မြင့်မောင်
သောကြာနေ့၊ အောက်တိုဘာလ 24 2008
နယူးဒေလီ။ ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ပလောင်ဒေသတွင် အာဏာပိုင်များက ယခုလအတွင်း နိုင်ငံရေး စိစစ်ရေးကဒ်များ ထုတ်ပေးနေကြောင်း ပြည်ပအခြေစိုက် ပလောင်အဖွဲ့အစည်း တခုက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ မန်လွယ်၊ တောင်ကျော်နှင့် နမ့်လင့်ကျေးရွာအုပ်စုများတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူများအား လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် မြို့နယ် အေးချမ်းသာရေး ကောင်စီဝင်များက ယခုလ ပထမအပတ်က စတင်ကာ တဦးလျှင် ကျပ်ငွေ ၃၀၀၀ စီ ကောက်ခံကာ ကွင်းဆင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။
"ကျနော်တို့ ကြားသိရသလောက် ဒီမှတ်ပုံတင် ပြုလုပ်ချိန်မှာ လ၀က ညွှန်ကြားရေးမှူးက ပြည်သူတွေဆီက ပိုက်ဆံ မတောင်းရဘူးလို့ တားမြစ်တာတွေ ရှိတယ်။ အခုဟာက မယကနဲ့ လ၀က အတင်းအဓမ္မ တောင်းခံတယ်။ ရွာသားတွေကတော့ ကုန်ဈေးနှုန်းကြီးတဲ့အတွက် ဒုက္ခရောက်နေတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် ပလောင်လူငယ် လုပ်ငန်းကွန်ယက် အဖွဲ့ဝင် မိုင်းအောင်က မဇ္ဈိမကို ပြောသည်။
ယခုလို ပလောင်ဒေသများအတွင်း မှတ်ပုံတင်များ ထုတ်ပေးနေခြင်းသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် လူဦးရေ စုဆောင်းနေခြင်းလည်း ဖြစ်ကြောင်း ပလောင်လူငယ် ကွန်ယက်အဖွဲ့က ဆိုသည်။
ယခုနှစ် မေလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲမတိုင်မီ ရက် ၂၀ ခန့်အလိုက မြန်မာနိုင်ငံ လ၀က ညွှန်ကြားရေးမှူးက ပြည်သူများထံမှ ငွေကြေးတောင်းခံခြင်း မပြုရန်နှင့် တောင်းခံပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း လ၀က ၀န်ထမ်းမှ ပြောဆိုခဲ့ကြောင်း ဒေသခံတဦး၏ ပြောကြားချက်ကိုလည်း အဖွဲ့က ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ကိုးကားဖော်ပြထားသည်။
မိုင်းအောင်က "ပလောင်ဒေသဟာ လ္ဘက်ကို အဓိက ထွက်ရှိပြီး ဆန်စပါးကို အောက်ပိုင်းကနေ ၀ယ်ယူရတယ်။ ဆန်ဈေးက ၂၈၀၀၀ ကျော်ရောက်နေတယ်။ လ္ဘက်ဈေးကတော့ တပိဿာ ၁၈၀၀ ကျပ် ဈေးရှိတော့ ထွက်တဲ့ ပစ္စည်းဈေးနဲ့ ၀ယ်စားရတဲ့ ကုန်ဈေးနှုန်း မကိုက်တဲ့အတွက် အကျပ်အတည်း ဖြစ်နေတယ်" ဟု ပြောသည်။
ပလောင် တိုင်းရင်းသားများအား မေလ ဆန္ဒခံယူပွဲတွင် မဲပေးရန်အတွက် ၃ ခေါက်ချိုး ယာယီ မှတ်ပုံတင် ကဒ်ပြားများကို ထုတ်ဝေပေးခဲ့သေးသည်။
No comments:
Post a Comment