မဇ္ဈိမသတင်းဌာနအောက်တိုဘာလ ၂၄ ရက်၊ ၂ဝဝ၇ ခုနှစ်။
ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်သို့ နောက်တကြိမ်ထပ်မံ လာရောက် လည်ပတ်ခွင့်ကို အများ မျှော်လင့်ထားသည်ထက် ရက်စောစွာ စစ်အစိုးရက ခွင့်ပြုလိုက်သည်။
ယခင်က နိုဝင်ဘာလ လလယ်ပိုင်း တရက်ရက်တွင် လာရောက်ခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ သူ့ခရီးစဉ်ကို နိုဝင်ဘာ ပထမပတ် အတွင်းသို့ သဘောတူ ပြောင်းရွှေ့ပေးလိုက်သည်။
“မစ္စတာ ဂမ်ဘာရီဟာ အဓိက ကျတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ အခုအချိန်မှာ ဆက်ဆွေးနွေးနေတယ်။ အဲဒီ ဒေသတွင်းကနေပဲ မြန်မာပြည်ကို တိုက်ရိုက် သွားပါလိမ့်မယ်” ဟု ယမန်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် Michele Montas က သတင်းထောက်များကို နယူးဒေလီတွင် ပြောကြားခဲ့သည်။
အိန္ဒိယ ထိပ်တန်း နိုင်ငံရေးသမားများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် အသေးစိတ်ကျပြီး ထိရောက် အကျိုးရှိသော ဆွေးနွေးပွဲများဟု Montas က ပြန်လည် ပြောဆိုခဲ့သည်။ ယခုအခါ မစ္စတာ ဂမ်ဘာရီသည် တရုတ်နိုင်ငံ ဘီဂျင်းရှိ အရာရှိများနှင့် မြန်မာ့အရေး ဆွေးနွေးရန်အတွက် သွားရောက်နေပြီ ဖြစ်သည်။ ထိုနောက် ဂျပန်နိုင်ငံသို့ ခရီးဆက်မည် ဖြစ်သည်။
ကုလ ကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၂၉ ရက်နေ့က နောက်ဆုံး သွားရောက် လည်ပတ်ခဲ့သည်။ အဆိုပါ ၄ ရက်ကြာ ခရီးစဉ်အတွင်း ဖမ်းဆီး ထိန်းသိမ်း ခံနေရသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို တွေ့ဆုံခဲ့ကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတို့အတွက် နှစ်ဖက် သဘောတူညီမှုရရန် နည်းလမ်းရှာလျှက် ရှိသည်။
စစ်အစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ မစ္စတာ ပေါ်လိုဆာဂျီယို ပင်ညဲရိုးကိုလည်း လာရောက်ခွင့် ပြုလိုက်ရာ ထိုဖိတ်ခေါ်မှုမှာ ၄ နှစ်ကြာ ငြင်းပယ်ထားမှုကို အဆုံးသတ်မှာ ဖြစ်သည်။
No comments:
Post a Comment