မြင့်မောင်
သောကြာနေ့၊ သြဂုတ်လ 15 2008
နယူးဒေလီ။ ။ မလေးရှားရှိ နိုင်ငံခြားသားများနှင့် မြန်မာ အလုပ်သမားများအား မလေးအာဏာပိုင်များ ဖမ်းဆီးရာတွင် ယခုလအတွင်း မြန်မာနိုင်ငံသား ၁၆ဝ ကျော် ဖမ်းဆီးခံရပြီး ဖြစ်သည်။
RELA (Volunteers of Malaysian People) ခေါ် မလေးရှား ပြည်သူ့စစ်များက တရားမဝင် နေထိုင်သူ နိုင်ငံခြားသားများ သာမက ပြည်ဝင်ခွင့် ဗီဇာနှင့် ကုလဒုက္ခသည်ကဒ် ကိုင်ထားသူများမရှောင် ဖမ်းဆီးရာတွင် ယခုလ ၁၃ ရက် တရက်ထဲတွင်ပင် Cheress မြို့ Maruri ရပ်ကွက်၌ မြန်မာနိုင်ငံသား ၆ဝ ကျော် အဖမ်းခံရပြီးနောက် ယခုလအတွင်း မြန်မာ ၁၆ဝ ကျော် ဖမ်းဆီးခံရပြီး ဖြစ်သည်။
“ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသား ၆ဝ ကျော်ကို ဖမ်းဆီးတယ်။ တရားဝင် နေထိုင်တဲ့ သူတွေရော၊ ဘာမှ အထောက်အထား မရှိသူရော၊ UNHCR ကဒ် ရှိသူတွေကို ဖမ်းတယ်။ အလုပ်လုပ်တဲ့ ပါမစ်သမားတွေ ကျတော့ သူဋ္ဌေးက လာထုတ်တဲ့ သူကျတော့ လွှတ်ပေးတယ်။ သူဋ္ဌေးက လာမထုတ်ရင် နိုင်ငံခြားသားတွေ ထားတဲ့ camp ထဲမှာ နေရတယ်” ဟု မလေးရှားနိုင်ငံ ကွာလာလန်ပူရှိ မြန်မာ အလုပ်သမားတဦးက ပြောသည်။
ယခုလအတွင်း Chress မြို့ Maluri ရပ်ကွက် (လူဦးရေ ၆ဝ ကျော်)၊ ကွာလာလမ်ပူမြို့ရှိ Sungai Buloh (၅ဝ ခန့်) နှင့် Alorstar ပြည်နယ်အတွင်းရှိ Palati မြို့ (၅ဝ ခန့်) တွင် ဖမ်းဆီးခံရသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှားဌာနခွဲ) ၏ အလုပ်သမားရေးရာ ကူညီစောင့်ရှောက်ရေး ဌာနမှ သုတေသန စာရင်းအရ သိရသည်။
ယခုလို အဖမ်းအဆီးများသည် ၂ဝဝ၅ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး အဖမ်းဆီးခံ နိုင်ငံခြားသားများကို စမုံညှင်း၊ လင်းခေး စခန်းများတွင် ထိန်းသိမ်းထားလေ့ ရှိသည်။
မြန်မာအလုပ်သမားက “ဘတ်စ်ကားတွေပေါ်မှာ တက်စစ်ဆေးတယ်၊ ဖမ်းသွားတယ်။ တခြား ရပ်ကွက်တွေမှာ ဆိုရင် အိမ်တွေထဲအထိ ပိုက်စိတ်တိုက် ရှာတယ်ဆိုတော့ အခုလက်ရှိ နေရထိုင်ရတဲ့ အပိုင်းမှာ တော်တော်လေး ဒုက္ခရောက်နေတယ်” ဟု ပြောသည်။
အခြား မြန်မာအလုပ်သမားက “RELA ဆိုတဲ့ နိုင်ငံခြားသား နှိမ်နှင်းရေးအဖွဲ့က ပါမစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းကြတာ။ ပြီးမှ လူဝင်မှု ကြီးကြပ်ရေးက ခေါ်ပြီးတော့ ပြန်လွှတ်ပေးသင့်မှ ပြန်လွှတ်တယ်။ ပါမစ် မှန်တယ်၊ လုပ်ပိုင်ခွင့် ရှိတယ် ဆိုတာတောင်မှ သူဋ္ဌေးရဲ့ ထောက်ခံတဲ့ စာတွေကို ပါလာမှ ပြန်လွတ်တယ်” ဟု ပြောသည်။
အန်အယ်ဒီ-လွတ်မြောက်နယ်မြေ (မလေးရှားဌာနခွဲ) ဥက္ကဋ္ဌ ကိုကျော်ကျော်က “ကျနော်တို့ အလုပ်အမှုဆောင် EC ထဲက ကိုမင်းသူဆိုရင် ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကဒ်နံပါတ် ၃၅၄-ဝ၇ (စီ) ဝ၃ဝ၉၅ ကို ကိုင်ထားတယ်။ သူ့ကို ဘတ်စ်ကားပေါ်မှာ ဖမ်းသွားတယ်” ဟု ပြောသည်။
ကိုမင်းသူ အား မြန်မာ သို့မဟုတ် ထိုင်းနယ်စပ်သို့ ပို့ဆောင်ဖွယ် ရှိသလို၊ အရေးယူမှုများလည်း ပြုလုပ်နိုင်သဖြင့် UNHCR သို့ အကူအညီ တောင်းခံရာ မရရှိသေးကြောင်းနှင့် လာမည့်လ ၁၄ ရက်နေ့တွင် အမေရိကားသို့ ထွက်ခွါမည့် ကိုကျော်ဆန်း (UNHCR နံပါတ် ၃၅၄-ဝ၇ (စီ) ၁ဝ၅၂၂) နှင့် အလားတူ ကဒ်ကိုင်ဆောင်ထားသူ ၂ ဦးလည်း ဗုဒ္ဓဟူးနေ့ကပင် ဖမ်းဆီးခံခဲ့ရကြောင်း သူက ဆက်ပြောသည်။
ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေ သိရှိရန်အတွက် မဇ္ဈိမက မလေးရှားရှိ UNHCR သို့ ဆက်သွယ် မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်း မရှိပါ။
ဒုက္ခသည်ကဒ် ကိုင်ထားသူ ကိုအောင်ကျော်ဆက်က “အရင် ၆ လ ၊ တနှစ်ကျော်လောက်အထိ UNHCR ကို သွားရင် ဟုတ်ပါပြီဆိုပြီး camp တွေ၊ ထောင်တွေကို လိုက်ကြည့်တယ်။ အခုနောက်ပိုင်းကျ ထောင်တွေ၊ camp တွေကို ဝင်ခွင့် မရတော့ဘူးလို့ UNHCR က ပြောတယ်။ အစိုးရက UNHCR ကို သက်ဆိုင်ရာ camp တွေမှာ ပေးမဝင်တော့ဘူး။ သူတို့က ဘယ်လိုပဲညှိညှိ သက်ဆိုင်ရာ အထောက်အထားတွေပဲဖြစ်ဖြစ်၊ UNHCR ကိုင်ထားသူတွေပဲဖြစ်ဖြစ်၊ ဖမ်းမိတယ်ဆိုရင် လိုက်မတွေ့နိုင်တော့ဘူး” ဟု ပြောသည်။
မလေးရှားရှိ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ဥပဒေပညာရှင်များက မလေးအစိုးရက RELA ကို ဖမ်းဆီးရန် လုပ်ပိုင်ခွင့် ပေးသည့်အတွက် အပြင်းအထန် ရှုတ်ချခဲ့သေးသည်။
မြန်မာများအပြင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားများလည်း အလားတူ ဖမ်းဆီးခဲ့ရသည်။ မလေးရှားတွင် တရားဝင်နှင့် တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသား ၅ သိန်းခန့်ရှိသည်ဟု မြန်မာလုပ်သားများက ခန့်မှန်း ပြောဆိုကြသည်။
No comments:
Post a Comment