Thursday, November 29, 2007

မဂ္ဂင် ဘုန်းတော်ကြီးကျောင်း အပိတ်ခံရ

မဂ္ဂင် ဘုန်းတော်ကြီးကျောင်း

အပိတ်ခံရကိုသက်

နိုဝင်ဘာ ၂၈၊ ၂၀၀၇
HIV /AIDS ဝေဒနာရှင်များအတွက် လူမှုအထောက်အကူပြု လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင် ဘုန်းတော်ကြီးကျောင်းကို အာဏာပိုင်များက အဓမ္မပိတ်ခိုင်းကြောင်း သိရသည်။
သင်္ကန်းကျွန်းမြို့နယ် အာဏာပိုင်များအပါအ၀င် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မဂ္ဂင် ဘုန်းကြီးကျောင်းကို တပတ်အတွင်းပိတ်ပေးရန် ယမန်နေ့ နေ့လယ်ပိုင်းက လာရောက်ပြောဆိုခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မနီလာသိန်းက ဧရာဝတီကို ပြောသည်။
မဂ္ဂင် ကျောင်းတိုက်ကို အာဏာပိုင်တို့က လာရောက်ပိတ်ခိုင်းရာ၌ မည့်သည့်အကြောင်းပြချက်ကြောင့် ပိတ်ခိုင်းသည်ကို ပြောဆိုခြင်းမရှိဘဲ အထက်အမိန့်အရဟုသာ ပြောဆိုကြောင်း၊ ကျောင်းတိုက်ရှိ သံဃာများက ရွှေ့ပြောင်းရန်အတွက် အချိန် ၂ ပတ်ပေးရန် တောင်းဆိုသော်လည်း လိုက်လျောမှု မရှိကြောင်း သိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့ည ၁၂ နာရီခွဲခန့်က လက်နက်ကိုင်စစ်သား ၂၀၀ ကျော်နှင့် တုတ်များ ကိုင်ဆောင်ထားသည့် ကြံ့ဖွံ့များက မဂ္ဂင်ဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းကာ ကျောင်းထိုင်ဆရာတော် ဦးအိန္ဒက အပါအ၀င် ဦးဣနြ္ဒိယ၊ ဦးနန္ဒိယ၊ ဦးမေသုတို့နှင့် ကျောင်းတွင်လာရောက် တည်းခိုနေကြသည့် ကိုအောင်သန်း၊ ကိုဘိုထွန်း၊ ကိုအောင်ဇော်ဝင်းနှင့် ကိုသန်းထိုက်အောင်တို့အား အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားကြောင်းကို ထိုစဉ်က မဂ္ဂင်ကျောင်းတွင် HIV/AIDS ဝေဒနာရှင်များအား စောင့်ရှောက်နေသည့် ကိုအိုးဝေက ဧရာဝတီသို့ ပြောဆိုခဲ့သည်။
ယင်းမဂ္ဂင်ကျောင်းတိုက်ကို ပြီးခဲ့သည့် စက်တင်ဘာလက စတင်၍ စစ်အစိုးရ စစ်သားများက ၄ ကြိမ် ၀င်ရောက်စီးနင်းကာ ကျောင်းထိုင်ဆရာတော် ဦးအိန္ဒကကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ အထိ မည်သည့် နေရာတွင် ထားကြောင်း မသိရှိရပေ။
၁၉၉၀ ခုနှစ်က အစိုးရကို ဆန့်ကျင်သပိတ်မှောက်သော ပတ္တနိက္ကုဇ္ဖန ကံဆောင်ခဲ့သည့်အတွက် ဦးအိန္ဒကသည် စစ်အစိုးရ၏ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချခံရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သည်။ ၎င်းသည် ၁၉၉၄ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာပြီး မဂ္ဂင်ကျောင်း၌ သီတင်းသုံးနေထိုင်ခဲ့ခြင်း ဖြစ်သည်။
မဂ္ဂင်ကျောင်းတိုက်သည် အန်အယ်လ်ဒီ ပါတီ၏ ကိုယ်ခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနှင့် ပညာပေးရေး လုပ်ငန်း များကို လုပ်ကိုင်နေသူများက လိုက်လံကူညီနေသည့် မြန်မာနိုင်ငံဒေသအသီးသီးမှ ရန်ကုန်သို့ ဆေးဝါး လာရောက်ကုသနေ ကြသည့် HIV/AIDS ဝေဒနာရှင်များ၏ တည်းခိုရာနေရာလည်းဖြစ်သည်။
စက်တင်ဘာ ဆန္ဒပြပွဲများကာလအတွင်း ယင်းမဂ္ဂင်ကျောင်းတိုက်အား စစ်သားများကအကြမ်းဖက်စီးနင်းပြီးနောက် HIV/AIDS ဝေဒနာရှင်များကို အာဏာပိုင်များက မြောက်ဥက္ကလာပ မြို့နယ် ဝေဘာဂီ ကူးစက်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ စာရင်းများအရ လွန်ခဲ့သည့် စက်တင်ဘာလအတွင်း အာဏာပိုင်တို့က ဘုန်းတော်ကြီးကျောင်း ၆၀ ခန့်ကို အဓ္ဓမ ၀င်ရောက်အကြမ်းဖက်စီနင်းခဲ့ကြောင်း သိရသည်။အဖမ်းဆီးခံထားရသည့် သံဃာများလွတ်မြောက်ရေးနှင့် ပျံလွန်၊ ပျောက်ဆုံး သံဃာစာရင်းကို ဖော်ထုတ်ပေးရန် သံဃာ့ တပ်ပေါင်းစုအဖွဲ့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို တောင်းဆိုထားသည်။

လူထုဒေါ်အမာ မွေးနေ့ မဟာဂန္ဓာရုံမှာကျင်းပ

လူထုဒေါ်အမာ မွေးနေ့ မဟာဂန္ဓာရုံမှာကျင်းပကိုစိုး နိုဝင်ဘာ ၂၉၊ ၂၀၀၇
မန္တလေးမြို့နေ ထင်ရှားသည့် စာရေးဆရာမကြီး လူထုဒေါ်အမာ၏ အသက် (၉၂) ပြည့် မွေးနေ့ပွဲကို အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။
နံနက် ၉ နာရီခန့်က စတင်သည့် လူပရိသတ် ၂၅၀ ခန့် တက်ရောက်သော ယင်းမွေးနေ့ပွဲတွင် မဟာဂန္ဓာရုံ ကျောင်းတိုက်ရှိ သံဃာတော် အပါး ၁၀၀၀ ခန့်ကို ဆရာမကြီးကိုယ်တိုင် နေ့ဆွမ်းလောင်းလှူ၍ ငြိမ်းချမ်းရေး အထိမ်းအမှတ် ငှက် ၂ ကောင် လွှတ်ခြင်းပြုလုပ်သည်ဟု ဆရာမကြီး၏သား စာရေးဆရာ ညီပုလေးက ဧရာဝတီသို့ ပြောသည်။
“အခမ်းအနားအနေနဲ့ စကားပြောဆိုတာတွေ ဘာတွေမလုပ်ပါဘူး၊ အမှတ်တရ ငှက် ၂ ကောင်လွှတ်ပါတယ်၊ ဒီနှစ်တော့ သခင်ဟောင်းကြီးတွေ၊ စာပေလောကက သက်ကြီးရွယ်အို ဆရာကြီးတွေ မလာနိုင်ကြဘူး၊ မွေးနေ့ပွဲ အေးအေးချမ်းချမ်း ပြီးသွားတာကို ၀မ်းသာတယ်၊ တက်ရောက်သူတွေကိုလည်း ကျေးဇူးတင်တယ်၊ အမေကလည်း ရွှင်ရွှင်လန်းလန်းရှိပါတယ်”ဟု စာရေးဆရာ ညီပုလေးက ပြောသည်။
ဆရာမကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနား တက်ရောက်လာသည့် စာရေးဆရာမ ငြိမ်းရွှေလီနှင့် အမ ဒေါ်ခင်ပွားက စာရေးဆရာ ကဗျာဆရာ အေးမင်းစော အပါအ၀င် ကျန်းမာရေးချို့တဲ့သော စာရေးဆရာ ၃ ဦးကို တဦးလျှင် ကျပ် သုံးသောင်းစီဖြင့် ကျပ်ကိုးသောင်း လှူဒါန်းသည်ဟုလည်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့မှ စာရေးဆရာ မောင်ဝံသ၊ မောင်မိုးသူ၊ စာရေးဆရာ ထက်မြက်အပါအ၀င် အနယ်နယ် အရပ်ရပ်မှ စာပေ အနုပညာရှင်များနှင့် နိုင်ငံရေးနယ်ပယ် စသည့် နယ်ပယ်စုံမှ ပရိသတ်များ တက်ရောက်လာကြသော်လည်း ယခင်နှစ် များထက် နည်းပါးသည်ဟု သိရသည်။
“နှစ်စဉ် ဒီပွဲကို တက်ကြသူတွေထဲကတောင် ဒီနှစ်မသွားနိုင်ကြသူတွေရှိတယ်၊ လက်ရှိအခြေအနေအရရော၊ စရိတ်စက၊ ကျန်းမာရေးစတဲ့ အခက်အခဲတွေကြောင့် မသွားနိုင်ကြရတာ”ဟု ရန်ကုန်မြို့က စာရေးဆရာ တဦးက ပြောသည်။
ဆရာမကြီး၏ မွေးနေ့ပွဲသို့ နှစ်စဉ်တက်ရောက်နေကြ ဆရာလူထု စိန်ဝင်း၊ ဆရာဒဂုန်တာရာ၊ မြန်မာ့အလင်း သန်းညွန့် တို့လည်း ယခုနှစ် တက်ရောက်လာသည်ကို မတွေ့ရှိကြောင်း ကိုယ်တိုင်မွေးနေ့ပွဲ တက်ရောက်ခဲ့သူ မန္တလေးမြို့မှ စာပေသမားတဦးက ပြောသည်။
ပုံကြီးချဲ့ရန်
“ဒီလိုအခမ်းအနားမျိုးကို တက်ခွင့်ရအောင် ကြိုးစားကြတာချည်းပါပဲ၊ အခုလို အမေလူထု ဒေါ်အမာ ပြောနိုင်ဆိုနိုင်နဲ့ ကျန်းမာနေသေးတာ၊ သွားနိုင်လာနိုင် သေးတာကို ၀မ်းသာရပါတယ်၊ အသိမိတ်ဆွေတွေ ဆုံကြရတယ်၊ နောက်နှစ် ဆိုတာက ဒီအခွင့်အရေး ရချင်မှရမယ်၊ သက်ကြီးရွယ်အို ပညာရှင်တယောက် ဖြစ်ပြီး လူအများကို ကိုယ်စားပြုပြောဆို လုပ်ဆောင်မှု တွေအပေါ်မှာ လေးစား ပြီးဒီပွဲကိုတက်တာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောပြသည်။
ဆရာမကြီး လူထုဒေါ်အမာ၏ မွေးနေ့ပွဲကို နှစ်စဉ် အမရပူရ မြို့တောင်လေးလုံး ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ ယမန်နှစ်က အာဏာပိုင်များ တားမြစ်သော ကြောင့် ဆရာမကြီး၏ သမီးဖြစ်သူ ဒေါ်သန်းရင်မာ နေအိမ်တွင် အကျဉ်းရုန်း၍ ပြုလုပ်ခဲ့ ရသည်။
အဆိုပါ ဆရာမကြီး၏ မွေးနေ့ပွဲသို့ နယ်ပယ်အစုံမှ ဆရာမကြီးကိုလေးစားသည့် ပရိသတ်များက နှစ်စဉ် တက်ရောက်ကြ ရာတွင် ၂၀၀၅ ခုနှစ်က လက်ရှိစစ် အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသော ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများကလည်း သွားရောက် ဂါရ၀ပြုခဲ့သည်။
စာရေးဆရာနှင့် သတင်းစာဆရာမကြီး လူထုဒေါ်အမာသည် ကျောင်းသားဘ၀က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် ကျောင်းနေဖက်ဖြစ်ခဲ့ပြီး ဒုတိယ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ လူထုဦးလှနှင့် အိမ်ထောင်ကျ ပြီးနောက် လူထုတိုက်ကို ထူထောင်၍ လူထုဂျာနယ်၊ လူထုသတင်းစာများကို ထုတ်ဝေခဲ့သည်။ဆရာမကြီးသည် ကလောင်အမည်ခွဲ ၈ ခုဖြင့် ပင်ကိုရေးနှင့် ဘာသာပြန် စာပေများကို ရေးသားပြုစုခဲ့ပြီး ထင်ရှားသော စာအုပ်များမှာ ၁၉၆၄ ခုနှစ် စာပေဗိမာန် အနုပညာဆိုင်ရာစာပေ ပထမဆုရ ပြည်သူချစ်သော အနုပညာသည်များ၊ မဟာဂီတ၊ ရွှေဒေါင်းတောင် ဆောင်းပါး၊ ကမ္ဘာ့အကြီးဆုံးစာအုပ်၊ အမေ့ရှေးစကား စသည်တို့ ဖြစ်သည်။

ဆွေးနွေးပွဲအတွက် အိန္ဒိယ၏ ထောက်ခံမှုကို တောင်းခံ

မဇ္ဈိမသတင်းဌာန

ပြည်ပရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားများ၏ ထီးရိပ်အဖွဲ့အစည်းတခု ဖြစ်သော “တိုင်းရင်းသား လူမျိုးစုများ ကောင်စီ” ENC က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို စစ်အစိုးရအနေဖြင့် စတင်နိုင်ရေးအတွက် မိမိ၏ သြဇာအရှိန်အဝါကို အသုံးပြုကာ ဆောင်ရွက်ပေးပါရန် အိန္ဒိယအစိုးရအား တောင်းဆိုလိုက်သည်။
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီသို့ အလည်အပတ် ရောက်ရှိနေသော အဖွဲ့ဝင် ၄ ဦးပါဝင်သည့် ENC ကိုယ်စားလှယ်အဖွဲ့က အိန္ဒိယ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ကြာရှည်စွာ ထွက်ပေါက်ပိတ်နေသော အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် မြန်မာစစ်အစိုးရ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပေါ်ပေါက်ရေး၏ အရေးပါမှုကို မီးမောင်းထိုး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းကို သုံးပွင့်ဆိုင် ဆွေးနွေးပွဲနဲ့သာ အကောင်းဆုံး ဖြေရှင်းနိုင်လိမ့်မယ် လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ENC ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာလျံမုန်းဆာခေါင်က ပြောကြားခဲ့သည်။
ENC ကိုယ်စားလှယ် အဖွဲ့သည် “မြန်မာ့ဒီမိုကရေစီရေး အိန္ဒိယ ပါလီမန်အမတ်များ ဖိုရမ်” IPFDB ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ၂၅ နိုဝင်ဘာ မှ ၂၇ နိုဝင်ဘာအထိ ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။ ဤခရီးစဉ်အတွင်း ကိုယ်စားလှယ်များသည် ပါလီမန်အမတ်များ အပါအဝင် အိန္ဒိယခေါင်း ဆောင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ စာနယ်ဇင်းသမားများ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ကိုယ်စားလှယ်များသည် ဤခရီးစဉ်အတွင်း မြန်မာ့ဆွေးနွေးပွဲ ဖြစ်စဉ်ကို ထောက်ခံရန် အရေးကြီးပုံကို အိန္ဒိယ ခေါင်းဆောင်များအား ရှင်းလင်း တင်ပြခဲ့ကြသည်ဟု သိရသည်။ ထို့ပြင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ကျင့်သုံးသော မြန်မာနိုင်ငံကသာ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွါးကို ပိုမို ဆောင်ကျဉ်းပေးနိုင်ကြောင်းလည်း ခုခံ ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။
ENC ကိုယ်စားလှယ်များ၏ မေတ္တာရပ်ခံချက်ကို တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယ ပါလီမန် အမတ်များကလည်း လာမည့် ပါလီမန် အစည်းအဝေး ကျင်းပချိန်တွင် မြန်မာ့အရေးကို မီးမောင်းထိုး တင်ပြပေးသွားမည်ဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့ကြသည်။
“အိန္ဒိယပါလီမန် အမတ်အချို့နဲ့ ကျနော်တို့ မြန်မာ့အရေးကို ဆွေးနွေးခဲ့ပါတယ်။ ပါလီမန် အစည်းအဝေး ကျင်းပချိန် ရောက်ရင် မြန်မာ့အရေးကိစ္စကို ပါလီမန် အချေအတင် ဆွေးနွေးပွဲမှာ တင်သွင်း ဆွေးနွေးသွားဘို့ သူတို့ သဘောတူခဲ့ကြပါတယ်” ဟု ယူရိုဘားမားရုံး ညွှန်ကြားရေးမှူးနှင့် ENC ၏အကြံပေး ဟန် ညောင်ရွှေ က ပြောကြားသွားခဲ့ပါသည်။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် အကြမ်းဘက် အာဏာရယူခဲ့သည့် မြန်မာ စစ်အစိုးရအပေါ် တင်းမာသော သဘောထား ထားရှိခဲ့သည့် နိုင်ငံအနည်းငယ်အနက် အိန္ဒိယနိုင်ငံသည်လည်း တနိုင်ငံ အပါအဝင် ဖြစ်သည်။
စစ်အစိုးရက အရမ်းကာရော အကြမ်းဘက် နှိမ်နင်းနေချိန်တွင် ရန်ကုန်ရှိ အိန္ဒိယသံရုံးက ကျောင်းသားများကို ခိုလှုံရာနေရာများ ပေးခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံရန်ပင် အကြံပြုခဲ့သည်ဟု သိရသည်။
သို့သော် အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများသည် ၁၉၉ဝ စုနှစ် အစောပိုင်းကာလများတွင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ တရုတ်နိုင်ငံ၏ သြဇာအာဏာ မြန်မာနိုင်ငံသို့ ဖြန့်ကျက် ရောက်ရှိလာမှုကို ကာကွယ်ရန် အိန္ဒိယနိုင်ငံ၏ အမျိုးသား အကျိုးစီးပွါးအတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရန် လိုအပ်သည်ဟု အိန္ဒိယမူဝါဒ ချမှတ်သူများက အကြောင်းပြခဲ့ကြသည်။
“အိန္ဒိယ အစိုးရအနေနဲ့ မြန်မာအစိုးရဆီက မျက်နှာသာရရေး တရုတ်နဲ့ မပြိုင်သင့်ဘူး၊ အဲဒီမှာအကြောင်း ၂ ချက် ရှိတယ်။ အိန္ဒိယနဲ့ တရုတ်က ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ချင်း မတူဘူး၊ တရုတ်က ကွန်မြူနစ်နိုင်ငံ၊ အိန္ဒိယက ဒီမိုကရေစီနိုင်ငံ။ အိန္ဒိယအနေနဲ့ သူ့ရဲ့ ရေရှည်အကျိုးစီးပွါးကိုသာ ကြည့်သင့်တယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ဆက်ဆံရေး ကောင်းအောင် လုပ်နေတာဟာ အိန္ဒိယအတွက် သိက္ခာကျစရာဘဲဖြစ်လာမှာ” ဟု ဆာခေါင် ကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရှည်ကြာစွာ ထွက်ပေါက် ပိတ်နေသော ပြဿနာကို စစ်မှန်စွာ ဖြေရှင်းနိုင်မှသာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွါး၊ ဒေသတွင်းနိုင်ငံများရဲ့ အကျိုးစီးပွါးကို တကယ်တမ်း အထောက်အကူပြုမှာ ဖြစ်ကြောင်း ENC ကိုယ်စားလှယ်များက ပြောကြားသွားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းကို သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကသာ စစ်မှန်စွာ ဖြေရှင်းနိုင်မှာဖြစ်ပြီး စစ်အစိုးရ၏ အုပ်စိုးမှုကို အဆုံးသတ်နိုင်မှာဖြစ်ကြောင်း ဆာခေါင် က ဆက်လက် ပြောကြားသွားခဲ့ပါသည်။ ထို့ပြင် ဒီမိုကရေစီစနစ်ကို ပြန်လည်ထူထောင်၍ မြန်မာ့ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း အစပျိုးခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ်အပေါ် အခြေခံသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု အစိုးရစနစ်ကို ထူထောင်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပါသည်။

ပြစ်မှုကြွေးကို ... ??? (ဆောင်းပါး)

ဆောင်းပါး
ကလိုစေးထူး
လူမိုက်တွေရဲ့ လက်သုံးစကားလားတော့ မသိ …။ အရပ်ထဲမှာ ပြောကြတာကို ကျနော် ကြားဖူးတာ တခုရှိပါတယ်။ အဲဒါကတော့ `ထောင်အပြင် တန်းမရှိ´ တဲ့။
ယောက်ျားတွေအတွက် ထောင်ဆိုတာ အဆိုးဆုံး…၊ မိန်းမတွေအတွက်တော့ `တန်း´ ဆိုတာက အဆိုးဆုံး။ ဒီတော့ ယောက်ျားတယောက်အဖို့ ထောင်ကျသွားပြီးမှတော့ ဘာများထူးအုံးမှာလဲ ဆိုတဲ့ သဘောသဘာဝကို ပြောချင်တာ ထင်ရဲ့။ ဒါပေမယ့် ….။
***
၁၉၉၂ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ ကရင်ပြည်နယ်အနှံ့ ထိုးစစ်တွေ တရစပ် ဆင်ခဲ့ပါတယ်။ အဲဒီ နှစ်ကုန်ပိုင်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ် အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက်မှာတော့ ထိုးစစ်တွေကို ငြိမ်းချမ်းရေး အလို့ငှာ အကြောင်းပြပြီး ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
အဲဒီထိုးစစ်တွေရဲ့ တန်ဆာခံ ဖြစ်ခဲ့ရတဲ့ အရပ်သား ပြည်သူတွေရဲ့ ပေါ်တာအဖြစ် အသုံးချ ခံခဲ့ရတာတွေကို ကျနော့်ကိုယ်တွေ့နဲ့ ယှဉ်ပြီး အတန်အသင့် ရေးခဲ့ပြီးပါပြီ။
အလျဉ်းသင့်တုန်း တင်ပြချင်တာ တခုရှိပါတယ်။ မြန်မာစစ်တပ်တွေ ရှေ့တန်း စစ်ဆင်ရေး ထွက်ကြတဲ့ အခါ ဘာဖြစ်လို့ သူတို့ဝန်စည်တွေကို သူတို့ မသယ်ဘဲ အရပ်သား ပြည်သူတွေကို အသယ်ခိုင်းရပါသလဲ ဆိုတာပါ။ ကျနော် မြင်မိသလောက် တင်ပြရရင်- (၁) လက်နက်ကြီး/ လက်နက်ငယ် များရဲ့ ကျည်များကို သူတို့ချည်းသက်သက် သယ်ယူရန် မတတ်နိုင်ခြင်း။ (၂) စားရေ ရိက္ခာများကို သူတို့ချည်းသက်သက် သယ်ယူရန် မတတ်နိုင်ခြင်း။ (၃) တပ်တွင်း အခွင့်ထူးခံ အရာရှိကြီးငယ်များရဲ့ ၀န်စည် စလယ်များကို အခြားအဆင့် စစ်သည်များက သယ်ယူရန် မတတ်နိုင်ခြင်း။
အဲဒီအချက်တွေအပြင် ပိုဆိုးတာတခုကတော့ သူတို့မှာ ပါလာတဲ့ ဒုတိယကမ္ဘာစစ် လက်ထက်ကတည်းက မြေပုံက လက်ရှိမြေပြင် အနေအထားနဲ့ ကွာဟနေလို့ အသုံးမတည့်လှတာကြောင့် နယ်မြေကျွမ်းကျင်တဲ့ ဒေသခံ တယောက်ယောက်ကို လမ်းပြ အလို့ငှာ အသုံးချခြင်းပါ။ အဲဒီလမ်းပြတွေက အသက် အန္တရာယ်နဲ့လဲ ပိုနီးစပ်ပါတယ်။ ရှေ့ဆုံးက သွားရတဲ့အပြင် မြေမြုပ်မိုင်း အန္တရာယ်ကလဲ ရှိပါသေးတယ်။
၁၉၉၅ ခုနှစ် နောက်ပိုင်းမှာ အရပ်ထဲက ပြည်သူတွေကို ပေါ်တာအဖြစ် အသုံးချတာ အတော်ကြီးကို နည်းသွားခဲ့ပါတယ်။ အိုင်အယ်လ်အို အဖွဲ့ရဲ့ ဖိအားကြောင့် ရပ်ကွက်/ ကျေးရွာ ရအဖ ရုံးတွေမှာဆိုရင်လဲ `အတင်းအကျပ် လုပ်အားပေး ဆင့်ခေါ် စေခိုင်းမှု´ နဲ့ ပတ်သက်တဲ့ အမိန့်စာလေးတွေကို ဟိုတစ ဒီတစ တွေ့လာရပါတယ်။ အဲဒီတုန်းကတော့ ဟုတ်တုတ်တုတ်တော့ ရှိလာပြီလားလို့ ထင်မိသား။ သို့သော်…။
၁၉၉၇ ခုနှစ်မှာ ကရင်ပြည်နယ် အနှံ့အပြားမှာ ထိုးစစ်တွေ ထပ်မံ ပြုလုပ်ပြန်ပါတယ်။ ကျနော်တို့ မြို့ကလေးမှာဆိုရင် ဘောလုံးကွင်းထဲမှာလဲ စစ်ကားတွေ အပြည့်၊ မြို့ထဲ လမ်းမပေါ်မှာလဲ စစ်ကားတွေ အစီအရီနဲ့ တမြို့လုံး အစိမ်းရောင်တွေနဲ့ အုံ့မှိုင်းနေခဲ့ပါတယ်။ ကရင်အကိုကြီး တယောက်ရဲ့ အဲဒါနဲ့ ပတ်သက်လို့ ပြောစကားကို အခုထိ မှတ်မိနေပါသေးတယ်။ `ရဲဘော်တွေ များတာတော့ လက်ကုန်ပဲဟေ့၊ ရဲဘော်စစ်ကြောင်းက ခေါင်းက ရှေ့တန်းရောက်ပေမယ့် အမြီးက တို့မြို့မှာ ရှိတုန်း..´ …တဲ့။
***
`ကျနော်တို့ကို ဒီအိမ်ဝင်းမှာ တည်းခွင့်ပြုပါ´
တည်းခွင့်ပြုပါ သာ ပြောတယ်။ အိမ်ဝိုင်းထဲကို ရောက်နှင့်နေကြပြီ ဖြစ်တဲ့ အစိမ်းရောင် လူတစုကို မေမေက ဘာမှ မတတ်နိုင်တဲ့ဟန်နဲ့ မေးအသာ ဆတ်ပြလိုက်ပါတယ်။ တပ်မနဲ့ ချီပြီး များပြားလှတဲ့ စစ်သားတွေ ရောက်နေတာကြောင့် နယ်ခံတပ်ရင်းမှာ နေရာ မဆန့်ပေလို့လားတော့ မသိ..။ ကျနော်တို့ မြို့လေးရဲ့ စစ်တပ်နဲ့ အနီးဆုံး ရပ်ကွက်က အိမ်တော်တော်များများမှာ အခုလိုပဲ စစ်သားတွေ ဟိုတစု ဒီတစု ၀င်တည်းကြပါတယ်။ တညတန်သည်၊ နှစ်ညတန်သည် တည်းပြီးရင်တော့ ရှေ့တန်း ထွက်ကြပါတယ်။
`ကျနော်တို့ အိမ်အောက်မှာပဲ အိပ်ကြမှာပါ´
ခေါင်းဆောင် ဖြစ်ဟန်တူသူ သုံးရစ်နဲ့ ပုဂ္ဂိုလ်က ပြောပြောဆိုဆိုနဲ့ ပါလာတဲ့ သူ့လူတွေကို ခြံထောင့်မှာ နေရာ ချထားပေးပါတယ်။ တဆက်တည်းမှာ သူ့တပည့်တွေကို `ကင်းချဟေ့´ လို့ အမိန့်ပါ တခါတည်း ပေးလိုက်တော့ ကျနော်တို့ အိမ်ဝင်းလေးလဲ နေရင်းထိုင်ရင်းနဲ့ အစောင့်နဲ့ ဘာနဲ့ လုံခြုံရေးအပြည့် ဖြစ်သွားသလိုလို…။ အဲဒီမှာတင် သတိထားမိတာကတော့….။
မီးသတ်ဝတ်စုံအရောင် အင်္ကျီအပြာ၊ ဘောင်းဘီအပြာနဲ့ လူတချို့..။ မျက်နှာထားတွေကလဲ စိုးရွံ့နေသလိုလို မျက်နှာငယ်လေးတွေနဲ့ ..။ နောက်တော့မှ သိရတာက အဲဒါ `ထောင်သားတွေ´ တဲ့..။
***
စစ်တပ်အကြီးအကဲ အုပ်ချုပ်သူများရဲ့ ရွှေဉာဏ်တော် စူးရောက်ချက်လားပဲ ပြောရမလား မသိ..။ အရပ်ထဲက ပြည်သူတွေကို လူမြင်သူမြင် ပေါ်တာဆွဲဖို့ အခြေအနေ မပေးတော့တဲ့ အခါမှာ သူတို့ရဲ့ ၀န်စည်တွေကို သယ်ပိုးသမားအဖြစ် အသုံးချဖို့ သူတို့ မျက်စိကျတာကတော့ ထောင်တွေထဲမှာ အပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားတွေပါ။
`၀န်ဆောင် တပ်ရင်း´ လို့ အမည်ပေးပြီးတော့ ရဲဘက်စခန်းအချို့က အကျဉ်းသားတွေကို ပေါ်တာအလို့ငှာ အသုံးချတဲ့ စနစ်ကို (ကျနော်တွေ့ရှိ မှတ်သားမိသလောက်) အဲဒီနှစ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ အစ ပထမပိုင်းမှာတော့ သူတို့ အများဆုံး အသုံးပြုလေ့ရှိတဲ့ အကျဉ်းသား အမျိုးအစားကတော့ စစ်ပြေးမှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှု အစသဖြင့် ပြစ်မှုတွေနဲ့ စစ်တပ်မှ ထုတ်ပယ်ရန် အလို့ငှာ အရပ်ထောင် အချခံရတဲ့ အကျဉ်းသားတွေပါ။
စကားချပ်။ (စစ်သားတွေကို ထောင်ဒဏ် အပြစ်ပေးနည်း နှစ်နည်း ရှိပါတယ်။ စစ်ထောင်နဲ့ အရပ်ထောင်ပါ။ စစ်ထောင်ကတော့ စစ်တပ်မှ နှုတ်ထွက်စရာ မလိုပါဘူး။ အများဆုံး စစ်ထောင် အပြစ်ဒဏ်ကလဲ တနှစ်အထိသာ ချလေ့ ရှိပါတယ်။ အရပ်ထောင်ကတော့ စစ်တပ်ကနေပါ ထုတ်ပယ်တဲ့ အပြစ်ဒဏ် ကျူးလွန်ရင် ပေးတဲ့ အပြစ်ဒဏ်ပါ။ နှစ်မျိုးလုံးကို စစ်ခုံရုံးကနေ အမိန့်ချတာပါ။)
စစ်ဆင်ရေး ပမာဏက ကြီးလွန်းတော့ နောက်ပိုင်းမှာ စစ်ပြေး အကျဉ်းသားတွေနဲ့တင် မလုံလောက်တော့ပါဘူး။ အဲဒီမှာ တဆင့်တက်ပြီး လွတ်ရက်စေ့ နှစ်ရှည် အကျဉ်းသားတွေကို အသုံးချပြန်ပါတယ်။ ကျနော်တို့ အိမ်မှာ လာတည်းသွားကြတဲ့ စစ်သားတွေနဲ့ အတူ ပါလာတဲ့ အကျဉ်းသား ပေါ်တာ တယောက်ကို စပ်စုကြည့်မိတော့ သူက လူသတ်မှုနဲ့ ထောင်ဒဏ် ဆယ့်သုံးနှစ် ကျခဲ့တာ ထောင်ထဲမှာ ဆယ်နှစ်နေခဲ့ပြီးပါပြီတဲ့။ ကျန်တဲ့ သုံးနှစ်ကို အခု ပေါ်တာအဖြစ် လိုက်ရင် ပြန်ရောက်တာနဲ့ ထောင်ကနေ လွှတ်ပေးမယ်ဆိုလို့ စွန့်စားတဲ့ အနေနဲ့ လိုက်ခဲ့တာလို့ ပြောပါတယ်။ သူ့စိတ်ထင် တခေါက်ကို အလွန်ဆုံးကြာလှ လေးငါးလပေါ့လို့ ထင်ခဲ့မိပါတယ်တဲ့။
စစ်ပြေး အကျဉ်းသားတွေကိုတော့ စစ်သား လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိပြီးသားမို့လို့ အသုံးချတယ်လို့ သုံးသပ်မိပါတယ်။ ဒါပေမယ့် အရာရှိ ဘ၀ကနေ အရပ်ထောင် ကျသွားတဲ့ အကျဉ်းသား ပေါ်တာတွေတော့ မတွေ့ခဲ့ရပါဘူး။ အခြားအဆင့်ကနေ ထောင်ကျတဲ့ စစ်သားဟောင်း အကျဉ်းသားတွေပဲ ပါလာတာ တွေ့ပါတယ်။
`၀န်ဆောင်တပ်သားများ´ လို့ ခေါ်ဝေါ်တဲ့ အဲဒီ အကျဉ်းသားတွေရဲ့ အသက် တန်ကြေးဟာ ရှေ့တန်း စစ်မြေပြင်ကို ထွက်လိုက်တာနဲ့ ဖက်ရွက် တခုလောက်တောင် တန်ဖိုး မရှိတော့ပါဘူး။ ခန္ဓာနဲ့ဝန် မျှသည် မမျှသည်ကိုလဲ လူသားချင်း စာနာတဲ့ အသိနဲ့ စစ်သားတွေက သူတို့ အတွက် ထည့်တွက်လေ့ မရှိပါဘူး။ ထွက်ပြေးရင်လဲ အသေသာ ပစ်သတ်လေ့ ရှိပါတယ်။ သေသွားတော့လဲ ခွေးသေတကောင်လောက်တောင် တန်ဖိုးမထား ပစ်စလတ်ခတ် ပစ်ထားလိုက်တာပါပဲ။ `ခွေးကမှ ချက်စားလို့ ရသေးလို့ မင်းတို့ထက် အဖိုးတန်သေးတယ်´ လို့ စစ်သားတယောက်က ပြောတယ်လို့ အကျဉ်းသား ပေါ်တာကြီး တယောက် ရင်ဖွင့်ခဲ့ဖူးပါတယ်။
တပ်ရင်းက ရှေ့တန်းကို ထွက်ကြတဲ့ အခါ အရာရှိ လုပ်သူတွေက ပစ္စတိုလေး ခါးချိတ်လို့ ဘာဝန်စည်စလယ်မှ မပါ၊ အိုက်တင် အခန့်သား၊ တပ်မှူးဆိုရင် တုတ်ကောက်လေး တထောက်ထောက်နဲ့ ဟန်ပါပါ သွားနိုင်ပေမယ့် သူတို့ရဲ့ ၀န်စည်စလယ်တွေကို ၀န်တင်လားများသဖွယ် မနိုင့်တနိုင် ထမ်းပိုး လိုက်ပါသွားရတဲ့ အကျဉ်းသား ပေါ်တာတွေရဲ့ ပုံရိပ်က ရင်ဆို့စရာ ကောင်းလှပါတယ်။ ဘယ်နှယောက် ရှေ့တန်း စစ်မြေပြင်မှာ သေဆုံးပြီး၊ ဘယ်နှယောက် အသက်မသေဘဲ လျှောလျှောရှူရှူနဲ့ နောက်တန်းကို ပြန်ရောက်တယ်၊ လွတ်မြောက်ခွင့်ရတယ် ဆိုတာကတော့ တွက်ချက်ဖို့ အတော်လေးကို ခဲယဉ်းတဲ့ ပုစ္ဆာတခုပါပဲ။
`ဘယ်တော့ ပြန်ရမယ်ထင်လဲ´
အိမ်မှာလာတည်းတဲ့ အကျဉ်းသား ပေါ်တာတယောက်ကို လူလစ်တုန်း အဲဒီမေးခွန်းကို တိုးတိုးတိတ်တိတ် မေးကြည့်လိုက်တော့ သူ့မျက်လုံးမှာ မျက်ရည်တွေ စို့ခနဲ တက်လာပါတယ်။ ဟိုးအဝေးကြီးကို ခပ်ငေးငေး ကြည့်ရင်း မျက်ရည်တွေ ပေါက်ခနဲ ကျလာတယ်။ ပြီးတော့ တိုးဖွဖွနဲ့ တခွန်းတည်း ပြန်ဖြေပါတယ်။
`မသိသေးဘူး´ … တဲ့။ ဒါပေမယ့် ကျနော်လဲ သူ့ကို ဘာမှ အကူအညီ မပေးနိုင်ခဲ့ပါဘူး..။
တကယ်တော့ တပ်ရင်းတရင်းရဲ့ စစ်ဆင်ရေး ကာလဟာ များသောအားဖြင့် ခြောက်လခန့်သာ ကြာမြင့်လေ့ ရှိပေမယ့် လှုပ်ရှား သွားလာနေတဲ့ အဲဒီ ခြောက်လအတွင်း ၀န်စည်တွေကို ထမ်းပိုးပြီး ဖြတ်သန်းရမယ့် အကျဉ်းသား ပေါ်တာတွေရဲ့ ၀ဋ်ဒုက္ခကို ခြောက်ရက်တာမျှသာ ပေါ်တာငရဲခံဖူးတဲ့ ကျနော့် ကိုယ်တွေ့နဲ့ ယှဉ်ပြီး ကိုယ်ချင်းစာမိလှပါတယ်။ လူ့ခန္ဓာကိုယ်က ရှိသမျှ အားအင် အကုန်လုံးကို ထုတ်ယူ ပစ်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်လှပြီး ကိုယ့်အသက်ကိုလဲ တန်ဖိုးထားခြင်း တစက်ကလေးမှ မခံရတဲ့အထဲ တပ်ရင်းတရင်းက နောက်တန်းပြန်နားတဲ့ အခါ နောက်ထပ်ရှေ့တန်း တာဝန်ထမ်းဆောင်မယ့် တပ်ရင်းအတွက် အဲဒီ အကျဉ်းသားတွေကို ထပ်မံ လွှဲပြောင်းလို့ ထပ်ခါတလဲလဲ ခိုင်းစေကြပြန်တော့ စစ်သားတွေကမှ ခြောက်လတခါ နားရတယ်၊ သူတို့ ခမျာမှာတော့ စစ်ဆင်ရေးကြီး မပြီးမချင်း ၀န်စည်တွေကို ထပ်တလဲလဲ ထမ်းပိုးနေရသလို ဖြစ်နေပါတယ်။
***
မုတ္တမ-ရန်ကုန် ကားလမ်းဘေးက ဇင်းကျိုက် အနီးမှာ ကျောက်ထု ရဲဘက် အကျဉ်းစခန်း တခုကို ခရီးသွားရတိုင်း ဖြတ်သွားခဲ့ရဖူးပါတယ်။ အဲဒီလို ဖြတ်သန်းရတိုင်းမှာ ဟိုးခပ်ဝေးဝေးက အဖြူရောင် ၀တ်စုံ ပေညစ်ညစ်နဲ့ ပင်ပန်းကြီးစွာ ကျောက်ထုနေတဲ့ အကျဉ်းသားတွေရဲ့ ဒီမှာဘက် လမ်းဘေးအနီးက ဆိုင်းဘုတ်လေးမှာ ရေးထားတဲ့ စာတန်းကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အဲဒါကတော့..
`ပြစ်မှုကြွေးကို ချွေးဖြင့်ဆပ်မည်´ …တဲ့။
လူ့ဘောင် လောကကြီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်ပြီးလို့ အဲဒီအပြစ်အတွက် ထိုက်တန်တဲ့ ပြစ်မှုကို ခံယူရတယ် ဆိုတာက ဓမ္မတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အပြစ်ဒဏ်အတွက် မြန်မာနိုင်ငံက ပေါ်တာ အကျဉ်းသားတွေ ပေးဆပ်နေရတဲ့ ပြစ်ဒဏ်ကတော့ ကြီးမားလွန်းလှပါတယ်။ ဒီအခြေအနေကို ပပျောက်ဖို့ ဘယ်လိုလုပ်ရပါ့၊ အင်မတန်လဲ စဉ်းစားရခက်ပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ ဆိုတဲ့ မေးခွန်းကတော့ မေးစရာတောင် လိုတော့မယ်တောင် မထင်ပါ။
ဒါကြောင့်…
ပြစ်မှုကြွေးကို ချွေးနဲ့တင်မက၊ သွေး၊ အသက်နဲ့ပါ ပေးဆပ်နေရတဲ့ ပေါ်တာ အကျဉ်းသားစနစ် မြန်မာပြည်ကနေ လွင့်ပျောက်ပါစေလို့ ဆုတောင်းရုံသာ တတ်နိုင်ရင်း….။
ကလိုစေးထူ

လူထုဒေါ်အမာ ၉၂ နှစ်မြောက်မွေးနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မဇ္ဈိမသတင်းဌာန
အများပြည်သူမှ ချစ်ခင်မြတ်နိုးရသူ စာရေးဆရာမကြီး အမေ လူထုဒေါ်အမာ၏ ၉၂ နှစ်မြောက် မွေးနေ့ပွဲကို ယနေ့ နံနက်ပိုင်းက မန္တလေးရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
ပြည်သူ့အချစ်တော် စာရေးဆရာမကြီး အမေ လူထုဒေါ်အမာ
လူထု ဒေါ်အမာနှင့် မိသားစုဝင်များ အပါအဝင် ဧည့်ပရိသတ် ၃ဝဝ ခန့်သည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် တရားနာပြီးနောက် ဆရာတော် ဦးကုန္ဒြာဘိဝံသ အမှူးပြုသော သံဃာအပါး တထောင်ကို ဆွမ်းလောင်းပြီးနောက် ဧည့်ပရိသတ်ကို ထမင်းဖြင့် ဧည့်ခံအပြီး မွေးနေ့ပွဲ အစီအစဉ်ကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
သံဃာတော်များကို ဆွမ်းလောင်းရာတွင် အမေ ဒေါ်အမာ ကိုယ်တိုင် Wheel Chair ပေါ်တွင် ထိုင်ကာ အလှူဒကာရှင်များနှင့်အတူ ကပ်လှူနိုင်ခဲ့သည်ဟု အငယ်ဆုံးသားဖြစ်သူ ကိုညို ခေါ် စာရေးဆရာ ညီပုလေး က မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “ငြိမ်းချမ်းရေး အထိမ်းအမှတ်နဲ့ သာလိကာ ငှက်လေး နှစ်ကောင်ကိုလည်း လှောင်ချိုင့်ထဲက နေပြီး လွှတ်ဖြစ်ပါတယ်။ အမေ ကိုယ်တိုင် လွှတ်ပါတယ်။ ဟိုနှစ်တွေတုန်းက ဆရာ ဒဂုံတာရာတို့၊ ဆရာ ဒေါက်တာသန်းထွန်းတို့ လွှတ်ဖို့အတွက် ငှက်ကလေးတွေ ယူလာပေးခဲ့တဲ့ ဒကာကပဲ ယူလာပေးတာပါ။ အစီအစဉ်ကိုတော့ နေ့လည် ၁၁ နာရီခွဲမှာ အဆုံးသတ်ပါတယ် ခင်ဗျ” ဟု ပြောသည်။
မွေးနေ့ပွဲသို့ ရန်ကုန် စာပေအသိုင်းအဝိုင်းမှ ဆရာမောင်မိုးသူ၊ ဆရာမောင်ဝံသ၊ ဆရာဦးဝင်းတင်ကို ထောင်ဝင်စာ သွားရောက် တွေ့ဆုံလေ့ရှိသူ ဦးမောင်မောင်ခင်၊ ဆရာထက်မြက်၊ ဆရာမောင်လွင်မွန် (ကသာ)၊ ဆရာလင်းထင်တို့ အပြင် ချောက်၊ ပြင်ဦးလွင်နှင့် မန္တလေးရှိ စာပေသမားများ၊ စာပေ ဝါသနာရှင်များနှင့် လူထု ဒေါ်အမာကို ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။
စာရေးဆရာမ ငြိမ်းရွှေလီ၏ အမဖြစ်သူ ဒေါ်ခင်ပွား မိသားစုကလည်း နာမကျန်းဖြစ်နေသူ စကုမှ ဆရာ အေးမင်းစော အပါအဝင် စာရေးဆရာ ၃ ဦးကို ငွေကျပ် ၃ သောင်းစီ မွေးနေ့ အထိမ်းအမှတ်အဖြစ် ကုသိုလ်ပြုကြောင်းနှင့် ယခင်က တောင်လေးလုံး ကျောင်းတိုက်နှင့် ပြီးခဲ့သည့်နှစ်က သမီးကြီးဖြစ်သူ ဒေါ်သန်းရင်မ (ကလောင်အမည် မြမြင့်ဉ္ဇူ) နေအိမ်တွင် ကျင်းပခဲ့ရာမှ မဟာဂန္ဓာရုံကျောင်းသို့ လာရောက်၍ မွေးနေ့ပွဲ ပြုလုပ်သဖြင့် ကျောင်းတိုက်ရှိ သံဃာတော်များ အနေဖြင့် အထူးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကြောင်း သိရသည်။
ယခုနှစ် မွေးနေ့ပွဲကို ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် သံဃာလူထု လှုပ်ရှားမှုကြီး အပြီး နှစ်လခန့်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမေလူထုဒေါ်အမာက လှုပ်ရှားမှုကြီးအတွင်း သံဃာတော်များကို အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရကြောင်း သိရသည်။
ဆရာ ညီပုလေးက “အမေကတော့ ရုပ်သံကြည့်တိုင်း ဒါတွေမြင်တိုင်း စိတ်မကောင်း ဖြစ်နေကျပါ ခင်ဗျ။ အလျဉ်းသင့်လို့ စကားပြောတဲ့အခါ ဒီအကြောင်းတော့ ပါလေ့ရှိပါတယ်” ဟု ပြောသည်။
မွေးနေ့ပွဲအပြီး စာပေစကားဝိုင်း အပါအဝင် သီးခြား အစီအစဉ်များ ပြုလုပ်ခြင်း မရှိသော်လည်း စာပေသမားများနှင့် စာရေးဆရာများသည် အမရပူရမြို့ တောင်သမံ အင်းအနီးရှိ မယ်ဇယ်ပင်တန်းဘက်သို့ မွေးနေ့ အထိမ်းအမှတ်အဖြစ် သွားရောက်ကာ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။