Wednesday, April 30, 2008

စင်္ကာပူရောက် မြန်မာများ ကန့်ကွက်မဲထည့်ရန် လှုပ်ရှားမှုများ ပေါ်ထွက်လာ

မြင့်မောင်
မဇ္ဈိမသတင်းဌာန
Friday, 18 April 2008 21:10 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ယခုလ နှောင်းပိုင်းတွင် ကျင်းပသွားမည့် နအဖ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေး ဆန္ဒမဲပေးပွဲကို မြန်မာသံရုံးက ကျင်းပမည်ဆိုလျှင် စင်္ကာပူရောက် မြန်မာနိုင်ငံသားများက ကန့်ကွက်မဲ ထည့်မည်ဟု ယနေ့ ပြောဆိုကြသည်။
စင်္ကာပူ မြန်မာသံမှူး ဦးကျော်ဆွေတင့် အမည်ဖြင့် ယခုလ ၁ဝ ရက်နေ့ရက်စွဲတပ်ကာ ‘အခြေခံဥပဒေ မူကြမ်း အတည်ပြုရေးအတွက် ဆန္ဒမဲပေးရန် ဖိတ်ကြားခြင်း’ ဖိတ်စာကို မကြာသေးခင်က လူအများထံ ရောက်ရှိလာပြီးနောက် စင်္ကာပူရောက် မြန်မာများက ယခုလို တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကန့်ကက်မဲပေးလည်း သူတို့ လိမ်မှာ ဖြစ်တယ်။ တချို့ကလည်း ကန့်ကွက်မဲ ပေးရမှာကို ကြောက်နေကြတယ်။ မဲပြားမှာ ပတ်စ်ပို့ နံပါတ်တွေ ရေးရမယ်။ မှတ်ပုံတင်နံပါတ် ရေးရမှာဆိုတာတွေ ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ မဲပေးလို့ ဖြစ်မလား ဖြစ်နေတယ်။ အခုတော့ အားလုံး နားလည်သွားကြတယ်။ ကျနော်တို့ကလည်း လိုက်ရှင်းပြတယ်” ဟု စင်္ကာပူအခြေစိုက် ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ ကိုကျော်စိုးက ပြောသည်။
ဖိတ်စာထဲတွင် ယခုလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားများ ကိုင်ဆောင်ကာ သံရုံးသို့ လာရောက် ဆန္ဒမဲပေးရန် ရေးသားထားသည်။
ကိုကျော်စိုးက “တချို့က မြန်မာသံရုံးက ပေးပို့တဲ့ ရုံးစာဟာ တရားဝင် ပေးပို့တဲ့စာ မဟုတ်ဘူး။ စာထဲမှာက နိုင်ငံတော် တံဆိပ်တွေ၊ သံရုံးတံဆိပ်တွေ မပါတဲ့အတွက် စင်္ကာပူရောက် မြန်မာပြည်သားတချို့က စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေကြတယ်” ဟု ပြောသည်။
ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့က မြန်မာများအနေနှင့် ၂၇ ရက်နေ့တွင် တပြိုင်ထဲ စုပေါင်း၍ ကန့်ကွက်မဲ ပေးနိုင်ရေးအတွက် လိုက်လံ စည်းရုံးနေသလို၊ နအဖ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအကြောင်းကိုလည်း မြန်မာအလုပ်သမားများအကြား လိုက်လံ ရှင်းပြနေသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို စင်္ကာပူတွင် ယခုအချိန်ထိ ဖြန့်ဝေပေးခြင်း မရှိသေးဘဲ ဆန္ဒမဲပေးရခြင်းသည် အများပြည်သူ အနေနှင့် ဥပဒေ၏ အဆိုးအကောင်းများ မသိနိုင်ခင် လိမ်လည်၍ မဲပေးခိုင်းခြင်းမျိုး ဖြစ်နေသည်ဟု စင်္ကာပူရောက် မြန်မာနိုင်ငံသား တဦးကလည်း ပြောသည်။
သူက “ဒီဖွဲ့စည်းပုံ အခြေခံမူကြမ်းဟာ ပြည်သူတွေအတွက် ဘယ်လောက် အရေးကြီးသလဲဆိုရင် ပြည်သူ ပြည်သားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပြည်သူလူထုက အပြည့်အဝ ခံစားနိုင်တဲ့ လူ့အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ ရှိရမယ်။ အခုဟာက အခြေခံမူကြမ်းကို ဖတ်ခွင့်မရဘဲနဲ့ မဲပေးရမယ်ဆိုတာ မဖြစ်အပ်တဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါကြောင့် ဘာမှမသိတဲ့ အခြေခံမူကြမ်းကို ကန့်ကွက်မဲ ထည့်ရုံမှအပ ဘာမှ လုပ်စရာ မရှိဘူး” ဟု ပြောသည်။
မျိုးချစ်မြန်မာများအဖွဲ့က စင်္ကာပူအာဏာပိုင်များ၊ နိုင်ငံတကာ သံရုံးများ၊ သတင်းမီဒီယာ ဌာနများနှင့် မြန်မာသံဃာတော်များထံ သွားရောက်ကာ မဲထည့်မည့်ရက်တွင် မြန်မာသံရုံးသို့ လာရောက် စောင့်ကြည့်ပေးရန်နှင့် နေ့တွင်းချင်း မဲရေတွက် ပေးရေးနှင့် မဲပေးသူများ အားလုံးကလည်း အရှုံးအနိုင် စာရင်းကို စောင့်ကြည့်ပေးရန် ပြောဆို တိုက်တွန်းသွားမည် ဖြစ်သည်။
ကိုကျော်စိုးက “တနိုင်ငံလုံးကို ပြောချင်တာက စင်္ကာပူနိုင်ငံမှာ တရားဝင် ၄ သောင်း ရှိတယ်။ ၃ သောင်းခွဲက ကြက်ခြေခတ် ပြီးတော့ ၅ ထောင်က အမှန်ခြစ်လိုက်မယ်ဆိုရင် အရေးမကြီးပါဘူး။ မြန်မာပြည်ထဲမှာ အဲဒီသတင်း ပြန့်သွားလိမ့်မယ်။ ပြည်တွင်းအတွက် အထောက်အကူ ရမယ်” ဟု ဆက်လက် ပြောဆိုလိုက်သည်။
စင်္ကာပူ နိုင်ငံကဲ့သို့ပင် အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျားနှင့် ဂျပန်နိုင်ငံတို့ရှိ မြန်မာသံရုံးများတွင် သက်ဆိုင်ရာ နိုင်ငံရောက် မြန်မာပတ်စပို့ ကိုင်များအနေနှင့် မဲပေးသွားရမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

စစ်အစိုးရက ချင်းပြည်နယ်တွင် ထောက်ခံမဲထည့်ရန် လှည့်စားမှုများလုပ်

မြင့်မောင်။ မွန်ပီး
မဇ္ဈိမသတင်းဌာန
Saturday, 26 April 2008 15:19 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မေလ (၁ဝ) ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲရရေးအတွက် စစ်အစိုးရ အာဏာပိုင်များက ဒေသခံပြည်သူများအား လိမ်လည်လှည့်စားမှုများ လုပ်ဆောင်လျက် ရှိသည်။
မြန်မာနိုင်ငံ အနောက်မြောက် ချင်းပြည်နယ်တွင် အာဏာပိုင်များက “တိုင်းပြည်မှာ ဒီမိုကရေစီ လိုချင်ရင်” ထောက်ခံမဲ ပေးကြပါဟု ပြောဆို တိုက်တွန်းနေခြင်း ဖြစ်သည်။
ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးချုပ် ဟွန်ငိုင်း ခေါင်းဆောင်သည့် အာဏာပိုင်များသည် ချင်းပြည်နယ်အတွင်း လှည့်လည်၍ ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ထောက်ခံမဲ ပေးခြင်းသည်သာ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်မှုကို အဆုံးသတ်ရန်နှင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် တခုတည်းသော နည်းလမ်းဖြစ်ကြောင်း လိုက်လံ ရှင်းလင်းပြောကြားလျက် ရှိသည်ဟု သိရသည်။
“နားမလည်ပေမဲ့ ချင်းလူထု အများစုက စစ်တပ်ကို ဆန့်ကျင်ကြတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံမူကြမ်းကို ကန့်ကွက်မဲဘဲ ပေးကြမှာ သေချာတယ်။ ဒါကြောင့် အာဏာပိုင်တွေက ကင်ပိန်းကြွေးကြော်သံကို အခုလို အပြောင်းအလဲလုပ်ပြီး လှည့်စားနေတာ ဖြစ်နိုင်ပါတယ်” ဟု ချင်းပြည်နယ်သတင်းများကို အဓိကထား တင်ဆက်နေသည့် ခေါ်နုသုမ် (Khaonumthung) သတင်းဌာန၏ အယ်ဒီတာ ဦးမျိုးမင်းအောင် က ပြောကြားလိုက်ပါသည်။
အာဏာပိုင်များသည် ချင်းပြည်နယ်အတွင်း ကျေးရွာများ၊ မြို့များတွင် မဲဆန္ဒပေးမှု သရုပ်ပြပွဲများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။ ထိုသရုပ်ပြပွဲများတွင် မဲပြားတွင် အမှန်ခြစ် ခြစ်ရန် သို့မဟုတ် ထောက်ခံဟု ရေးသားရန်၊ ဤနည်းသည်သာ မှန်ကန်သော မဲဆန္ဒပေးမှု ဖြစ်သည်ဟု ဒေသခံ လူထုကို ပြောဆို လိမ်လည်လျက် ရှိသည်ဟု သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။
ဤသို့ စစ်အစိုးရက အကြီးအကျယ် ကြိုးပန်းလျက် ရှိသော်လည်း ဧပြီလ ၁ဝ ရက်နေ့က ပြုလုပ်သည့် အစမ်းလေ့ကျင့် သရုပ်ပြပွဲတွင် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သား အများအပြားက ကန့်ကွက်မဲ ထည့်ခဲ့ကြသည်ဟု ဟားခါးမြို့ခံ တဦးက ပြောဆိုသွားပါသည်။
ဗိုလ်မှူးချုပ် ဟွန်းငိုင်း ခေါင်းဆောင်သည့် အာဏာပိုင်များက လူ ၁၅ဝ ကိုဖိတ်ခေါ်ကာ ဤအစမ်း လေ့ကျင့် သရုပ်ပြပွဲကို ဧပြီလ (၁ဝ) ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ဒေသခံ မြို့နယ် အာဏာပိုင်တယောက်က ကျနော့်ကို ပြန်ပြောပြတာ၊ သူက မဲရေတဲ့ထဲမှာ ပါတာလေ၊ သူတို့မဲတွေ ရေလိုက်တော့ ကန့်ကွက်မဲက ထောက်ခံမဲထက် များနေတယ်တဲ့” ဟု ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပူးဗန်းလျန် က ပြောကြားသွားပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ ဖြစ်သည်။
ဤအဖြစ်အပျက် ဖြစ်ပွါးပြီးနောက် ဗိုလ်မှူးချုပ် ဟွန်ငိုင်းကိုယ်တိုင် ခေါင်းဆောင်သည့် အာဏာပိုင်များက ဤသို့ မတူပီ၊ မင်းဒပ် နှင့် ကန်ပက်လက် မြို့နယ်များ အပါအဝင် တောင်ပိုင်း ချင်းပြည်နယ် ဒေသများသို့ လှည့်လည်ကာ ထောက်ခံမဲ ကင်ပိန်းများ လှည့်လည် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပူးဗန်းလျန် က ဖြည့်စွက် ပြောကြားသွားပါသည်။

ဂျပန်ရဲနှင့် မဲပေးလိုသူ မြန်မာလုပ်သားများ ပဋိပက္ခဖြစ်၊ ၁၅ ဦး ဆေးရုံပို့ရ

မြင့်မောင်
မဇ္ဈိမသတင်းဌာန
Saturday, 26 April 2008 18:51 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ဆန္ဒမဲပေးမည့် ဂျပန်ရောက် မြန်မာ အလုပ်သမားများနှင့် ဂျပန်ရဲသားများ ယနေ့ နေ့လည်က ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မြန်မာ ၁၅ ဦး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ဆန္ဒမဲပေးရန် နံနက် ၈ နာရီခွဲကတည်းက လာရောက် စောင့်ဆိုင်းနေသည့် မြန်မာ အလုပ်သမားများကို ထိန်းသိမ်းပေးရန် မြန်မာသံရုံး ဝန်ထမ်းများက ဂျပန်ရဲကို ဖုန်းဆက်လိုက်သည့် နောက်ပိုင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ မြန်မာ ၁ဝ ဦး ဆေးရုံ တင်လိုက်ရခြင်း ဖြစ်သည်။

“ယောက်ျားလေးတယောက်၊ မိန်းကလေး ၄ ယောက်နဲ့ မူးလဲသူ ၁ဝ ယောက်၊ စုစုပေါင်း ၁၅ ယောက်ပါ။ ကြက်ခြေနီ သူနာပြုတွေက ၅ ယောက်ကို သံရုံးနားက ပန်းခြံထဲမှာ ဆေးကုပေးနေပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်လို့ လက်ကျိုးတဲ့သူက ကျိုး၊ မူးလဲသူက မူးလဲဆိုတော့ ဆေးရုံးကား ခေါ်ပေးပါလို့ ရဲကိုပြောတော့ ဆေးရုံးကား ခေါ်ပေးထားတာပါ ခင်ဗျာ။” ဟု ဆန္ဒပြရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူတဦးက မဇ္ဈိမသို့ ပြောသည်။ရဲများ၏ လူစုခွဲမှုကြောင့် Nursing Home ဆေးရုံ၌ ဆေးကုသမှုခံယူရသော မြန်မာ ၁ဝ ဦးတွင် ကိုယ်ဝန်ဆောင် မြန်မာ အမျိုးသမီးတဦးနှင့် နှလုံးရောဂါ အခံရှိသူများ ပါဝင်ပြီး အချို့မှာ ခြေလက်ကျိုးသည့် ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု သူက ဆက်ပြောသည်။“ကိုယ်ဝန်ဆောင် ၃ လ လောက်ရှိတဲ့ မသော်တာမင်းထွန်းက နေလည်း သိပ်မကောင်းဘူး။ ရဲတွေကလည်း တယောက်ချင်းစီကို ဆွဲတာ ဖြစ်တယ်။ ကျမတို့ကလည်း မိန်ကလေး၊ ယောကျာင်္လေး တယောက်ချင်းကို လက်ဆက်ပြီးတော့ ခြေကန်ထားပြီးတော့ ကိုယ့်လူ မပါသွားအောင် ပြန်ဆွဲတာပေါ့။ ရုဏ်ရင်း ဆန်ခတ်ဖြစ်တဲ့ အချိန် အမ သော်တာမင်းထွန်းက စိတ်ကြောင့်လည်း ပါတယ် သတိမေ့ လဲကျသွားတယ်” ဟု လိုက်လံ စောင့်ရှောက်ပေးနေသူ မယမင်းက ပြောသည်။မဲပေးရန် ယနေ့ လာရောက်ခဲ့ကြသည့် မြန်မာများမှာ ၃ဝဝ ခန့်ရှိပြီး ၎င်းတို့ထဲတွင် ဗီဇာသက်တမ်း ကျန်သေးသူများ သာမက နေထိုင်ခွင့်ဗီဇာ သက်တမ်း ကုန်ဆုံးသူများလည်း ပါဝင်သည်။ဆက်သွယ်မေးမြန်းချိန် ဂျပန်စံတော်ချိန် ညနေ ၅ နာရီ မိနစ် ၃ဝ အထိ မဲပေးခွင့်ရခဲ့သူ ၁ဝ ဦးခန့်သာ မြန်မာသံရုံးထဲသို့ ဝင်ရောက် မဲပေးခွင့်ရခဲ့ပြီး အချို့မှာ မဲပေးရန် စောင့်ဆိုင်းမနေတော့ဘဲ အိမ်ပြန်သွားကြသည်ဟု ဂျပန်တွင် တရားဝင် အလုပ်လုပ်ကိုင်နေသူ မြန်မာ အလုပ်သမားတဦးက ပြောသည်။“ကျနော်တို့က မဲပေးဖို့ စောင့်နေတယ်။ ဂျပန်ရဲတွေကလည်း ကျနော်တို့ကို တားနေတယ်။ ကျနော် တွေ့သလောက်တော့ မြန်မာသံရုံးက တခါးဖွင့်ပြီးတော့ ဝင်ခွင့်ပြုနေတာ ၃ - ၄ ယောက်ပဲ ရှိသေးတယ်။ ကျနော်ကျတော့ ဝင်ခွင့် မပြုသေးဘူးဗျာ” ဟု သူက ဆက်ပြောသည်။မဲပေးပြီး ပြန်ထွက်လာသူများ၏ အဆိုအရ ဆန္ဒမဲကို လွတ်လွတ်လပ်လပ် ထည့်ခွင့်ပေးသော်လည်း မဲပေးသူများ၏ ကိုယ်ရေးရာဇဝင်များ၊ ပြည်တွင်းရှိ အိမ်ထောင်စု စာရင်းများကိုလည်း သံရုံးဝန်ထမ်းများက စစ်ဆေးခဲ့သဖြင့် မဲပေးသူများမှာ ကြောက်လန့် စိုးရိမ်မှုများနှင့် မဲပေးခဲ့ရသည်ဟု ပြန်လည်ပြောပြကြသည်။

မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ ပျံလွန်တော်မူ

မြင့်မောင်
မဇ္ဈိမသတင်းဌာန
Wednesday, 30 April 2008 17:19 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ ကောဝိဒ ဘိဝံသ သည် သက်တော် ၈၁ နှစ် အရွယ်တွင် နှလုံးရောဂါဖြင့် ယမန်နေ့က အမေရိကန်နိုင်ငံတွင် ပျံလွန်တော်မူသွားပြီ ဖြစ်သည်။
ဆရာတော်ကြီးသည် နယူးယောက်မြို့ ဘရွတ်ကင်း ကိုနီအိုင်းလန်း ဆေးရုံတွင် နေ့လယ် ၁ နာရီ ၇ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

“နယူးယောက်မြို့မှာ သာသနာ့ အန္တရာယ် ကာကွယ်ဖို့၊ မြန်မာပြည် သံဃာတော်တွေ သာသနာ့အရေး ကာကွယ်ရေး စုဝေးညီညာ ဆောင်ရွက်ဖို့အတွက် သာသနာမောဠိ အဖွဲ့ချုပ် “ညီမူရာ” သာသနာမောဠိ ခန်းမဖွင့်ပွဲ အခမ်းအနားကို ကြွရောက်လာတာပါ။ တရားချီးမြှင့်ပြီး အပြန်မှာ ဆရာတော်ဟာ သက်တော်ကြီးရင့်ပြီး ကျန်းမာရေး ချို့ယွင်းနေတဲ့အထဲမှာ သာသနာ့ အန္တရာယ်ကို ကာကွယ်ဖို့၊ သံဃာတော်တွေကို စောင့်ရှောက်ဖို့အတွက် အထူး လုံ့လစိုက် ဆောက်ရွက်ခဲ့တဲ့ ဆရာတော်တပါး ဖြစ်ပါတယ်” ဟု နယူးယောက်မြို့တွင် သတင်းသုံးနေသည့် ဦးဇင်းပညာနန္ဒက မဇ္ဈိမကို မိန့်ကြားသည်။
ဆရာတော်ကြီးသည် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ပါဋကနယူပဒေသကျောင်း၊ မစိုးရိမ် ကျောင်းတိုက်ကြီး၏ မဟာနာယက စာချဆရာတော်၊ စိန်ပန်းရပ်၊ ယဉ်ပုံ ပရိယတ္တိ စာသင်တိုက်၏ မဟာနာယက၊ ရှမ်းပြည်နယ် မန်းပြိန်းကျောင်းတိုက်၏ ပဓာန မဟာနာယက၊ တိပိဋက အဘိဓာန် ကျမ်းပြုအဖွဲ့ဝင်၊ မစိုးရိမ် သာသနဇောတိကကျောင်း ပဓာနနာယက၊ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်၏ ပဓာနစေရ ဆရာတော်ကြီး ဖြစ်သည်။
သာသနာ့ ဥသျှောင် အဖွဲ့ချုပ်ကြီးကို မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒသည် ပီနန်ဆရာတော်ကြီး ဦးပညာဝံသနှင့်အတူ ဦးဆောင်ကာ မြန်မာပြည်တွင် ဖြစ်ပေါ်နေသော ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အခက်အခဲ အကြပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန် နိုင်ငံတွင် ၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ရာ ယခုအချိန်တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံ၌ အဖွဲ့ခွဲများ ထူထောင် ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။
သာသနာမောဠိ - သာသနာ့ဥသျှောင် အဖွဲ့ချုပ်ကြီးအတွက် အထူး ဝါယမစိုက်ထုတ်ကာ ဆောင်ရွက်ခဲ့သဖြင့် သက်တော်ကြီး ဝါတော်ကြီးသူ ဆရာတော်ကြီးကို သံဃာတော်များက နာယက ဆရာတော်အဖြစ် သတ်မှတ်ပြီး ဦးဆောင်စေခဲ့သည်။
ပြီးခဲ့သည့်လ ၁၅ ရက်နေ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားတရပ်ကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ပလာဇာ ဒုတိယထပ်တွင် ကျင်းပရာ၌ ဆရာတော်ကြီးက “စစ်အစိုးရကို ထောက်ခံရင် ကံကြီးထိုက်မယ်”၊ “နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွတ်ကြစမ်းပါ” ဟူ၍ ဟောကြားတော်မူခဲ့သေးသည်။
၁၉၉ဝ ခုနှစ်တွင် ပတ္တနိကုဇ္ဇန သပိတ်မှောက် ကံဆောင်မှုတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ရဟန်း သံဃာတော်များအား စစ်အစိုးရက ဖမ်းဆီး အကျဉ်းချသည့် အထဲတွင် ဆရာတော်ကြီးလည်း ပါဝင်သွားကာ ထောင်ဒဏ် ၂၂ လ ကျခံခဲ့ရဖူးသည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် နအဖစစ်အစိုးရသည် သံဃာတော်များနှင့် ပြည်သူများအပေါ် အကြမ်းဖက် နှိမ်းနှင်းသည့်အတွက် သာသနာနှင့် သံဃာတော်များကို ကာကွယ် စောင့်ရှောက်ရန် ဘုရားရှင် ချမှတ်တော်မူသည့် သပိတ်မှောက် ကံဆောင်းခြင်းကို ထောက်ခံ အားပေးတော်မူပြီး ကိုယ်တိုင်က ခြိုးခြံနေထိုင်ကာ ရုပ်ပစ္စည်းနှင့် ဝတ္ထုအစုစုကို ပြည်တွင်းရှိ ရဟန်း သံဃာတော်များအရေး အတွက် လှူဒါန်းခဲ့သည့် ဆရာတော်ကြီးလည်း ဖြစ်သည်။
မကြာသေးခင်က အမေရိကန် အနောက်ခြမ်း ဆန်ဖရန်စစ္စကို တက္ကသိုလ်က မြန်မာပြည်တွင်းရှိ သံဃာ့ အာဇာနည်များအတွက် ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ဆရာတော်ကြီးက ကျန်မာရေး မကောင်းသည့်ကြားမှ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာ သံဃာတော်များကိုယ်စား ကြွရောက်ကာ လက်ခံ ရယူခဲ့သည်။
ဆရာတော်၏ အန္တိမဈာပနကိစ္စများ ဆောက်ရွက်ရန်အတွက် သာသနာမောဠိ ဥက္ကဋ္ဌ ပီနန်ဆရာတော်ကြီး ဦးပညာဝံသနှင့် အတွင်းရေးမှူးဖြစ်သူ ဆရာတော် ဦးဥတ္တရတို့သည် နယူးယောက်မြို့သို့ ကြွရောက်သွားပြီ ဖြစ်သည်။

စွမ်းအားရှင်များကို အဓိကရုဏ်း နှိမ်နင်းရေးသင်တန်းပေး

မြင့်မောင်
မဇ္ဈိမသတင်းဌာန
Tuesday, 29 April 2008 19:19 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ပြည်သူ့ဆန္ဒ ခံယူပွဲအတွက် လုံခြုံရေး ပြင်ဆင်မှုဆိုကာ ရန်ကုန်တိုင်းအတွင်း စစ်အစိုးရ၏ ခါးပိုက်ဆောင် အဖွဲ့များကို ရိုက်နှက်ခြင်း သင်တန်းများ ပေးလျှက်ရှိသည်။
ဒဂုံမြို့သစ် တောင်ပိုင်းနှင့် မြောက်ပိုင်း ရပ်ကွက်များတွင် စွမ်းအားရှင်၊ ကြံ့ဖွံ့နှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များကို မေလ ၁ဝ ရက် ပြည်သူ့ဆန္ဒ ခံယူပွဲအတွက် ၂၄ နာရီ အရန်သင့် ဖြစ်နေရမည်ဟု မြို့နယ် မယက ဥက္ကဋ္ဌက ညွှန်ကြားထားကာ သင်တန်းများ ပေးနေခြင်း ဖြစ်သည်။
“ကျိုက္ကဆံကွင်းမှာ မီးသတ်တွေ၊ စွမ်းအားရှင်တွေကို ခေါ်ပြီးတော့ ဒုတ်ရိုက် သင်တန်းတွေ၊ သေနတ်ပစ် သင်တန်းတွေကို လွန်ခဲ့တဲ့ ၃ ရက်က သင်ပေးတယ်” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
သင်တန်း တက်ရောက်ပြီး ဖြစ်သည့် မီးသတ်နှင့် စွမ်းအားရှင်များထဲမှ တရပ်ကွက်လျှင် ၁၅ ဦး ရွေးချယ်ကာ အထူး စွမ်းအားရှင်များအဖြစ် အပေါ်-အောက် အပြာရောင် ဝတ်စုံများ ဝတ်ဆင်စေပြီး လာမည့် ရက်ပိုင်းအတွင်း အထူး သင်တန်းပေးမည်ဟု ဒေသခံများက ပြောသည်။ သို့သော်လည်း သင်တန်း အသေးစိတ်ကိုမူ မသိရသေးပါ။
ဒဂုံမြို့သစ် မြောက်ပိုင်းမှ ဒေသခံတဦးကလည်း “ဒဂုံမြို့သစ် မြို့တော်ခန်းမ၊ တောင်ဒဂုံ မြို့တော်ခန်းမ၊ အားကစားကွင်းတွေမှာ လူရိုက်နည်းတွေ၊ လူတွေကို ကားပေါ်တင်တဲ့ နည်းတွေကို သင်တန်းပေးတယ်လို့ သိရပါတယ်။ အဓိက သင်တန်းပေးတာက ရပ်ကွက်အတွင်းမှာ နေတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ ကြက်ခြေနီ၊ မီးသတ်တွေကို သင်တန်းပေးတာ ဖြစ်တယ်” ဟု ပြောသည်။
ယခုအခါ ရပ်ကွက်များထဲမှ ရွေးချယ်ထားပြီး ဖြစ်သည့် အထူးစွမ်းအားရှင် (အမာခံ စွမ်းအားရှင်) များအား နံနက် ၆ နာရီခန့်တွင် ဒိုင်နာကားများနှင့် လိုက်လံခေါ်ယူကာ လူစည်ကားသည့် တောင်ဥက္ကလာ၊ စံပြဈေး၊ ရန်ကင်းစင်တာ၊ ရန်ကင်း ဆရာအတတ်သင်ကျောင်း နေရာများတွင် လူဦးရေ ၂ဝ ခန့်စီ ချထားပြီး ညနေ ၆ နာရီတွင် ပြန်လည် လိုက်သိမ်းနေသည်။
နံပါတ်ဒုတ်များ ကိုင်ထားသည့် အထူးစွမ်းအားရှင် အုပ်စုများတွင် လမ်းလျှောက် စကားပြောစက်နှင့် ရဲတဦးကျစီ ပါဝင်နေကာ စွမ်းအားရှင် တဦးကို လစာငွေအဖြစ် ကျပ် ၂ သောင်းခွဲ ပေးမည်ဟု ပြောဆို စည်းရုံးထားသည်။
စွမ်းအားရှင်များမှာ စစ်အာဏာပိုင်များက အခကြေးငွေပေး၍ စုဆောင်းထားသူများ ဖြစ်ပြီး သံဃာတော်များ ဦးဆောင်သည့် အောက်တိုဘာ၊ စက်တင်ဘာ ဆန္ဒပြမှုများကိုလည်း ဖြိုခွင်းရာတွင် ပါဝင်ခဲ့သည်။