင်းဖြင့် အနှောင့်အယှက် ပေးခဲ့ကြောင်း သိရသည်။
“ရဲတွေ ဝတ်စုံနဲ့ အပြည့်နဲ့ စစ်တာ။ ကားကိုလည်း စစ်တယ်။ ယာဉ်မောင်းလိုင်စင် စစ်တယ်။ ကျန်တဲ့ ကားတွေ မစစ်ဘူး။ အချိန်ကြန့်ကြာအောင် လုပ်တာပေါ့၊ ၉ နာရီစီးတာ ၁၁ နာရီကျော်မှ ရောက်တယ်” ဟု ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။
ဒေါ်နော်အုန်းလှနှင့်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် အင်္ဂါနေ့တိုင်း ဆုတောင်းနေသည့် အဖွဲ့ဖြစ်သည်။
ပထမဆုံးအကြိမ် အပြီးသတ် လျှောက်လဲရသည့် ရုံးချိန်းသို့ ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို မရန်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းတွင် ၎င်းတို့အဖွဲ့အား စစ်ဆေးခဲ့သေးသည်။
Posted by Ko Myint Maung at Tuesday, July 28, 2009 0 comments
Labels: သတင်း
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်
ကိုဝိုင်း
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ် 18 နာရီ 34 မိနစ်
မဇ္ဈိမ (ချင်းမိုင်)။ ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI က အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမှန်တရားနှင့် လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကိုယ်စားပြုသူ တဦးအဖြစ် ယနေ့ ဂုဏ်ပြုဆု ပေးအပ်လိုက်သည်။
AI ၏ အမြင့်ဆုံးဆုတခုဖြစ်သော Ambassador of Conscience ဆုကို ၂၀၀၉ ခုအတွက် ပေးအပ်ခြင်းဖြစ်သည်။
AI အထွေထွေအတွင်းရေးမှူး Irene Khan က အကျဉ်းကျနေသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာအတွက် အားကျဖွယ်၊ အတုယူဖွယ် ခေါင်းဆောင်တဦးဖြစ်ကြောင်း ပြောသည်။
“နှစ်ကာလတွေရှည်ကြာပြီး များသောအားဖြင့် အခက်အခဲ၊ အတားအဆီးများကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ချက်များ၊ ယုံကြည်မှုနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့နေရာမှာ မြန်မာနိုင်ငံသားတွေအတွက်သာမက တကမ္ဘာလုံးအတွက် အတုယူစရာ သင်္ကေတ တခုဖြစ်ပါတယ်” ဟု သူက ပြောကြားကြောင်း အေအက်ပီ သတင်းတွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ၁၄ နှစ်ကျော်မှာ ဖမ်းဆီး၊ ထိန်းသိမ်းခြင်း ခံရသူ ဖြစ်သည်။
သူမ လွတ်မြောက်ရေးအတွက် ဖျော်ဖြေရေးအစီအစဉ်များ လုပ်လေ့ရှိသည့် အိုင်ယာလန် တေးဂီတအဖွဲ့ဖြစ်သော U2 တေးဂီတ အဖွဲ့က ယနေ့ည အိုင်ယာလန်နိုင်ငံ ဒဗ်လင်မြို့ရှိ Croke Park အားကစားရုံကြီးတွင် ကျင်းပမည့် ၎င်းတို့၏ တေးဂီတပွဲမှတဆင့် တရားဝင် ကြေညာပေးမည်ဖြစ်သည်။
U2 အဖွဲ့သည် ၂၀၀၅ ခုနှစ်အတွက် AI ကပေးသည့် Ambassador of Conscience ဆုရရှိထားသည့် အဖွဲ့လည်း ဖြစ်သည်။
ဆုကို ၂၀၀၃ ခုနှစ်တွင် စတင်ပေးအပ်လာခြင်းဖြစ်ပြီး၊ ယင်းနှစ်အတွက် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလဗ် ဟာဗေးက ရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စုစုပေါင်း ၇ ကြိမ် ပေးအပ်ခဲ့ပြီးဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မေရီရောဘင်ဆန်နှင့် ဂွာတီမာလာနိုင်ငံ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Hilda Morales Trujillo တို့နှစ်ဦးကို ၂၀၀၄ ခုနှစ်အတွက် ပူးတွဲချီးမြှင့်ခဲ့သည်။
၂၀၀၆ ခုနှစ်အတွက် တောင်အာဖရိက လူဖြူလူမဲ တိုက်ဖျက်ရေးခေါင်းဆောင် နယ်ဆန်မန်ဒဲလား၊ ၂၀၀၈ ခုနှစ်အတွက် ဂီတပညာရှင် Peter Gabriel ကို ပေးအပ်ခဲ့သည်။
Posted by Ko Myint Maung at Tuesday, July 28, 2009 0 comments
Labels: သတင်း