မဇ္ဈိမသတင်းဌာန
Thursday, 25 October 2007 15:21 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေထိုင်သည့် အိမ်အမှတ် ၅၄ ၊ တက္ကသိုလ် ရိပ်သာလမ်းမှ အစိုးရ ဧည့်ဂေဟာသို့ ခေါ်ဆောင်သွားကြောင်း သံတမန်များကို ကိုးကား၍ သတင်းများက ဖော်ပြကြသည်။
အဘယ်တွက်ကြောင့် ခေါ်ဆောင်သွားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူနှင့် ဒေါ်အောင်ဆန်း စုကြည်အကြား ဆက်ဆံရေး အရာရှိအဖြစ် ခန့်အပ်ထားသော အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံရန်အတွက် ဖြစ်သည်ဟု ပြောနေကြသည်။
နေအိမ် အကျယ်ချုပ် ကျခံနေသော ဒေါ်စုသည် အစိုးရ ဧည့်ဂေဟာတွင် နိုင်ငံခြား သံတမန်များနှင့် ဧည့်သည်များကို လက်ခံ တွေ့ဆုံရလေ့ ရှိသည်။
သူမ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ဦးလွင်က မျက်မြင် သက်သေများနှင့် နိုင်ငံခြား သံတမန်များကို ကိုးကားပြီး မဇ္ဈိမသို့ ပြောကြားရာတွင် “သူ့အိမ်ကနေ အစိုးရ ဧည့်ဂေဟာကို ဒီနေ့ နေ့ခင်း ၂ နာရီလောက်က ခေါ်သွားတယ်” ဟု ပြောသည်။
“ဘာတွေ ပေါ်ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရအုံးမှာ ဖြစ်ပေမယ့် အခုလို ဖြစ်လာတာကို ကျနော်တို့ ကြိုဆိုပါတယ်” ဟု ဦးလွင် က ဆက်ပြောသည်။
သတင်းရေးသားချိန်တွင် ဧည့်ဂေဟာ၌ ရှိနေသေးလား (သို့မဟုတ်) အင်းလျားကန် အနီးရှိ နေအိမ်သို့ ပြန်ရောက်သွားပြီလား ဆိုခြင်းအပေါ် အတည်ပြုချက် မရသေးပါ။
စီအင်အင် သတင်းတရပ်က အမည်မဖော်သော စစ်တပ် သတင်းရပ်ကွက်ကို ကိုးကားပြီး ပြောကြားရာတွင် ဒေါ်စုကို နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ဆန္ဒပြသူများကို သွေးမြေကျ နှိမ်နင်းခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံပါမည်ဟု လူသိရှင်ကြား ကမ်းလှမ်းခဲ့သည်။
No comments:
Post a Comment