မြင့်မောင်
သောကြာနေ့၊ အောက်တိုဘာလ 17 2008
နယူးဒေလီ။ ။ ရန်ကုန် လက်လီဈေးကွက်များတွင် အိမ်သုံးဆားမှာ ယခင်လက ကျပ် ၆ဝ ရှိရာမှ ယခုအခါ ကျပ် ၁ဝဝ အထိ မြင့်တက်သွားသည်။
မေလဆန်းတွင် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း၏ တတိယ စီးပွားရေးဖြစ်သော ဆားလုပ်ငန်းများမှာ ကြီးမားစွာ ထိခိုက် ပျက်စီးခဲ့ရသော်လည်း ရန်ကုန်တွင် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ဆားကုန်ကြမ်းများ အစားထိုး သုံးစွဲခဲ့ရာမှ ယခုအခါ တစထက်တစ ကုန်ကြမ်း ပြတ်လပ်လာသဖြင့် ရန်ကုန်ရှိ အိမ်သုံးဆား လက်လီဈေးကွက်တွင် ဆားဈေးသည် ယခင်လထက် ဈေးနှုန်း နှစ်ဆခန့် မြင့်တက်လာခြင်း ဖြစ်သည်။
"ဈေးထဲမှာ ဆား ၁ဝ သား တထုပ်ကို ၁ဝဝ (ကျပ်) ဝယ်ရတယ်။ အရင်လတုန်းက ၁ဝ သားကို (ကျပ်) ၆ဝ နဲ့ ဝယ်ရတယ်" ဟု ရန်ကုန်ဒေသခံ နေ့စား အလုပ်သမားတဦးက ပြောသည်။
လက္ကားဈေးကွက်တွင် တပိဿာ ၄၅ဝ ကျပ်သာ ဈေးပေါက်ပေမယ့် လက်လီဈေးတွင် ၁ဝဝဝ ကျပ်နှုန်းအထိ ရောင်းနေကြခြင်းဖြစ်သည်၊
ဧရာဝတီတိုင်းမှ ဆားအထွက် ကျဆင်းသွားသဖြင့် ဆားကြမ်းများကို ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အစားထိုး တင်သွင်းကာ ရန်ကုန်တွင် လိုအပ်သည့် ပစ္စည်းများ ဖြည့်စွက်၍ ပြန်လည် ချက်လုပ်နေရကြောင်း ရန်ကုန် ဆားလုပ်ငန်းရှင် တဦးကလည်း ပြောသည်။
ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ထုတ်ဝေသည့် အစိုးရသတင်းစာ ကြေးမုံတွင် နာဂစ်မှန်တိုင်းအပြီး ဧရာဝတီတိုင်းရှိ ဖျာပုံ၊ လပွတ္တာ၊ မြောင်းမြနှင့် ငပုတောမြို့နယ်များရှိ ဆားကျင်းဧကပေါင်း ၂၃၄၅၈၊ ဆားကြမ်းတန်ချိန် ၂၄၂၁၄ နှင့် ဆားကျင်းလုပ်သား အများအပြား သေဆုံးခဲ့ရသည့်အပြင် လုပ်ငန်းသုံးပစ္စည်းများလည်း ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။
ဆားလုပ်ငန်းရှင်က "မုန်တိုင်းဖြစ်တော့ ဆားကွင်းတွေ အကုန်ဆုံးရှုံးတယ်။ လူတွေလည်း ၁၈ဝ ကျော် သေတယ်။ နာဂစ်ဖြစ်လိုက်တော့ ကုန်ကြမ်းရှားသွားတော့၊ ကုန်ချောလည်း ဈေးတက်တာပေါ့" ဟု သုံးသပ် ပြောဆိုသည်။
အလားတူ အခြားသော အခြေခံ စားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးများလည်း အနည်းငယ် မြင့်တက်နေကြောင်း သိရသည်။
No comments:
Post a Comment