Monday, April 21, 2008

ပြည်တွင်း အခြေအနေနှင့် မဲလိမ်ပွဲ အကြောင်း

အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး ပြည်သူ့  ဆန္ဒခံယူပွဲတွင် ပြည်သူများမဲပေးပုံနှင့်ပတ်သက်ပြီး ကန့် သတ်ချုပ်ချယ်မှုများ နှင့်မသမာမှုများကိုတွေ့ ရှိရပါသည်။ ကျွန်ုပ်သည် ၁၀/၁၁/၁၂/၁၃ ၇က်နေ့ များ တွင် မိတ္ထီလာ / မန္တလေး/စစ်ကိုင်း/မုံရွာရှိဌာနဆိုင်ရာဝန်ထမ်းများ /အင်အားစုများ NLD တိုင်းစည်းများ နှင့်တွေ့ ဆုံပြီး မေးမြန်းဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီး တိုင်းမှူးများ/၀န်ကြီးများ၏ လုပ်ဆောင်ချက်များကို ကွက်ကွက်ကွင်းကွင်း သိခွင့်ရခဲ့ပါသည်။ စစ်သားအားလုံးသည် တပ်ရင်း/တပ်မ/ ဌာနချုပ် တို့ တွင်သာမဲပေးရခြင်း၊ ရဲတပ်ဖွဲ့ ဝင်အား လုံးသည် သက်ဆိုင်ရာရဲစခန်း တွင်သာမဲပေးရခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများက ၄င်းတို့ ရုံးများတွင်သာမဲပေး၇
ခြင်း၊ ကြံ့ဖွံ့ /စွမ်းအားရှင်/မီးသတ်/ကြက်ခြေနီ/အမျိုးသမီးေ၇းရာ/မိခင်နှင့်ကလေး စသည့် နအဖ၏အဖွဲ့ စည်းများ မှာ ဆန္ဒခံယူပွဲ လုံခြုံရေးယူရန် အကြောင်းပြချက်ဖြင့် အားလုံးကြိုတင်ထောက်ခံမဲပေးပြီးဖြစ်သည်။ ရပ်ကွက်/ကျေးရွာများတွင်လဲ မဲရုံများတွင် ကင်မရာများ တပ်ထားသယောင် သတင်းများ ထုတ်လွှင့်ပြီး ကန့် ကွက် မဲ ပေးလျှင် မည်သို့ ဖြစ်မည်ကို ကြိုတင်ကောလဟာလ သတင်းများ ဖြန့်  လျှက်ရှိနေပါသည်။
တိုင်းမှူး/၀န်ကြီးများ ၏လုပ်ဆောင်ချက်များ
၁။ ၀န်ကြီးဦးအောင်သောင်းသည် မန္တလေးဈေးချိုထဲရှိ ဈေးဆိုင်များသို့  ကိုယ် တိုင်ဆင်းပြီး ဆိုင်တိုင်းသို့  ပါတိတ်ဝမ်းဆက်ပေးပြီး ထောက်ခံမဲပေးရန် စည်း ရုံးလှုပ်ဆော်ခဲ့ပါသည်။
၂။ ပညာရေးဝန်ကြီးသည် ပညာရေးဌာနပေါင်းစုံသို့  ကိုယ်တိုင်ဆင်းပြီး ၀န်ထမ်း အားလုံးကို ထောက်ခံမဲပေး ရမည်ဖြစ်ကြောင်း ထပ်တလဲလဲပြောဆိုစည်းရုံးကာ မထည့်ပါက အရေးယူမည်ဟု ပြောကြားနေပါသည်။
၃။ မုံရွာတွင် တိုင်းမှူးသည် (တပ်/ရဲ/ကြံ့ဖွံ့ /မီးသတ်/စွမ်းအားရှင်/ကြက်ခြေနီ/အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး/ကုန်သည်ကြီးများအသင်း စသည့် အသင်းအဖွဲ့  များပါမကျန် ခေါ်ယူပြီး နံနက်မှ ညနေထိ ဟောပြောစည်းရုံးပြီး ထောက်ခံမဲထည့် ရန် ပြောကြားသွားပါသည်။
၎။ဌါနပေါင်းစုံရှိဝန်ထမ်းများကို၎င်းတို့၏ဆန္ဒမပါဘဲနာမည်နဲ့မှတ်ပုံတင်နံပါတ် ယူပြီးနောက်တနေ့တွင် ကြံဖွံ ကဒ်များ/ အမျိုးသမီးရေးရာကဒ် များကိုအပြီးလုပ် လာပြီး အသင်းဝင် ပြီးဖြစ်ကြောင်း အသိပေးပြီး မတရား သဖြင့် အသင်းဝင်ခိုင်းခြင်း များ ပြုလုပ်လျက် ရှိပါသည်။
၅။နအဖ အနေဖြင့် ၀န်ကြီးဌါနများတွင်ကန့်ကွက်မဲတစုံတရာမရှိစေရဟု အမိန့် ထုတ်ပြန်ထားရာ ၀န်ကြီးများ အနေဖြင့် ၄င်းတို့ကိုယ်တိုင်ဌါနများသို့ကွင်းဆင်းပြီး အားလုံး ထောက်ခံခိုင်းနေပါသည်။
၆။အရေးကြီးဆုံး အချက်မှာ ၀န်ကြီးဌါန /စစ်တပ်/ရဲ /ကြံဖွံ့များ/စွမ်းအားရှင် စသည့် ၄င်းတို့ဌါနများမှာ ယခုသိရသည့်အချိန်တွင် ထောက်ခံမဲပေးပြီးပြီ ဟုသိရပါသည်။ဝန်ထမ်းများမှာကိုယ်တိုင်မဲမပေးရဘဲ ၄င်းတို့ ဘာသာ ထောက်ခံမဲ လုပ်ယူခြင်းကိုမကျေနပ်ကျခြေ။
၎င်းအခြေအနေများကို ဌါနဆိုင်ရာအကြီးအကဲများ NLD တိုင်း/စည်း များ၏ သုံးသပ်ချက်နှင့် သဘောထားများ
၁။ ၄င်းကိစ္စများကို ရိုးသားမှုမရှိဟု မြို့ကြီးတမြို့မှ တိုင်း/စည်း တဦးမှ သုံးသပ်ပြီး ဒီပွဲတွင် မိမိတို့လုံးဝ ရှုံးနိမ့် နိုင်မည်ဟုသုံးသပ်ပြီး ဆန္ဒခံယူပွဲကို ဖျက်ပစ်ရန်ဆန္ဒ ရှိပါသည်။
၂။ဌါနဆိုင်ရာတခုမှ အရာရှိတဦးကမူ ၄င်းပွဲတွင် ထောက်ခံမဲများ ရရှိပါက ၄င်းတို့ထင်တိုင်းကြဲနိုင်ပြီး ပြည်သူလူထုဒုက္ခရောက် မည်ဟု မှတ်ချက်ပြုပါသည်။
၃။အဖွဲ့ချုပ်ဗဟိုမှလူကြီးများမှာပြည်သူလူထုမှကန့်ကွက်မဲပေးကြမည်ဟုအထင်ဖြင့် မျှော်လင့်နေကြပြီး အောက် ခြေ တွင် နအဖ မှ ပြည်သူလူထုကိုမည်သို့မည်ပုံ စည်းရုံးသိမ်းသွင်းနေသည်ကို သိရှိခြင်းမရှိပါ ။ဆန္ဒခံယူပွဲ ၏ အကျိုးကျေးဇူး အဆိုးအကောင်းကို ပြည်သူများသိရှိနိုင် ရန် အင် တိုက် အားတိုက် နှင့် လုပ်ဆောင် နိုင် ခွင့် မရှိပါ။ ၄င်းတို့နှင့် နီးစပ် ရာ အသိုင်းအ၀ိုင်းတွင် သာ လှုံ့ဆော်နိုင်ခဲ့ပါသည်။
၎။နအဖ မှာ အစစ အရာရာ သေချာအောင် စီစဉ်ပြုလုပ် ပြီးမှ မေလ (၁၀) ရက်နေ့ ကိုကျင်းပရန်ကြေငြာ ခဲ့ပါသည်။ TVတွင် ပြသနေသော မဲပေးပုံ မဲပေးနည်း နည်းစနစ် များမှာ အယောင်ပြယုံ ဖြစ်ပြီး လူကြား ကောင်း အောင် ပြောနေခြင်းများဖြစ်ပါသည်။

မိမိ၏ သုံးသပ်ချက်

၁။ယခုဆန္ဒခံယူပွဲတွင် မိမိတို့ဘက်မှ လုံးဝမနိုင်နိုင်ပါ။
၂။မိမိတို့၏ အထင်မှာ စစ်တပ် /ရဲ / ဌါနဆိုင်ရာ / ကြံ့ဖွံ့ / စွမ်းအားရှင် / မီးသတ် /ကြက်ခြေနီ / ယရက / အမျိုးသမီးရေးရာ / မိခင် နှင့် ကလေးစောင့်ရှောက်ရေးတို့တွင် ရှိနေသော ပြည်သူများထဲတွင် ၄င်းတို့ကို မကြိုက်သူများရှိနေမည် ဟု မိမိ တို့ ထင်မှတ်နေပါသည်။၎င်းမှာ မှန်ပါသည် ။ သို့ပင်မဲ့ နအဖ အစိုးရသည် ၄င်းကိစ္စကိုမိမိတို့ထက် ကြိုသိနေပြီး အဖွဲ့အစည်း အားလုံး၏အဖွဲ့ဝင်အားလုံးအတွက် ထောက်ခံမဲ ကို ကြိုတင် ပေးစနစ်ဖြင့်ုအတင်းအကြပ် ရယူ ပြီး ဖြစ်သည်။
၃။၎င်းကိစ္စကိုပြည်တွင်းပြည်ပရှိအင်းအားစု အားလုံးသို့ ချက်ချင်းအသိပေး ကြောင်းကြား ပြီး မည်သို့ ဆက်လုပ်ရမည်ကို ချက် ချက်ဆွေးနွေးပြီး အကြောင်းပြန်စေချင်ပါသည်။ှ
၎။နအဖ မှာ ၄င်းတို့ သေချာပေါက်နိုင်ရန် ကြိုတင်အကွက်ချပြီး ဖြစ်သည်။
၅။မိမိတို့၏မဟာမိတ်အဖွဲ့အစည်းများကိုချက်ချင်းအစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်ချက်တခု အမြန်ဆုံး ပို့ပေးပါရန်

မှတ်ချက်။
အရေးကြီး သဖြင့် ချက်ချင်းဆောင် ရွက်စေချင်သည်။

သင်တို့၏သွေးသောက်ရဲဘော်
Scorpion

Friday, April 18, 2008

အိုလံပစ်မီးရှုးတိုင် ဆန္ဒပြပွဲတွင် မြန်မာသတင်းထောက်များ ဖမ်းဆီးခံရ

မဇ္ဈိမသတင်းဌာန
Friday, 18 April 2008 13:10 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ တရုတ် အိုလံပစ်ပွဲတော်ကို ဆန့်ကျင်သည့် တိဘက်များ၏ ဆန္ဒပြပွဲသို့ သွားရောက် သတင်းယူသည့် မြန်မာသတင်းထောက် ၄ ဦးသည် ယမန်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။
နယူးဒေလီမြို့၌ အိုလံပစ်မီးတိုင် ရောက်ရှိနေချိန် မီးတိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်သည့် အိန္ဒိယဂိတ်နှင့် ပါလီမန် အဆောက်အဦ လမ်းတလျှောက်တွင် ဆန္ဒပြ တိဘက်များနှင့် လုံခြုံရေး ရဲများအကြား ပဋိပက္ခဖြစ်ပွားပြီး တိဘက် ၅ဝ ကျော်ကို နေ့လည် ၂ နာရီခန့်တွင် စတင်ဖမ်းဆီးရာ မြန်မာသတင်းထောက် ကိုခင်မောင်လတ် (DVB)၊ ကိုမျိုးမြင့်အောင် (Khonumthung)၊ ကိုကျော်သူရ (BBC) နှင့် ကိုနေလင်း (RFA) တို့ပါ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
သူတို့ကို ယနေ့နံနက် ၁ဝ နာရီခန့်အထိ ပါလီမန်အနီးရှိ Tuglak ရဲစခန်းတွင် ထပ်မံ ဖမ်းဆီးလာသည့် တိဘက် ၃ဝဝ ခန့်နှင့်အတူ ဆက်လက် ထိန်းသိမ်းထားပြီး တရားရုံး ထုတ်မည်ဟူသည့် သတင်းများလည်း ပေါ်ထွက်နေသည်ဟု မြန်မာသတင်းထောက် တဦးက ပြောသည်။
ယမန်နေ့က အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း တိဘက်လူမျိုး ၂ ထောင်ကျော်နှင့်အတူ နယူးဒေလီ မြို့လယ်တွင် ပူးပေါင်း ဆန္ဒပြကြသေးသည်။
တိဘက်များက နယူးဒေလီ မြို့ဟောင်းမှ မြို့လယ် ဂျန်တားမန်တား အရပ်သို့ အိုလံပစ် မီးတိုင်အတု တတိုင်ကို ကိုင်ဆောင်ကာ ချီတက်လာရင်း “တိဘက်လူမျိုးများကို သတ်ဖြတ်နေခြင်းမှ ရပ်တန့်ပါ”၊ “Free Tibet၊”၊ “ဒလိုင်းလားမား သက်တော်ရာကျော် ရှည်ပါစေ” ဟူသော ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။
မီးတိုင်သယ်သည့် အိန္ဒိယဂိတ်နှင့် ပါလီမန် အဆောက်အဦ လမ်းမကြီးပေါ်သို့ ကြည့်ရှုသူ ပရိသတ်များနှင့် ဆန္ဒပြသူများ မဝင်သာစေရန် သံဆူးကြိုးအထပ်ထပ် ကာထားပြီး အိုလံပစ် မီးတိုင်ကို အနှောင့်အယှက်မရှိ သယ်ဆောင်နိုင်ရန်အတွက် အိန္ဒိယရဲ ၁ သောင်း ၈ ထောင်ခန့်က ဝန်းရံ ပေးခဲ့ကြသည်။
ဂရိနိုင်ငံ အေသင်မြို့မှ သယ်လာသည့် အိုလံပစ်မီးတိုင်သည် ယမန်နေ့က နယူးဒေလီမြို့သို့ ရောက်ရှိခြင်းဖြစ်ပြီး နေ့တွင်းချင်းပင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေယာဉ်နှင့် ဆက်လက် သယ်ဆောင်သွားသည်။
အိုလံပစ်မီးတိုင်မှာ ၇၂ စင်တီမီတာ ရှည်လျားပြီး အလေးချိန် ၉၈၅ ဂရမ် ရှိသည်။

“တိုင်းပြည် ဂျွမ်းထိုးမှောက်ခုံဖြစ်သွားမယ်” (သခင်ချန်ထွန်းနှင့် ဆက်သွယ်မေးမြန်းချက်)

မြင့်မောင်
မဇ္ဈိမသတင်းဌာန
Friday, 18 April 2008 13:02 - မြန်မာစံတော်ချိန်
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက စစ်အစိုးရ ရေးဆွဲထားသော အခြေခံဥပဒေ မူကြမ်းကို ကန့်ကွက်မဲပေးရန် တိုင်းပြည်သို့ တိုက်တွန်း ပြောဆိုလိုက်သည်။ တပ်မတော်အနေဖြင့် လုပ်သင့်လုပ်ထိုက်သော အချက်များကိုလည်း သံအမတ်ကြီးဟောင်း ဖြစ်သူက အကြံပြု တင်ပြထားသည်။
အမေး။ ။ အခြေခံမူကြမ်းအပေါ် ဘဘ အနေနဲ့ ဘယ်လို မြင်ပါသလဲ။
အဖြေ။ ။အခြေခံ ဖွဲ့စည်းပုံ မူကြမ်းထဲမှာ အဓိက မကြိုက်ဆုံးကတော့ တပ်မတော်က တိုင်ပြည်ကို ထာဝရ လက်ဝါးကြီး အုပ်ထားနိုင်ဖို့အတွက် လုပ်တဲ့ သဘောမျိုးဖြစ်နေလို့ မကြိုက်ဘူး။ ဥပမာအားဖြင့် လွတ်တော်ကနေ ၂၅ ရာခိုင်နှုန်း စစ်ဦးစီးချုပ်ကနေ ရွေးပေးတဲ့သူတွေ ပါရမယ် ဆိုတော့ ဒါကိုက ဒီမိုကရေစီ အစဉ်အလာ မဟုတ်တာကြီး၊ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ကိစ္စမျိုး လုပ်ထားတော့ ဒါကြီးကို လုံးဝ ဘဘအနေနဲ့ မလိုလားဘူး။ မလုပ်အပ်ဘူး။ မလုပ်သင့်တာကို လုပ်တယ်။ အမှန်ကတော့ တိုင်းပြည်နဲ့ လူထုကို စော်ကားတာပဲ။ ကမ္ဘာပေါ်မှာလည်း ဒီမိုကရေစီ အခြေခံကျတဲ့ အခြေခံဥပဒေကြီး ဆိုပြီးတော့ ပြောနေ ဆိုနေတာကိုက အင်မတန် အရှက်အကြောက် နည်းပါးစွာ ပြောတယ်လို့ ယူဆတယ်။ ဒီဟာကြီးကိုသာ လက်ခံလိုက်ရင် တိုင်းပြည်အနေနဲ့ ဂျွန်းထိုးမှောက်ခုံ ကျမယ်လို့ ပြောချင်ပါတယ်။
သူတို့ ကြေညာချက်ထဲမှာ မေလတွင်ကျင်းပမဲ့ ရွေးကောက်ပွဲကို ထောက်ခံမဲ ပေးဖို့ ဝေထားတဲ့ စာရွက်တွေ ဖတ်ရတယ်။ မဲဆန္ဒ မပေးဘဲနဲ့ လွတ်တော်ကိုယ်စားလှယ် ခန့်တာတွေ အများကြီး ရှိပါတယ်။ အမှန်ကတော့ တခြားစီပဲ။ အဓိပ္ပါယ်ကတော့ တခြားစီပဲ။ အခြေခံလွတ်တော်မှာ ရွေးကောက်ပွဲနဲ့ တက်တာတွေ အခုမှာ ဒီလို တိုက်ရိုက်ခန့်တာတွေ၊ ဘယ်သူက ခန့်လို့ အလိုအလျှောက် လွတ်တော် ကိုယ်စားလှယ် ဖြစ်တယ်ဆိုတာ မပါဘူး။ အရှက်အကြောက် ကင်းစွာဖြင့် မဲပေးအောင် ထောက်ခံမဲပေးအောင် ၁၆ မျက်နှာပါတဲ့ စာရွက်စာတမ်းတွေ လိုက်ဝေနေတာနော်။ အဲဒါကို ဖတ်ခြင်းအားဖြင့် စိတ်မချမ်းမသာ ဖြစ်သွားရတယ်။ မဟုတ်တရုတ် အရှက်မဲ့စွာ သူတို့ရေးရဲတယ်။ မျက်နှာပြောင် တိုက်ရဲတယ်လို့ ဘဘအနေနဲ့ မြင်ပါတယ်။
နိုင်ရင်ကတော့ ၂ဝ၁ဝ မှာ အခြေခံဥပဒအရ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ပြောတယ်။ ဒါက ၂ နှစ်လောက် အချိန်ယူပြီးတော့ လုပ်မယ်ဆိုတဲ့ သဘောပေါ့။ အဲဒီဟာမှာလည်း ရှုံးရင် ဘာလုပ်မလဲဆိုတာ မပါဘူး။ လူထုက တခါတည်း အသေ တွက်ထားတယ်။ ဒါကို လူထုက လက်ခံမယ်၊ အတည်ပြုရမယ်ဆိုတဲ့ သဘော သက်ရောက်အောင် လုပ်နေတယ်။
ပြဿနာတခု ကြိုက်တဲ့လူရှိတယ် မကြိုက်တဲ့ လူရှိတယ်။ မကြိုက်တဲ့ လူကလည်း ဘာကြောင့် မကြိုက်သလဲဆိုတာကို ပြောနိုင်ရမယ်၊ ပြောခွင့် ရှိရမယ်။ ကြိုက်တဲ့ လူကလည်း ဘာကြောင့် ကြိုက်တယ် ဆိုတာပြောရမယ်။ ကိုယ်ကတော့ ၁၆ မျက်နှာ ဘယ်လောက်ကောင်းတယ် ဆိုတာကို ပြောပြီးတော့ မဲရုံးကို သွားပါ ထောက်ခံမဲပေးပါ ဆိုပြီးတော့ ပြောတယ်။
အဖျက်သမားတွေရဲ့ အန္တရာယ်ကို ပြည်သူတရပ်လုံးက နေပြီးတော့ သတိ၊ ဝီရိယဖြင့် ဖယ်ရှား တွန်းလှန်ကြပါစို့ ရေးထားပြီးတော့ ဝေငှနိုင်တာ ဝေငှနေတာဟာ ကျန်တဲ့ ပြည်သူတရပ်လုံးကို ငါတို့ပြောချင်တာ ပြောမယ်။ ငါတို့လုပ်တာကို လက်ခံ ၊ ငါတို့လုပ်တာကို ထောက်ခံဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်။
အလျော်သင့်မြတ်တဲ့ ကိစ္စတွေလုပ်နေတယ်လို့ မြင်တယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေက ၁၉၃၄- ၃၅ ခုနှစ်တုန်းက နာဇီပါတီ ဂျာမဏီကြီးစိုးနေချိန်မှာ အဲဒီ ပါတီဝင်တွေက လိုက်ပြီးတော့ သူတို့ အတိုင်အခံလုပ်တဲ့ သူတွေကို လိုက်ပြီးတော့ ရိုက်ပုတ်သတ်ဖြတ်တာတွေ လုပ်နေသလို မြန်မာပြည်မှာ ဖြစ်လာတာကို မြင်နေ ကြားနေရတယ်။ အဲဒါတွေက အင်မတန် စိတ်ဆင်းရဲစရာ၊ စိတ်မချမ်းသာစရာ ဖြစ်နေတယ်။
ဒါမျိုးတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာမှ အကျိုးမရှိပါဘူး။ မြန်မာပြည်သူတွေက ရေစုံနစ်ရမဲ့သဘော ဖြစ်နေတယ်လေ။ ဒီဟာကိုတော့ လုံးဝ မထောက်ခံနိုင်ဘူး။ ဒါကို ကန့်ကွက်မဲ ပေးရမှာပဲ။
အမေး ။ ။ တပ်မတော် ခေါင်းဆောင်တွေကို ဘဘအနေနဲ့ ဘာပြောချင်ပါသလဲ ဘဘ။
အဖြေ။ ။ တပ်မတော်ခေါင်းဆောင်တွေကို မေတ္တာ ရပ်ခံချင်တာကတော့ ဒီဟာကြီးကို လူထုက ပယ်ချလိုက်ရင် ဘာလုပ်မယ်ဆိုတာ မပါဘူး။
ဒီဟာအတွက် လုပ်ဖို့လုပ်ငန်းစဉ်ကို ဘဘ အနေနဲ့ အကြံဥာဏ်ပေးချင်တာကတော့ အားလုံး ပြည်သူလူထုက လက်မခံဘူး ပယ်ချလိုက်လို့ရှိရင် ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေ၊ ပြည်သူလူထု အားလုံးက ၈၂ ရာခိုင်းနှုန်းနဲ့ ထောက်ခံခဲ့တဲ့ NLD က ကိုယ်စားလှယ်တွေရယ်၊ လူမျိုးစုက ကိုယ်စားလှယ်တွေရယ် ခေါ်ပြီးတော့ ညွှန့်ပေါင်းအစိုးရ တပ်မတော်က ခေါင်းဆောင်ပြီးတော့ အစိုးရထဲမှာ ထည့်ဖွဲ့ပြီးတော့ ပယ်လိုက်တဲ့ အခြေခံ ဥပဒေတွေကို ဘာတွေ ပယ်ချင်တယ်၊ ဘာတွေ ဖြည့်စွက်ချင်တယ် ဆိုပြီးတော့ အပြန်အလှန် အပေးအယူနဲ့ သေသေခြာခြာ ဆွေးနွေးကြစေချင်တယ်။
တဖက်မှာကလည်း တိုင်ပြည်က တကယ်ကို အောက်ကျနောက်ကျ နိုင်နေတယ်။ ထိုင်း၊ မလေးရှား နိုင်ငံခြားမှာ သွားအလုပ်လုပ်နေတဲ့ လူတွေက ဟိုကျတော့ နွားလိုဝက်လို ဆက်ဆံ ခံနေရတာတွေ ရှိတယ်။ အဲဒီလို ဘဝမျိုးက လွတ်အောင် အစိုးရက စီးပွားရေးတို့ ၊ ပညာရေး၊ ကျန်မားရေးတို့ကို ညွှန်းပေါင်း အစိုးရက လုပ်သွားရင်းနဲ့ တဖက်က အခြေခံဥပဒေကို ဆွေးနွေးသွားဖို့ တိုက်တွန်းချင်တယ်။
အားလုံး ပြေလည်လာတဲ့ အခါမှာ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲမှာ နိုင်လာတဲ့ လွတ်တော် ကိုယ်စားလှယ် တွေကို လွတ်တော် ခေါ်ပေးပြီးတော့ လွတ်တော်ကနေပြီးတော့ သူတို့သုံးဦး သုံးဖလှယ် သဘောတူ ရေးဆွဲထားတဲ့ ဥပဒေကြမ်းကြီးကို စဉ်းစားပြီးတော့ အတည်ပြုပေးပါ ဆိုပြီးတော့ လွတ်တော်ကို ခိုင်းရမယ်။ ဒီလွတ်တော်က နေပြီးတော့ ဒီဥပဒေကို အတည် ပြုပေးရမယ်။
အာဏာရှိတွေရော အာဏာမဲ့တွေရော မလုပ်သင့် မလုပ်ထိုက်တာတွေ ရှိတယ် ဒီလိုဟာတွေအတွက် တချို့က စိုးရိမ် ကြောင့်ကြတာတွေ ရှိတယ်။ အဲဒီအတွက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ဆိုတဲ့ အမိန့်ကို ထုတ်ပြီးတော့ ဒီလွတ်တော်ကနေ ဆုံးဖြတ်ပေးခဲ့ရမယ်။
အဲဒီလို ဆုံးဖြတ်ပြီးတဲ့နောက် အခြေခံ ဥပဒေကိုလည်း အတည်ပြုပြီးရင် ညွှန်းပေါင်းအစိုးရက ဒီလွတ်တော်ကြီးကို ဖျက်သိမ်းပြီးတော့ သူတို့က သတ်မှတ်ပေးလိုက်တဲ့ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲအသစ်ကို လုပ်ရမယ်။ ရွေးကောက်ပွဲ အသစ် ရလာပြီဆိုတဲ့ အခါမှာ အနိုင်ရတဲ့ ပါတီကို အာဏာ အပ်နှင်းပြီးတော့ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ကတော့ ကိုယ်ဘားတိုက်ကို၊ စစ်တန်းလျားကို ပြန်ကြဖို့နော်၊ ကျန်တာကတော့ အဲဒီ အစိုးရနေ ဆက်အလုပ် လုပ်သွားဖို့ လိုတယ်ပေါ့နော်။
၁ နှစ် ကြာရင်လည်း ကြာမယ်။ ၂ နှစ် ကြာရင်လည်း ကြာမယ်ပေါ့။ အပြန်အလှန် အလျော့အတင်းနဲ့ စနစ်တကျလုပ်ရင် မြန်မာနိုင်ငံအဖို့ ထာဝရ ငြိမ်းချမ်းရေး ရပြီးတော့ တိုးတက်ဖွံ့ဖြိုးတဲ့ ချမ်းသာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။
ဘဘ အနေနဲ့ကတော့ အစဉ်အလာ မရှိတဲ့ လက်ရှိ အခြေခံ ဥပဒေမူကြမ်း၊ ကမ္ဘာမှာ အစဉ်အလာမရှိတဲ့ ဘာမှာ ရွေးကောက် တင်မြှောက်ချင်း မဟုတ်ပဲနဲ့ တပ်မတော် စစ်ဦးစီချုပ်ကနေ ရွေးချယ်ပေးတဲ့ ၂၅ ရာနှုန်း ပါရမယ် ဆိုတော့ အဲဒါ အဓိကပဲ။ ဘဘ အနေနဲ့ကတော့ ကန့်ကွက်မဲပေးမှာ ဖြစ်တယ်။
အမေး။ ။ ဘဘ အနေနဲ့ ဆန္ဒခံယူပွဲနဲ့ ပတ်သတ်ပြီးတော့ ပြည်သူလူထုကို ဘယ်လို တိုက်တွန်းချင်ပါသလဲ။
အဖြေ။ ။ မဲပေးတဲ့ အခါမှာ ကြက်ခြေခတ်တာနဲ့ အမှန်ခတ် နှစ်ခုရှိတယ်။ အဲဒါကို ကြိုက်ရာလေး ရေးရမယ်။ အဲဒါကို ကြက်ခြေခတ်ပြီးတော့ အခြေခံဥပဒေကို ကန့်ကွက်ဖို့၊ ကန့်ကွက်မဲ ပေးဖို့ဘဲ ဖြစ်တယ်။ လူငယ်တွေ တော်တော်များများက သင်္ကြန်တွင်းမှာ ကြွေးကြော်တာတွေ သူတို့ တတ်နိုင်သလောက် စာရွက်စာတမ်းတွေ ဝေတာတွေ ရှိတယ်။ လူငယ်တွေ အနေနဲ့ကတော့ သတ္တိရှိတယ်၊ ဇွဲရှိတယ်၊ ကိုယ်ကျိုးစွန့်တယ်။ လူငယ်တွေကတော့ မကြောက်ကြဘူး။ သူတို့ရဲ့ ယုံကြည်ချက်၊ ခံစားချက်ကို သတ္တိရှိရှိ ပြသနေတယ်။ ပြည်သူအနေနဲ့ သတ္တိရှိရှိ လုပ်ဖို့ လိုတယ်လို့ ဘဘ မြင်ပါတယ်။
အမေး။ ။ ဖွဲ့စည်းပုံ အခြေခံမူကြမ်းကို စစ်အစိုးရ အနေနဲ့ အာဏာသုံးပြီးတော့ ပြည်သူလူထုကို အဓမ္မ အာဏာသုံးပြီးတော့ လုပ်နေတဲ့ အပေါ် ဘဘ အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
အဖြေ။ ။ ဒါကတော့ မလုပ်သင့်ဘူး ဆိုတာကိုပဲ ပြောချင်ပါတယ်။ အခုဟာက ကြိုတင် မဲပေးရမယ် ဆိုပြီးတော့ တချို့ ဝန်ထမ်းတွေကို မဲပေးခိုင်းတာတွေ ရှိတယ်။ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ရေနံချောင်းလို နေရာမျိုးတွေမှာ ကြိုတင် မဲပေးရမယ်လို့ ဝန်ထမ်း မိသားစုတွေကို ခိုင်းနေတာမျိုးတွေ ကြားနေရတယ်။ ဝန်ထမ်း မိသားစုတွေကို သီးခြား မဲပုံးထဲမှာ မပါတော့ဘူး။ အဲဒါဆိုတော့ ထောက်ခံမဲပဲ ပေးရမယ်၊ ကြက်ခြေ မခတ်ရဲတော့ဘူး။ ဒီလို ဖြစ်အောင် လုပ်နေတာ ဖြစ်တယ်။ ဒါက မဟုတ်တာပဲ၊ လူတွေဒီမှာ ရှိနေတာပဲ။ လူတွေက မဲရုံကို သွားပြီးတော့ ကြိုက်တာကို လွတ်လပ်စွာ လုပ်ဖို့ သင့်တာပေါ့။
အမေး။ ။ စစ်မှုထမ်းဟောင်းတို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့ကို မဲ ၃-၄ မဲ ပေးရမယ်လို့ ကြားနေတဲ့ အတွက် ဘဘ အနေနဲ့ အဲဒါနဲ့ ပတ်သတ်လို့ ဘယ်လို မြင်ပါသလဲ။
အဖြေ။ ။ ကမ္ဘာမှာ ဘယ်မှာမှ မရှိတာဘဲ ။ အဲဒီလို လုပ်တာက ညစ်ဖို့ လုပ်နေတာ ဖြစ်တယ်။ အခုကတည်းက ညစ်ဖို့ မတရားအနိုင်ယူဖို့ လုပ်ခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။ လူတွေကတော့ ညိမ်မနေပါဘူး။ ကန့်ကွက်ကြမှာပဲ။ ကမ္ဘာက အခုကတည်းက မယုံသင်္ကာ ဖြစ်နေကြတာကို၊ လက်ရှိ တပ်မတော်အစိုးရ အနေနဲ့ ဘယ်လောက် တရားမျှတတယ်ဆိုတာ ပါကစ္စတန်က ရွေးကောက်ပွဲ လုပ်သွားတယ်။ နိုင်ငံခြားသား ၅ဝဝဝ ကျော် သွားရောက် လေ့လာခွင့် ပေးထားတယ်။ နီပေါ မှာလည်း အဲဒီလို ပုံစံမျိုး လုပ်ထားတယ်။
ထိုင်းနိုင်ငံက တနှစ်အတွင်းမှာ အာဏာ သိမ်းတယ်၊ သိမ်းပြီးတော့ အခြေခံ ဥပဒေကို ဆွဲပြီးတော့ လူထုဆန္ဒ ခံယူပွဲ လုပ်ပြီးတော့ ရွေးကောက်ပွဲ လုပ်တယ်။ သူကတော့ သူနိုင်ငံအတွင်းမှာ လွတ်လပ်စွာ ဝင်ထွက် သွားလာနိုင်ဆိုတော့ လူတွေက ကြောက်စရာ မလိုဘူး။ မယုံင်္ကာ ကင်းရှင်းသွားအောင်လို့ အားလုံး လေ့လာခွင့် ပေးထားတာ ဖြစ်တယ်။ လေ့လာတဲ့သူတွေ အကုန်လုံးက တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို ထောက်ခံတဲ့ အတွက် ကမ္ဘာက လက်ခံတယ်။
ကမ္ဘာက လက်ခံနိုင်အောင် လက်ရှိ တပ်မတော် ခေါင်းဆောင်တွေက ကမ္ဘာကုလသမဂ္ဂကို လာပြီး လေ့လာကြပါ ဆိုပြီးတော့ ဖိတ်ခေါ်သင့်တယ်။ နိုင်ငံအသီသီးမှာ ရှိတဲ့ သတင်းထောက်တွေ၊ မီဒီယာတွေကိုလည်း ဖိတ်ခေါ်သင့်တယ်။ ဘယ်လောက် ရွေးကောက်ပွဲက တရားမျှတတယ်၊ လွတ်လပ်တယ် ဆိုတာကို သူတို့မြင်တဲ့ အမြင့်တွေ ရေးနိုင်တယ်။
ကိုယ့်ကြိုက်သလို ကြံ့ခိုင်းရေးတို့ မီးသတ်တို့ ဝန်ထမ်းတွေလို ရဲတို့ ခြိမ်းခြောက်ပြီးတော့ လူထုကို လုပ်တာတွေ၊ ဘာတွေက အခုကတည်းက ရှိနေတယ်ဆိုတော့ နောက်ဆို ပိုပြီးတော့ ရှိမှာပေါ့။ ဒါတွေကို ရှိအောင်လူထုက ပြောရဲ ပြောတတ် ပြောနိုင်ပြီးတော့ မီဒီယာက အိုင်ဒီ ကမ္ဘာရွာကြီးက သိပ်ကို တိုးတက်နေတယ် ဆိုတော့ ဘာမှ ဖုံးထားလို့ ဝှက်ထားလို့ မရပါဘူး။ မရတော့ တရားမျှတတဲ့ ရွေးကောက်ပွဲကြီးကို လုပ်ပေးတယ် ဆိုတာ ဖြစ်အောင် တရားမျှတတဲ့ ဆန္ဒခံယူပွဲကြီး ဆိုပြီးတော့ ကမ္ဘာကသိအောင် ကမ္ဘာကုလသမဂ္ဂက နေပြီးတော့ နိုင်ငံအသီးသီးမှာ လေ့လာသူတွေကို လေ့လာချင်ရင် လေ့လာခွင့် ပေးဖို့ ဘဘအနေနဲ့ အစိုးရကို တိုက်သွန်းချင်တယ်။
အမေး ။ ။ အာဏာပိုင်တွေနဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသားများ (ပြည်ထောင်စု-မြန်မာနိုင်ငံ) ဆိုတဲ့ အဖွဲ့တွေက နယ်တွေမှာ ရှိတဲ့ ပြည်သူလူထုကို ထောက်ခံမဲ ပေးဖို့ အမှန်ခြစ်ဖို့ စည်းရုံးနေတယ်။ သူတို့တတွေက တိုင်းသူပြည်သားတွေအတွက် ကောင်းအောင် လုပ်နေတာလား၊ ပြည်သူလူထု နစ်နာအောင် လုပ်နေသလားဆိုတာ ဘဘ အနေနဲ့ ဘယ်လို မြင်ပါသလဲ။
အဖြေ။ ။ ကိုယ်ကျိုး၊ ကိုယ့်စီးပွား ကြည့်ပြီးတော့ လုပ်နေတဲ့ သူတွေ ဖြစ်တယ်။ ဒီလိုလုပ်တဲ့ အတွက်ကြောင့် မော်တော်ကား ရနိုင်တယ်။ အိမ်ခန်း ရနိုင်တယ်။ မြေကွက် ရနိုင်တယ်။ ဖုန်း ရနိုင်တယ်။ ဒီလို အခွင့်အရေးတွေ မျှော်ကိုးပြီးတော့ လုပ်နေတယ် ဆိုတာကို ကြားနေရတယ်။ ဒါတွေကလည်း ဖြစ်နိုင် ဆိုပြီးတော့ ပြောတယ်။ သူတို့ ခံစားနေတဲ့ အခွင့်အရေးတွေကို ကြည့်ပြီးတော့ လူတွေ ပြောနေတဲ့ စွတ်စွဲချက်တွေ မှန်ကန်လို့ ယူဆပါတယ်။ သူတို့ အခွင့်အရေး မပေးပဲနဲ့ လုပ်နိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ တပ်မတော်လည်း မဟုတ်ဘူး။ စွမ်းအားရှင်လည်း မဟုတ်ဘူး။ ကြံ့ခိုင်းရေးလည်း မဟုတ်ဘဲနဲ့ သတ်သတ် နာမည်အမျိုးမျိုး တပ်ပြီးတော့ လုပ်နေတာဟာ အခွင့်အရေးရလို့ လုပ်တာ ဖြစ်ပါလိမ့်မယ် ဘဘအနေနဲ့ သဘောထားပါတယ်။
ဂျာမဏီက ဟစ်တလာ နာဇီပါတီလုပ်သလို ဒီမှာက အစပျိုး လုပ်နေတာ ဖြစ်တယ်။ ရိုက်တာလို့ ဖမ်းဆီးတာ ဖြစ်နေတဲ့ အတွက် ဒီလို ပြင်းထန်တာ ဖြစ်လာရင်တော့ ကမ္ဘာက ကြည့်နေမှာ မဟုတ်ပါဘူး။ အခုတောင်မှာ ကမ္ဘာက ပြောလာပြီလေ။ အဲဒီလို လုပ်တာတွေ မကောင်းဘူးလို့ ပြောနေပြီးလေ။ ကိုယ့်နိုင်ငံ တခုပဲ နေတဲ့ခေတ် မဟုတ်ဘူးလေ။ ကမ္ဘာ့ရွာကြီးတဲ့မှာ နေတယ်ဆိုတော့ အရပ်တခု အနေနဲ့နေတာ ဆိုတော့ စောင့်နေတာ၊ ကိုယ်တယောက်ထဲ ကိုယ့်နိုင်ငံ တခုတည်းနေတာမှ မဟုတ်ဘဲ၊ အလောက်မင်းတရားခေတ်မှာ မဟုတ်ဘဲနဲ့ ဒီခေတ်မှာ လုပ်ချင်တိုင်း လုပ်လို့ မရဘူးဆိုတာ သူတို့ သိလာရမှာပေါ့။

ဝံသာနုက ထောက်ခံမဲပေးရန် စည်းရုံးနေ

မြင့်မောင်
မဇ္ဈိမသတင်းဌာန
Friday, 04 April 2008 16:42 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မန္တလေးတိုင်းရှိ ဝံသာနု ဆိုသည့် အဖွဲ့က လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် ယခုလဆန်းပိုင်းတွင် မန္တလေး၌ စည်းရုံးလှုပ်ရှားမှုများ လုပ်ဆောင်လာသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နှုတ်ထွက်ရသူ၊ ခွဲထွက်သူ အနည်းငယ်နှင့် ဖွဲ့စည်းထားသည့် ဝံသာနု NLD ဆိုသည့် အဖွဲ့ငယ်တခုက မေလတွင် နအဖ က ကျင်းပမည့် ဖွဲ့စည်းပုံ ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင်များအနေနှင့် ထောက်ခံမဲပေးရန်အတွက် ယခုလဆန်းပိုင်းမှ စတင်ကာ မန္တလေးတိုင်း အနောက်တောင်ဘက်ရှိ ချမ်းအေးသာစံမြို့နယ်အတွင်းက ဥယျာဉ်တန်းနှင့် မဟာအောင်မြေရပ်ကွက်များတွင် စတင်၍ လှည့်လည် စည်းရုံးနေခြင်း ဖြစ်သည်။
"ထောက်ခံမဲပေးဖို့ ရပ်ကွက်တွေမှာ လှည့်ပြီးတော့၊ ရပ်ကွက်အတွင်းမှာရှိတဲ့ ရပ်မိရပ်ဖတွေကို ခေါ်ပြီးတော့ အစည်းအဝေးတွေ လုပ်တယ်။ ဝံသာနု NLD အသင်းတင် မကဘူး။ ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (အေးလွင်) တို့အဖွဲ့၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေပါတယ်လို့ ယူဆကြတယ်။ ဝံသာနု NLD ကတော့ သေချာတယ်။ မဲပုံး ပုံပေါ်မှာ ထောက်ခံမဲ ပေးကြစို့ ဆိုတဲ့ စာနဲ့တီရှပ်အဖြူတွေကို တရပ်ကွက်မှာ ၅ ထည်လောက် လိုက်လံဝေနေတယ်" ဟု ဒေသခံတဦးက ပြောသည်။
အခြား ဒေသခံတဦးကလည်း ဝံသာနု ဆိုသူများက ထောက်ခံပွဲကိစ္စ ဆွေးနွေးသူများကို လူတဦးလျှင် တသောင်းကျပ်ပေး၍ စီစဉ်ပေးနေသည်ဟု ပြောသည်။
သူတို့က နအဖ စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်လျှင် လူထုအကျိုး ပိုမိုဖြစ်ထွန်းနိုင်သည်ဟု ပြောဆိုနေသူ ဒေါက်တာ စိုးလင်းနှင့် မြို့နယ်စည်းဟောင်းများ ဖြစ်သည့် ဦးတင်မောင်ဝင်း၊ ဦးလှမြင့်နှင့် ကိုရဲကို တို့က ဦးဆောင်ပြီး ၂ဝဝ၃ ခုနှစ်အတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဒေသခံတဦးကတော့ "သူက (ဒေါက်တာစိုးလင်း) ဘာမှကို မဆိုင်ဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ အမျိုးသားညီလာခံတက်တဲ့ ကိုယ်စားလှယ်လည်း မဟုတ်ဘူး။ သူက ဒီအတိုင်းပဲ ဖောက်ပြန်ချင်တဲ့ အဖွဲ့ဝင်တွေ၊ အချောင်သမားတွေ၊ သီးခြား NLD နာမည်ယူပြီးတော့ ပြပြီးတော့ လုပ်စားနေတဲ့ အဖွဲ့တွေ။ ဝံသာနုလည်း သုံးထားတယ်၊ NLD လည်း ပါတယ်ဆိုတော့ ပြည်သူတွေက သို့လော သို့လော ဖြစ်နေတာ" ဟု ပြောသည်။
အဖွဲ့ဝင်အင်အား မည်၍မည်မျှ ရှိသည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသည့် ဝံသာနု NLD သည် NLD မှ နှုတ်ထွက်ခဲ့သူ အဖွဲ့ဝင်ဟောင်း ၁၅ ဦးခန့်၏ အမည်များကိုပါ အဖွဲ့ဝင်အဖြစ် ထည့်သွင်း ပြောဆိုလေ့ရှိကြောင်း သူက ဆက်ပြောသည်။

အရင် ဒိုင်, အခု ထိုးသားဝင်းပေါ်မောင်ဧပြီ ၁၄၊ ၂၀၀၈

ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် အနှစ်သာရအားဖြင့် စစ်အစိုးရ ဖြုတ်ချရေး ပြည်လုံးကျွတ် ဆန္ဒပေးပွဲ အဖြစ်သို့ တရွေ့ရွေ့ အသွင်ပြောင်းလာနေပြီ ဖြစ်သည်။
မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များကို ကြည့်လျှင် စစ်တပ်မှ လွှမ်းမိုးချုပ်ကိုင် လုပ်ဆောင်သည့် ကိစ္စရပ်တိုင်း၌ ပြင်ပအသွင်သဏ္ဌာန်နှင့် အတွင်းအနှစ်သာရတို့ အမြဲတစေ ကွဲပြားနေလေ့ ရှိသည်ကို တွေ့နိုင်ပါသည်။ အရေးပါသည့် ကိစ္စရပ်များ ဖြစ်သည့် ၁၉၅၈, ၁၉၆၂, ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းမှုများ၊ ၁၉၆၀, ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲများနှင့် ၁၉၇၃ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတို့တွင် အသွင် နှင့် အနှစ် ကွဲပြားနေသည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။
စစ်တပ်က အာဏာသိမ်းမှုတိုင်းတွင် `ယိုယွင်းနေသော တိုင်းပြည်အခြေအနေအရ မလွှဲမရှောင်သာ အာဏာယူရခြင်း´ ဖြစ်ကြောင်း မွဲပြာပုဆိုး အကြောင်းပြချက်ကို ထပ်တလဲလဲ ပေးခဲ့မြဲ ဖြစ်သည်။ အမှန်မှာ `အာဏာ´ကို လိုချင်၍ `သိမ်း´ခြင်းသာ ဖြစ်ပါသည်။
စစ်တပ်က လုပ်ပေးသော ပါတီစုံ ရွေးကောက်ပွဲများတွင် လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရန် ကြီးကြပ်ပေးသည်ဟု အသံကောင်းဟစ်သော်လည်း၊ လက်တွေ့တွင် စစ်တပ်က ၄င်းတို့ လိုလားသည့် ဘက်မှ ပင်းခဲ့မြဲ ဖြစ်သည်။
တပါတီစနစ်ကျင့်သုံးမည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ပြိုင်ဘက်မရှိဘဲ တယောက်တည်း ဟန်ရေးပြသည့် `လုပ်ပွဲ´တခုသာ ဖြစ်ပါသည်။
သို့ရာတွင် စစ်တပ်က ဘယ်လိုပင် အကြောင်းပြပြ၊ ဘယ်လောက်ပင် အသံကောင်းဟစ်ဟစ် မြန်မာလူထုက အသွင်နှင့် အနှစ်ကို ကောင်းစွာ ခွဲခြား နားလည်ပြီးသား ဖြစ်သည်။ ချက်ဆို နားခွက်က မီးတောက်ပြီး ဖြစ်သည်။ စကားလုံး အကြီးအကျယ် အလှအပများနှင့် ဘယ်လိုပင် တန်ဆာဆင် ပြောနေစေကာမူ အတွင်းအနှစ်သာရကို ဇတ်ခနဲ ဆွဲထုတ် ကောက်ယူပြီး ဖြစ်သည်။
မေလတွင် ကျင်းပမည်ဟု ကြေညာထားသည့် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၏ အနှစ်သာရကိုလည်း မြန်မာလူထုက အတော်စောစောကပင် ကောက်ယူပြီး ဖြစ်သည်။ စစ်တပ် လုပ်ဆောင်ချက်အပေါ် မြန်မာလူထု၏ ဘာသာပြန်ချက်က နိုင်ငံရေး ဆန်ချင်မှ ဆန်မည်။ သို့သော် ရှင်းလင်းသည်။ စကားလုံး လှချင်မှ လှမည်။ သို့သော် တိကျသည်။
ဆန္ဒခံယူပွဲကို လူထု အဓိပ္ပာယ်ဖွင့်ပုံက "ဒါ သူတို့ ဆင်းမပေးဖို့ လုပ်တာ" ဟူ၍ ဖြစ်ပါသည်။
၁၉၉၀ ဒိုင်
ဗိုလ်နေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရက ၁၉၆၀ ဖေဖော်ဝါရီလတွင် `တတိယအကြိမ် ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲ´ ကို ၄၇ အခြေခံဥပဒေနှင့်အညီ ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဒိုင်ဖြစ်သည့် အိမ်စောင့်အစိုးရ (စစ်တပ်) က တည်မြဲဖဆပလ ဘက်မှ ပင်းခဲ့သည်။ ယင်းသို့ ပင်းခဲ့ကြောင်း သက်သေထူသည့်အချက်မှာ ရွေးကောက်ပွဲအတွင်း မသမာမှုများ တွင် တာဝန်ရှိသည် ဟုဆိုကာ တပ်မှူးကြီး ၁၃ ယောက်ကို ဗိုလ်နေ၀င်းက ဖြုတ်ပစ် လိုက်ခြင်းပင် ဖြစ်သည်။
၁၉၉၀ တွင် ဗိုလ်စောမောင် ဦးဆောင်သည့် န၀တ စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲမှာ အခြေခံဥပဒေ တခုမျှ မရှိသည့် အခြေအနေတွင် ကျင်းပခြင်း ဖြစ်သည်။ ထိုရွေးကောက်ပွဲကို ၁၉၄၇ ကကဲ့သို့ `တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ´ ဟုလည်း အတိအလင်း မဆိုထား။ အာဏာလွှဲပြောင်းရေးကိုလည်း တိတိကျကျ မပြဋ္ဌာန်းထား။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် "လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ရမည်။" ဟူ၍ ပြဋ္ဌာန်းထားသော်လည်း လွှတ်တော် ခေါ်ယူရေးအတွက် အချိန်ကာလ တိတိကျကျ မသတ်မှတ်ထား။
ထိုသို့ ပျော့ကွက်များ ရှိနေသော်ငြား န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်က"ပါတီစုံ ရွေးကောက်ပွဲ ပြီးရင် ဘာလုပ်ကြမလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဖို့ပဲ ဖြစ်တယ်။ … အခြေခံ ဥပဒေကို အရွေးခံရတဲ့ ပါတီအဖွဲ့အစည်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး လုပ်ကြရမယ့် ကိစ္စ" ဟူ၍ ရွေးကောက် ပွဲ မတိုင်မီကရော ရွေးကောက်ပွဲ အပြီးတွင်ပါ ကမ္ဘာသိ ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲအပြီး နှစ်လအကြာတွင် ထုတ်ပြန်သည့် ၁/၉၀ ကြေညာချက်တွင် စစ်အစိုးရက လွှတ်တော်ခေါ်ယူပေးရေးကို တာဝန်ခံပြီး၊ လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေ ရေးဆွဲရေးကို တာဝန်ယူရန် ထပ်မံ အတည်ပြုခဲ့သည်။
ထိုအချက်များအရ စစ်အစိုးရက မိမိကိုယ်ကိုယ် အိမ်စောင့်အစိုးရကဲ့သို့ သဘောထားကာ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ ပြည်သူလူထု အများစုကလည်း ဤသို့ပင် ရှုမြင်ခဲ့ကြပါသည်။ စစ်အစိုးရက ဒိုင် ဖြစ်သည်။
စစ်အစိုးရက ဒိုင်နေရာကို ယူခဲ့သော်လည်း ကစားပွဲကို အဆုံးသတ်အောင် မဆောင်ရွက်ပါ။ အကြောင်းမှာ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲ ရလဒ်က မိမိလိုလားသည့်အတိုင်း မဟုတ်တော့၍ ဖြစ်ပါသည်။ စစ်အစိုးရအနေနှင့် ရွေးကောက်ပွဲတွင် ဘယ်ပါတီမှ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မည် မဟုတ်ဟု တထစ်ချ တွက်ဆထားခဲ့ပုံ ရပါသည်။ ပါတီများအချင်းချင်း အားပြိုင်နေလျှင် စစ်တပ်က အဆုံးအဖြတ်ပေးနိုင်သည့် အုပ်စု ဖြစ်လာမည်ဟု ထင်မြင်ထားပုံ ရပါသည်။ သို့မဟုတ် စစ်တပ် ထောက်ခံသည့် ပါတီက အသာစီးရလာမည်ဟု ယူဆထားပုံ ရပါသည်။ ထိုယူဆချက်မှာ ဗိုလ်နေ၀င်း၏ အိမ်စောင့်အစိုးရခေတ် ယူဆချက်နှင့် ထပ်တူနီးပါး ဖြစ်ပါသည်။
ဗိုလ်နေ၀င်းခေတ် ရွေးကောက်ပွဲတွင် သိသိသာသာ ဘက်လိုက်ခဲ့သည့်တိုင် စစ်တပ်အားပေးသည့် ဘက်က ခွက်ခွက်လန်အောင် ရှုံးခဲ့သည်။ ဗိုလ်စောမောင်ခေတ် ရွေးကောက်ပွဲတွင်လည်း စစ်တပ် လိုလားသည့်ဘက်က ခွက်ခွက်လန်အောင် ရှုံးခဲ့ပြန်သည်။
ဘက်လိုက်၍ မနိုင်သောအခါ ဗိုလ်နေ၀င်းသည် နောင်နှစ်နှစ်အကြာတွင် အာဏာသိမ်းခဲ့သည်။ လိုလားသည့်ဘက်က မနိုင်သောအခါ ဗိုလ်စောမောင်သည် လွှတ်တော်ခေါ်ပေးရန် ငြင်းဆန် လိုက် တော့သည်။
ထိုရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ပြည်သူလူထုက စစ်တပ်လွှမ်းမိုးမှုကို မလိုလားကြောင်းနှင့် ဒီမိုကရေစီကိုသာ လိုလားကြောင်း ထင်ထင်ရှားရှား ဖော်ပြခဲ့သည်။ သို့ရာတွင် ပြည်သူလူထု ဆန္ဒနှစ်ခုစလုံးကို စစ်တပ်က ဆန့်ကျင် ပစ်ပယ်ထားဆဲ ဖြစ်သည်။
စစ်အစိုးရသည် မြတ်မလားလို့ ဒိုင်ကိုင်ခဲ့သည်။ သူဘက်လိုက်ထားသည့် ထိုးသားနှင့် ဝေစားမျှစား လုပ်ရန် ပြင်ဆင်ထားသည်။ သို့သော် ရလဒ်က သူလိုချင်သည့်အတိုင်း မဟုတ်တော့သောအခါ ယခု သူကိုယ်တိုင် ထိုးသား အဖြစ် ၀င်ရောက်လာတော့သည်။
၂၀၀၈ ထိုးသား
၉၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပါတီစုံ ရွေးကောက်ပွဲများအနက် မဲလိမ် မဲခိုးမှု အကင်းရှင်းဆုံး ဖြစ်ခဲ့သည်။ ပါတီချင်း အုပ်စုချင်း ဥပဒေမဲ့ တိုက်ခိုက်မှုများ ကင်းစင်ခဲ့သည်။ စစ်တပ်နှင့် အာဏာပိုင်များ၏ အလွန်အကျူး ဖိအားပေးမှုများ လျော့နည်းသွားသည်။ သို့သော် လုံးဝ လွတ်လပ်၍ တရားမျှတသည်ဟုတော့ မဆိုနိုင်ပါ။ တင်းကျပ်သော အကန့်အသတ်များကြားမှ စည်းရုံးလှုပ်ရှားခဲ့ ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် ရွေးကောက်ပွဲကို အားလုံးက `လွတ်လပ်၍ တရားမျှတ´ သည်ဟု အသိအမှတ် ပြုခဲ့ကြပြီး၊ ရလဒ်ကိုလည်း တရားဝင် အတည်ပြုခဲ့သည်။
ထိုအချိန်က စစ်တပ်ပိုင်ပါတီ မရှိပါ။ စစ်တပ်ပိုင်ပါတီ အဖြစ်မှ ဈာန်လျောလာသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသာ ရှိပါသည်။ အာဏာကို လက်လွှတ်ခဲ့ရသည့် မဆလ တဖြစ်လဲ တစညပါတီသည် ငွေအင်အား လူအင်အား အတောင့်တင်းဆုံး ဖြစ်သည်။ အင်အားကြီးပါတီ ဖြစ်၍ ရွေးကောက်ပွဲတွင် အနိုင်ရမည်၊ သို့မဟုတ် အဓိက အတိုက်အခံ ဖြစ်လာမည်ဟု စစ်တပ်က တွက်ဆ ထားပုံရပါသည်။ ထိုသို့ ဖြစ်လာလျှင် တစညနှင့် စစ်တပ် လက်ချင်းချိတ်ထားနိုင်မည်။ စစ်တပ်အနေနှင့် ကိုယ်ပိုင်ပါတီ မရှိသော်လည်း မဟာမိတ်ပါတီ ရှိနေမည့် သဘောဖြစ်သည်။
သို့သော် သမိုင်းက ထိုသို့ မဖြစ်ခဲ့ပါ။ ဒိုင်ကိုင်သူ စစ်တပ်သဘောကို နောကျေအောင် သိနေသော လူထုက လွှတ်တော်အတွင်း ပါတီချင်းအားပြိုင်မှု မပေါ်ပေါက်လာစေရန်n အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းကို ပုံအော၍ မဲပေးခဲ့သည်။ တစညမှာ သူရသည့်မဲများကို စုပေါင်းလိုက် လျှင် အဖွဲ့ချုပ်နောက်မှ ဒုတိယလိုက်သည် မှန်သော်လည်း အမတ်နေရာ ၁၀ ခုသာရ၍ လွှတ်တော် တွင်း၌ အတိုက်အခံနေရာကိုပင် မရနိုင်တော့ပါ။
ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရသည် တစညနှင့် အိုးစားခွဲကာ၊ ထာဝရ အာဏာဆွဲကိုင်ရေး လမ်းစဉ် ကို သူ့နည်းသူ့ဟန်ဖြင့် စတင်ခဲ့တော့သည်။ ပါတီတခုခုနှင့် မဟာမိတ် လုပ်ကာ အာဏာခွဲစားမည့် လမ်းစဉ်မှ စစ်တပ်ကိုယ်တိုင် နိုင်ငံရေးနယ်တွင် လွှမ်းမိုးချုပ်ကိုင်ရေး လမ်းစဉ်သို့ ပြောင်းလဲခဲ့သည်။
"နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေး" ဆိုသည့်အချက်ကို ပြောင်ပြောင်တင်းတင်း တောင်းဆိုလာသည်။ ဤအချက်ကို တောင်းဆို နိုင်ရေး အတွက် `အမျိုးသားညီလာခံ´ကို ဇွတ်တရွတ် ဖန်တီးခဲ့သည်။ တချိန်တည်းမှာပင် တောင်းဆို ချက်ကို ထောက်ခံပေးမည့် `ကြံ့ဖွံ့´ကို စစ်တပ်ပိုင်အဖွဲ့အစည်း အဖြစ် မဟားဒရား တည်ဆောက် ခဲ့သည်။
နအဖသည် လွှတ်တော်ခေါ်ယူရေးကို ငြင်းဆန်၍ အမျိုးသားညီလာခံကို ကျင်းပနိုင်ရန် သုံးနှစ်မျှ အချိန်ယူခဲ့ရသည်။ ညီလာခံကို အတွင်းအပြင် ဖိအားပေးခြင်းနှင့် အချိန်ဆွဲဆန့်ခြင်း ဗျူဟာများဖြင့် ကိုင်တွယ်ခဲ့သည်။ စင်စစ် ၉၆ ခုနှစ်တွင် အဖွဲ့ချုပ် နုတ်ထွက်လိုက်ချိန်မှ စ၍ အမျိုးသားညီလာခံမှာ အသက်မရှိသော အဆာသွပ်ရုပ်လုံးသက်သက် ဖြစ်သွားပြီ ဖြစ်သည်။
ညီလာခံက လျှောမွေးလေး ဖြစ်သွားချိန်တွင် ကြံ့ဖွံ့က ဘီလူး ဖြစ်လာခဲ့သည်။ သို့နှင့် ၁၄ နှစ်အကြာတွင် စစ်အစိုးရ၏ တောင်းဆိုချက်သည် ညီလာခံ၏ အခြေခံမူအဖြစ် မွေးဖွားလာပြန်သည်။
ယခု အဆိုပါတောင်းဆိုချက်ကို လူထုဆန္ဒခံယူခြင်းသည် စစ်အစိုးရကိုယ်တိုင် `ထိုးသား´ ဖြစ်လာ ခြင်းပင် ဖြစ်သည်။ စစ်အစိုးရ ဒိုင်ကိုင်စဉ်က ပါတီများကို လွှတ်တော်သက်တမ်း `တကြိမ်စာ´ အတွက် ယှဉ်ပြိုင်ခိုင်းခဲ့သည်။ စစ်အစိုးရကိုယ်တိုင် ထိုးသားဝင်လုပ်သည့် ယခုအခါတွင် လွှတ်တော် သက်တမ်း `တသက်စာ´ အတွက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ ပြင်ဆင်နေသည့် ဆန္ဒခံယူပွဲသည် ပြင်ပအသွင် သဏ္ဌာန်အားဖြင့် "ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး" ဖြစ်ပြီး၊ အတွင်းအနှစ်သာရအားဖြင့် "စစ်တပ်အုပ်ချုပ်မှုဥပဒေ အတည်ပြုရေး" ဖြစ်နေပါသည်။
ထိုးသားဖြစ်လာသည့် နအဖသည် အနိုင်ရရေးအတွက် နည်းလမ်းမျိုးစုံကို အိတ်သွန်ဖာမှောက် ထုတ်သုံးမည် အသေအချာ ဖြစ်သည်။ ဘယ်နည်းနဲ့ နိုင်နိုင်, နိုင်ရင်ပြီးရော ဆိုသည့် စိတ်နှင့် မတရားမှုအပေါင်း သရဖူဆောင်းကြမည် ဖြစ်သည်။ ထိုကိစ္စအားလုံးကို ကြံ့ဖွံ့အမည်ခံ၍ လုပ်ကိုင်နေကြပြီ ဖြစ်သည်။
ကန့်ကွက်မဲအလွန်
ယခုပွဲတွင် `ဒိုင်´ မရှိတော့ပါ။ အကြောင်းမှာ နအဖသည် `သူပဲ ဒိုင်, သူပဲ ထိုးသား´ အဖြစ် ရယူထား သောကြောင့် ဖြစ်သည်။ ဆန္ဒခံယူပွဲအတွင်း တစုံတရာ ပြဿနာပေါ်ပေါက်ပါက တိုင်ကြားဖြေရှင်းရန် `တရားရုံး´ လည်း မရှိတော့ပါ။ အကြောင်းမှာ နိုင်ငံတော်တရားသူကြီးချုပ် ကိုယ်တိုင် ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ နေရာယူထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆန္ဒခံယူပွဲသည် တဖက်နှင့်တဖက် `ပွဲပြတ်´ ဖြစ်ကိုဖြစ်မှရမည့် အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ ပွဲမပြတ်လျှင် အခြေအနေက ပိုမိုရှုပ်ထွေးနိုင်ပြီး `ကင်ညာ ပြီးတော့ မြန်မာ´ ဖြစ်သွားနိုင်ပါသည်။
ထိုအချက်ကို နအဖကလည်း လက်ခံထားပုံရသည်။ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူထားသူကိုယ်တိုင် ထောက်ခံမဲထည့်ရေး စည်းရုံးနေသည်ကို ထောက်လျှင် သူတို့ဘက်က ထောက်ခံမဲ အပြတ်ရရေးအတွက် မသေချာသေးဟု တွက်ဆနိုင်ပါသည်။ သို့မဟုတ် စိတ်ချသေချာအောင် ၀ါယမစိုက်ထုတ်နေသည်ဟုလည်း ဆိုနိုင်ပါသည်။ သို့မဟုတ် ဒီတကြိမ် ရှုံးလျှင် ငါတို့ ဇီဝိန်ချုပ် လိမ့်မည်ဟု စစ်အစိုးရ လိပ်ပြာလန့်နေတာလည်း ဖြစ်နိုင်ပါသည်။
ညီလာခံက ချမှတ်လိုက်သော အခြေခံမူ၏ အဓိကကျသော အချက်နှစ်ချက်ကို အခြေခံဥပဒေ မူကြမ်းတွင် ပြင်ထားလိုက်ခြင်းက နအဖသည် အလွန်အမင်း ကြောက်စိတ်ဝင်နေကြောင်း ဖော်ပြနေသည်။ ပုဒ်မ ၄၄၁ တွင် အခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ၂၆ ရာခိုင်နှုန်းလိုအပ်ကြောင်း ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၄၃၆ (က) တွင် အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲ (ရာနှုန်း ၁၀၀) လိုအပ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ထိုအချက်များမှာ ဒီမိုကရေစီစနစ်နှင့် ညီညွတ်ဖို့ နေနေသာသာ အမျိုးသားညီလာခံက ချမှတ်ပေးလိုက်သော အခြေခံမူနှင့်ပင် မညီညွတ်တော့ပါ။ ထိုအချက်က နဂိုက ထောက်ခံချင်သူများကိုပင် ကန့်ကွက်အောင် တွန်းပို့ပေးလိုက်နိုင်ပါသည်။
မြန်မာလူထု အများစုက စစ်အစိုးရကို မလိုလားတာ အသေအချာ ဖြစ်သည်။ သို့သော် ထောက်ခံရမှာလား ကန့်ကွက်ရမှာလား မသဲမကွဲ ဖြစ်နေသည်။ လူထုအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် အချက်အလက် ပြည့်ပြည့်စုံစုံ မရသေးပါ။ ရသည့်တိုင်အောင် အချိန် မလုံလောက်ပါ။ လုံလောက်သည့်တိုင်အောင် ရှင်းလင်းဆွေးနွေးခွင့် ရနိုင်မည် မဟုတ်ပါ။ ယခု ဧပြီ ၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကို ကန့်ကွက်မဲထည့်ရန် အတိအလင်း နှိုးဆော်လိုက်ပြီ ဖြစ်၍ သဲသဲကွဲကွဲ ဖြစ်သွားပြီ ဖြစ်သည်။ မှောက်ရေး မည်းရေး ကိစ္စလည်း အဆုံးသတ်ပြီဟု ဆိုနိုင်ပါသည်။ သပိတ်မှောက်စရာ ရှိခဲ့လျှင် ကန့်ကွက်မဲထည့်ပြီးမှ မှောက်ကြရန် ပြင်ဆင်ထားဖို့ ဖြစ်သွားပါသည်။
ကန့်ကွက်မဲလှုပ်ရှားမှု ကျယ်ပြန့်လာသည်နှင့်အမျှ လူထုယုံကြည်မှုနှင့် ဆုံးဖြတ်ချက် ပီပြင်ခိုင်မာလာမည် ဖြစ်ပါသည်။ လူထုအနေနှင့် ပွဲပြတ်မှ ဖြစ်မည်ကို သိလာလေလေ ကန့်ကွက်မဲတွေ များလာလေလေ ဖြစ်ပါသည်။ ကန့်ကွက်မဲသည် ဒီမိုကရေစီကို အပြီးသတ် ဆွတ်ချူပေးမည် မဟုတ်သည့်တိုင် ပန်းတိုင်ဆီသို့ တိုး၍လျှောက်လှမ်းလိုက်သည့် ခြေတလှမ်း ဖြစ်သည်။ ထိုအချက်ကို လူထုအနေနှင့် ကောင်းစွာ နားလည်လာလေလေ ကန့်ကွက်မဲတွေ များလာလေလေ ဖြစ်ပါသည်။ အရေးကြီးဆုံး အချက်မှာ ဆန္ဒမဲလက်မှတ်ကို လုံခြုံလွတ်လပ်စွာ ရေးခြစ်နိုင်ခွင့် ရဖို့ပင် ဖြစ်ပါသည်။
ကန့်ကွက်မဲတွေ အများစု ဖြစ်ပြီဆိုလျှင်…
အချို့က ကန့်ကွက်မဲထည့်လိုက်လျှင် နအဖက ဒီအတိုင်း ဆက်လက်အုပ်ချုပ်သွားလိမ့်မည်ဟု ပြောကြ ပါသည်။ ထိုစကားမှာ ထောက်ခံမဲထည့်ရန် မလှိမ့်တပတ် စည်းရုံးသော စကားသာ ဖြစ်ပါသည်။ အချို့က ဒီဥပဒေကို ကန့်ကွက်လျှင် နောက် ဥပဒေတခုကို ထပ်ရေးလိမ့်ဦးမည်၊ အချိန်ဆွဲထားလိမ့်ဦး မည်ဟု ပြောကြပါသည်။ ထိုစကားမှာလည်း ထောက်ခံမဲရရန် ဆင်ခြေပေးခြင်း တမျိုးသာ ဖြစ်ပါသည်။ ထိုစကားမျိုး ပြောသူတို့မှာ ရှေ့ဘာဖြစ်မည် အသေအချာ မသိဘဲ ကိုယ်ထင်ရာ ဗရမ်းဗတာ လျှောက် ပြောခြင်းသာ ဖြစ်ပါသည်။
ကန့်ကွက်မဲအလွန်တွင် ဘာတွေဖြစ်မည်ကို မည်သူမျှ တပ်အပ် မပြောနိုင်ပါ။ ကန့်ကွက်မဲ ဖြစ်ခဲ့လျှင် ဘာလုပ်မည်ဟု ရေးသားထားသော ဥပဒေလည်း မရှိ။ ယုံကြည်ရလောက်သည့် အခြေအနေမျိုးလည်း မရှိ။ နအဖကလည်း ဘာမျှ မပြော။
သို့သော် ပြောနိုင်တာတခုတော့ အသေအချာ ရှိပါသည်။ ယင်းမှာ "မြန်မာပြည်သူလူထုက စစ်အစိုးရ တောင်းဆိုချက်ကို အကြွင်းမဲ့ ပယ်ချလိုက်သည်" ဟု ကမ္ဗည်း မော်ကွန်း စိုက်ထူနိုင်မည်။ လက်နက်ကိုင် စစ်အစိုးရကို လက်နက်မဲ့ ပြည်သူများက နှလုံးရည်ဖြင့် အောင်နိုင်မည်။ နအဖသည် လူထုမလိုလား လက်မခံသော တရားမ၀င် အစိုးရဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာနိုင်မည်။
ဒါ နောက်ဆုံးလား
လူထု ထည့်မည့် ကန့်ကွက်မဲသည် `အခြေခံဥပဒေကို ကန့်ကွက်ခြင်း´ ဆိုသည်ထက် ပိုလွန်စွာ "စစ်အစိုးရ ဖြုတ်ချရေး ဆန္ဒမဲ" အဖြစ်သို့ ရောက်ရှိသွားတော့မည် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် လူထုကန့်ကွက်မဲ အများစုရခဲ့လျှင် နအဖ၏ ဖ၀ါးခုနစ်လှမ်း နိုင်ငံရေး အစီအစဉ်ကြီးသည် တုံ့ခနဲ ရပ်တန့်သွားမည် ဖြစ်သည်။ လူထုက `ရပ်´ ဟု တားမြစ်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် စစ်အစိုးရ တောင်းဆိုထားသည့် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး" ကို မြန်မာလူထုက `ခွင့်မပြု´ ဟု အဓိပ္ပာယ်ထွက်ပါသည်။
ဤတွင် အဖွဲ့ချုပ်၏ ပြည်သူသို့ ပန်ကြားချက်ပါ အပိုဒ် ၄ ကို အထူးသတိပြုသင့်သည်ဟု ထင်ပါသည်။
၎။ နိုင်ငံတော်ကို အုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူထု ထောက်ခံမှု မရရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိနိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာသမိုင်းများက သက်သေထူလျက် ရှိသည်။
ထိုအချက်က ဆန္ဒခံယူပွဲသည် ဥပဒေကိစ္စမျှသာ မဟုတ်၊ စစ်အစိုးရ ဆက်လက် တည်ရှိရေး မရှိရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ဖော်ပြနေပါသည်။ ဥပဒေထဲတွင်ပါသည့် အနာဂတ်၌ စစ်တပ် ဦးဆောင်မှုကို လူထုက မထောက်ခံဘူး ဆိုသည်မှာ၊ ယခု အုပ်ချုပ်နေသည်ကိုလည်း လက်မခံဟု ဆိုလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူထုအနေဖြင့် ဥပဒေကို ကန့်ကွက်မဲ ပေးခြင်းသည် `နအဖ အလိုမရှိ´ဟု ကြွေးကြော်လိုက်ခြင်းပင် ဖြစ်သည်။ မဲစာရွက်များဖြင့် ဖော်ပြလိုက်သော ကြွေးကြော်သံ က စစ်အစိုးရ ဆက်လက်တည်မြဲမှုကို အကြီးအကျယ် ကိုင်လှုပ်နိုင်မည်ဟု အဓိပ္ပာယ် ကောက်ယူနိုင်ပါ သည်။
အကယ်၍ စစ်အစိုးရကို စိမ်ခေါ်နိုင်လောက်သည့် ကန့်ကွက်မဲ မရလျှင် `အဆိုးဆုံး´ အခြေအနေနှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။ အလုံးစုံ ပျက်သုဉ်းရေးလား၊ အလုံးစုံ ပြောင်းလဲရေးလား ဝေခွဲရန်မလွယ် သေးပါ။ ဒီတပွဲမှာ လူထုဘက်က စွန့်စားရမှာတွေ အများအပြား ရှိသလို၊ နအဖဘက်မှာလည်း စွန့်စားစရာတွေ ဒုနှင့်ဒေး ရှိနေပါသည်။
လောလောဆယ်တွင် နအဖက ဖ၀ါးခုနစ်လှမ်း လမ်းစဉ်အတိုင်း အပြင်းအထန် ချီတက်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုပွဲကို အရန်လမ်းစဉ် သို့မဟုတ် ချွေးသိပ်သည့်လမ်းစဉ် အဖြစ် လုပ်ဆောင်နေသည်။ အကယ်၍ ကန့်ကွက်မဲကြောင့် သူ့အစီအစဉ်ကို ဖ၀ါးလေးလှမ်းမြောက်တွင် ရပ်ပေးရလျှင် အရန်လမ်းစဉ်ကို ပိုမိုချဲ့ထွင်၍ အခြေအနေကို ထိန်းထားနိုင်အောင် ကြိုးစားမည်ဟု ယူဆရပါသည်။
နိုင်ငံတကာနှင့် မြန်မာ့သမိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိခဲ့သည်မှာ အစိုးရတရပ်သည် အလွန်အမင်း အကြပ်အတည်းနှင့် ရင်ဆိုင်ရလျှင် အပြောင်းအလဲ တခုကိုတော့ လုပ်ကြရစမြဲ ဖြစ်သည်။ မှောက်ထားသော ရေခွက်ကို ဆွဲလှန်လိုက်သလို အားလုံး ပြောင်းသွားမည်ဟု မမျှော်လင့်ပါ။ သို့သော် အလွန်ခေါင်းမာသော စစ်ဗိုလ်ချုပ်ကြီးများသည် သူတို့ အဖေကြီး ဗိုလ်နေ၀င်း၏ လမ်းစဉ်မျိုးလောက်တော့ ပြောင်းနိုင်ကောင်းသည်ဟု မရဲတရဲ ယူဆမိပါသည်။
အမြင့်ဆုံး အပြောင်းအလဲမှာ ဗိုလ်သန်းရွှေနှင့် ထိပ်ပိုင်းလူအချို့ ကန့်လန့်ကာနောက်သို့ ၀င်သွားခြင်း မျိုးဖြစ်နိုင်ပါသည်။ အနိမ့်ဆုံး အပြောင်းအလဲမှာ ဆန္ဒခံယူပွဲကို တာဝန်ခံရသူတို့ ဓားစာခံအဖြစ် ထိုးကျွေး ခံရဖွယ် ရှိပါသည်။ ပြယုဂ်ဖြစ်သည့် လူအပြောင်းအလဲများနှင့်အတူ နိုင်ငံရေး အစီအစဉ်သစ်တရပ်ရပ် ပေါ်ထွက်လာနိုင်ပါသည်။ သို့သော် ရှေ့သို့လမ်းစဉ်လား၊ နောက်သို့လမ်းစဉ် လား ဆိုသည်ကတော့ တိုင်းပြည်၏ ကံကြမ္မာပေါ်တွင် မူတည်နေပါသည်။
ကံကြမ္မာကို ကန့်ကွက်မဲက မွေးဖွားပေးမည်ဟု ယုံကြည်မိပါသည်။ ။