Wednesday, April 2, 2008

ရဟန်းခံပွဲတွင် ရဟန်း ၇ ပါးအထိသာ ခွင့်ပြု

မြင့်မောင်
မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ နှစ်စဉ် မြန်မာ့ရိုးရာ အတာသင်္ကြန်၌ ကျင်းပမြဲ ဖြစ်သည့် ဒုလ္လဘ ရဟန်းခံပွဲတွင် ရဟန်း ၇ ပါးအထိသာ ဝတ်ခွင့်ရှိသည် ဟူ၍ ဒဂုံမြို့သစ် တောင်ပိုင်းရှိ ကျောင်းတိုက်များကို အာဏာပိုင်များက ကန့်သတ်လာခဲ့သည်။
ဒဂုံမြို့သစ် တောင်ပိုင်းတွင် ဒုလ္လဘ ရဟန်းခံပွဲ လုပ်ရန် အကြောင်းကြားစာကို အာဏာပိုင်များထံ ယခုလ ၁၅ ရက်က တင်ပြခဲ့ရာ ရက်အနည်းငယ် အကြာတွင် သံဃာ့နာယက ဆရာတော်များမှ တဆင့် အာဏာပိုင်များက ရဟန်းခံခွင့်ကို ၇ ပါး အထိသာ ခွင့်ပြုသည်ဟူ၍ နှုတ်မိန့်နှင့် ကန့်သတ် ချုပ်ချယ်လာခြင်း ဖြစ်သည်။
“ဒဂုံတောင်ပိုင်းက ကျောင်းတိုက်တွေမှာ တတိုက်ကို ၇ ပါးသာ ဒုလ္လဘ ရဟန်းဝတ်ခွင့် ပြုတာတွေ ဖြစ်လာတယ်။ အဲဒါကို ဘယ်သူက ညွှန်ကြားလဲဆိုတော့ ရပ်ကွက်အလိုက် ကျောင်းတိုက်တွေမှာ ပြောကြားထား တာတွေ ရှိတယ်” ဟု ဒုလ္လဘ ရဟန်းခံပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ ကိုဝင်းဝင်းက ဆိုသည်။
ဒဂုံမြို့သစ်တောင်ပိုင်းတွင် ကျောင်းတိုက်ပေါင်း ၃ဝ ခန့်ရှိသည်။
သံဃာလူထု မေတ္တာသုတ်ရွတ်ဆို လမ်းလျှောက်ခဲ့သည့် စက်တင်ဘာလ နောက်ပိုင်း အာဏာပိုင်များက ရဟန်းသံဃာများအပေါ် အရိပ်တကြည့်ကြည့်နှင့် အမျိုးမျိုး ကန့်သတ် ချုပ်ချယ်လာသည်ဟု သူက ဆက်ပြောသည်။
“ဘာသာရေးအရ ဗုဒ္ဓဘာသာဝင်တွေကို ရုပ်ပိုင်းဆိုင်ရာ သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ သော်လည်းကောင်း၊ အကျင့်ပိုင်းဆိုင်ရာ သော်လည်းကောင်း နည်းမျိုးစုံနဲ့ အာဏာပါဝါတွေ ပြပြီး ဆောင်ရွက်လာတဲ့ အတွက် ဓမ္မစက်ကို အာဏာစက်နဲ့ လွှမ်းမိုးလာတာ ဖြစ်တယ်။ ဗုဒ္ဓဘာသာ၊ သာသနာကို ညှိုးနွမ်းစေအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ခံစားရပါတယ်” ဟု အခြား အဖွဲ့ဝင်တဦးက ပြောတယ်။
ဒုလ္လဘ ရဟန်းခံသည့် စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ကန့်သတ်ချုပ်ချယ်မှု မရှိဘဲ လွတ်လပ်စွာ လုပ်ဆောင်လာခဲ့သည်မှာ ၁၂ နှစ်ခန့်ရှိလာပြီ ဖြစ်သော်လည်း ယခုနှစ်တွင် လော်စပီကာ (အသံချဲ့စက်) ကို သုံးခွင့်မပေးဘဲ Sound Box ကိုသာ သုံးခိုင်းခြင်းနှင့် ရဟန်းခံမည့် သံဃာကိုလည်း ၇ ပါးထိသာ ခွင့်ပြုလာသည်အထိ အာဏာပိုင်များက ကန့်သတ် ချုပ်ချယ်လာသည်။
“ကျနော်တို့ ရပ်ကွက်က စုပေါင်း ရဟန်းခံရှင်ပြုပွဲက ဒီနှစ်ဆိုရင် ၁၂ နှစ်ရှိပြီဗျာ။ သံဃာကို အကန့်အသတ် လုပ်တယ်ဆိုတာတွေ အရင်နှစ်တွေတုန်းက မရှိခဲ့ဘူးဗျာ။ ၂ဝဝ၈ မှာမှ သူတို့ကို အကြောင်းကြားရမယ်။ သူတို့ကို ငွေကြေးရှင်းတမ်းတွေ တင်ပေးရမယ်ဆိုပြီး လုပ်လာတာ” ဟု ဒဂုံမြို့သစ် တောင်ပိုင်းမှ ဒေသခံတဦးက ပြောသည်။
အာဏာပိုင်များက ကန့်သတ်ဦးရေဖြင့်သာ ရဟန်းဝတ်ခွင့်ပြုမည် ဆိုသော်လည်း စက်တင်ဘာ သံဃာလူထု မေတ္တာသုတ်ရွတ်ဆိုပွဲတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် မဂ္ဂင် ၅ ပါး ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က ကျောင်းတိုက်တွင် အကန့်အသတ်မထားဘဲ ရဟန်းဝတ်ခွင့်ပေးမည် ဟူ၍ မိန့်ကြားထားသည်ဟု သိရသည်။

တပ်ချုပ်ကြီး လိမ်ညာနေဟု အတိုက်အခံများ တုံ့ပြန်

ဖနိဒါ
ချင်းမိုင်။ ။ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယနေ့ တပ်မတော်နေ့ မိန့်ခွန်းသည် တိုင်းပြည်ကို လိမ်ညာခြင်းသာ ဖြစ်သည်ဟု ပြည်တွင်း ပြည်ပ အတိုက်အခံများက ဝေဖန်လိုက်သည်။
စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ယနေ့ကျင်းပသော ၆၃ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်အစိုးရ အကြီးအကဲ မိန့်ခွန်းတွင် တပ်မတော်အစိုးရ၏ နိုင်ငံတော်အကျိုး သယ်ပိုးခဲ့မှုများနှင့် လာမည့် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပပြီးနောက် အရပ်သား အုပ်ချုပ်ရေးအဖွဲ့ကို အာဏာလွှဲပေးမည့် ကိစ္စများ ပါရှိလာသဖြင့် လိမ်ညာမှုအဖြစ် တုံ့ပြန်လိုက်ကြခြင်း ဖြစ်သည်။
နအဖ စစ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေစစ်အစိုးရ အကြီးအကဲက အာဏာအရပ်ရပ်ကို ပြည်သူ့ထံ ပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် တရံမလပ် ခံယူပြီး ရည်မှန်း ပြင်ဆင်ခဲ့ကြောင်းနှင့် တပ်မတော်သည် အာဏာကို မက်မောခြင်းမရှိဘဲ တာဝန်ယူရခိုက်တွင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မနားမနေ အပင်ပန်းခံပြီး ကြိုးပမ်း ခဲ့ကြောင်း ပြောကြားသည့်အပေါ် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်ကတည်းက ပြည်တွင်း၌ ပုန်းအောင်းနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က "တိုင်းပြည်ကို ဗြောင်လိမ်နေတယ်။ ပြည်သူတွေလည်း အားလုံးက အသိဆုံးပဲလေ။ အရပ်သား အစိုးရ အာဏာလွှဲမယ် ဆိုတာက စကားလုံးအရ ပြောနေတာပါ။ လွှဲမယ်ဆိုတဲ့ ဖွဲ့စည်းပုံ ဥပဒေကို ကြည့်ဗျာ၊ တအား ထင်ရှားပါတယ်" ဟု ပြောသည်။
သမိုင်းဝင် ဖက်ဆစ် တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အမည်ပြောင်းထားသော နှစ်ပတ်လည် အခမ်းအနားတွင် တသောင်းသုံးထောင်ခန့်ရှိသော ဂုဏ်ပြုတပ်ဖွဲ့များနှင့် တိုင်းပြည်သို့ တပ်မတော်ေ ခါင်းဆောင်က ၁၅ မိနစ်ကြာ မိန့်ခွန်း ပြောခဲ့သည်။
သူက ဖွဲ့စည်းပုံကို ရေးဆွဲပြီး ဖြစ်ရာ မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်အရ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပပြီး အရပ်သား အစိုးရသို့ အာဏာလွှဲပေးမည်ဟုလည်း ထည့်သွင်းပြောသည်။
အခမ်းအနားတွင် အသက် ၇၄ နှစ်အရွယ်ရှိ ဗိုလ်ချုပ်အိုကြီးနှင့်အတူ ကျန်းမာရေး ချူချာနေသည်ဟု သတင်းထွက်နေသော ဇနီးသည် ဒေါ်ကြိုင်ကြိုင်ကိုလည်း ခရမ်းရောင် ပန်းပွင့်ပါသော ဝတ်စုံနှင့် တွေ့ရသည်။
ဗိုလ်ချုပ်သန်းရွှေ၏ ယနေ့မိန့်ခွန်းတွင် လမ်းပြမြေပုံကို တပ်မတော်နှင့် ပြည်သူတို့ လက်ချင်းတွဲ အကောင်အထည်ဖော်ရေး၊ ပြည်တွင်း ပြည်ပ အဖျက်သမားများကို ချေမှုန်းသွားရေးတို့လည်း ထုံးစံအတိုင်း ပါဝင်နေသည်ဟု စစ်ရေးလေ့လာသူ ဦးဌေးအောင် က ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သော ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး သုတေသနအဖွဲ့ သုတေသန တာဝန်ခံ ဦးဌေးအောင်က "တပ်မတော်ကြီး ခေတ်မှီ တိုးတက်လာမှာကို မလိုလား၊ မရှုစိမ့်တဲ့ ပြည်တွင်း ပြည်ပ အင်အားစုတွေကနေ အမျိုးမျိုး နှောင့်ယှက် တားဆီးတာကိုလည်း တော်လှန်ရေး သတိရှိကြဖို့ တို့တာမျိုး၊ နောက်တချက်က လက်ရှိ နိုင်ငံရေး လမ်းပြမြေပုံကို တားဆီးမှုကိုလည်း ကာကွယ် ဟန့်တားသွားဖို့ ပြောသွားပါတယ်" ဟု ပြောသည်။
သူက ဆက်ပြီး စစ်အစိုးရ၏ လုပ်နေပုံသည် ပြည်သူ လူထုတရပ်လုံး အသက်တွေ ပေးပါဝင်ခဲ့သော ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းဝင်ကို တပ်မတော်တခုတည်းက တိုင်းပြည်ကို ကယ်တင်ခဲ့ရသည့် ပုံစံမျိုး ဖြစ်စေရန် ပုံဖျက်ခြင်း ဖြစ်သည်ဟု ပြောသည်။အရပ်ဘက်သို့ အာဏာလွှဲပေးမည် ဆိုသော ပြောဆိုချက်အပေါ် ဦးဌေးအောင်က "အရပ်သား အစိုးရ ဆိုပေမယ့်လည်း ပြည်သူလူထု သက်သက်မဟုတ်ဘဲနဲ့ ကြံ့ဖွံ့ကနေ ပြီးတော့ စစ်တပ် အလိုတော်ရိတို့၊ စစ်တပ်နဲ့ နီးစပ်တဲ့အဖွဲ့အစည်းတွေရဲ့ လက်ထဲ အာဏာလွှဲပေးမယ် ပြောဆိုတဲ့ သဘောမျိုး ဖြစ်နိုင်တာပေါ့" ဟု ပြောဆိုလိုက်သည်။
ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက "၂ဝ၁ဝ မှာ အရပ်သားကို အာဏာလွှဲအပ်မယ် ဆိုတာက သူတို့ ပြောနေတဲ့ လမ်းပြ မြေပုံအတိုင်းပဲပေါ့။ နှစ်ပေါင်း ၂ဝ လောက် အုပ်ချုပ်လာပြီးမှ ၂၂ နှစ်မြောက်ချိန်မှ အရပ်သားကို လွှဲပြောင်းပေးမယ် ဆိုတာတွေက ထပ်ခါထပ်ခါ သေသေချာချာ လိမ်တာ မဟုတ်ဘူး။ ညာတာ မဟုတ်ဘူး။ သန်းရွှေက တကယ်လုပ်မယ်ဆိုပြီး ပြောတာပေါ့နော်။ ... ကတိပေး နေတာ ပေါ့နော်။ ဒါပေမဲ့ လက်တွေ့မှာကတော့ ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ အတတ်ပြော လို့တော့ မရဘူးပေါ့နော်" ဟု ပြောသည်။
တပ်မတော်နေ့ အခမ်းအနားသည် စစ်အစိုးရလက်ထက်တွင် အခမ်းအနားဆုံးပြုလုပ်လေ့သော နိုင်ငံတော် အခမ်းအနားဖြစ်ပြီး နေပြည်တော်သို့ ပြောင်းရွှေ့ ကျင်းပသည်မှာ ယခုအခါ တတိယအကြိမ် ဖြစ်သည်။
ပြီးခဲ့သည့်နှစ် အခမ်းအနားသို့ နိုင်ငံခြား သတင်းထောက်များ တက်ရောက်ခွင့် ရခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်း သတင်းထောက်အချို့သာ တက်ရောက်ခွင့် ရခဲ့သည်။
ယမန်နေ့ ညနေပိုင်းက စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးက လာမည့် မေလဆန္ဒခံယူပွဲကို လွတ်လပ်ပြီး တရားမျှတသော ဆန္ဒခံယူပွဲ ဖြစ်စေရန် လုပ်ဆောင်သွားမည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

တိုင်းပြည်ကို တပတ်မရိုက်ခဲ့ ဟူသော စာတမ်း ဒေါ်စုအိမ်ရှေ့တွင် ကပ်ထား

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ 'တိုင်းပြည်အပေါ် ဘယ်အချိန်ကမှ တပတ်မရိုက်ခဲ့တဲ့ ပန်းချီကားကြီး' ဟူသည့် စာတမ်းကို ယနေ့ နေ့လည်ပိုင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းရှေ့တွင် ကပ်ထားခဲ့သည်။
အာဏာရ နအဖ စစ်ဗိုလ်ချုပ်များနှင့် မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ အကျင့်နှင့် လုပ်ရပ်များကို နှိုင်းယှဉ်ထားသည်ဟု သဘောရသည့် စာတမ်းကို နအဖ မှ တပ်မတော်နေ့ဟု ဆိုသော ယနေ့တွင် ကပ်ထားခြင်း ဖြစ်သည်ဟု ရန်ကုန် အန်အယ်ဒီ သတင်းရပ်ကွက်က ဆိုသည်။
'ဗိုလ်ချုပ်ရဲ့ ပုံတူ ပန်းချီလည်း ပါတယ်။ သူ ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီ' ဟု အဖွဲ့ချုပ် လူငယ်တဦးက မဇ္ဈိမကို ပြောသည်။
၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည့် ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကပ်ထားသော 'စုပေါင်းလုပ်မှ အောင်ရမည်' ဟူသည့် စာတမ်းကို ဖြုတ်ပြီး ယခုစာတမ်းကို ကပ်ထားခြင်း ဖြစ်သည်။
ဤစာတမ်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကပ်ခြင်း ဖြစ်မည်ဟု အဖွဲ့ချုပ်လူငယ်များက ယူဆနေသည်။
"အန်တီရဲ့ ခြံဝန်းရှေ့မှာ ကပ်ထားတဲ့ စာတမ်းမှန်သမျှ သူ ကပ်တာတွေချည်းပဲ။ တခြားလူကို သူ မခိုင်းတတ်ဘူး။ ဒါ့ကြောင့် သူ ကပ်တာလို့ ကျနော်တို့ ယုံကြည်တယ်" ဟု အဖွဲ့ချုပ်လူငယ်က ဆက်ပြောသည်။
လုံခြုံရေး တင်းကျပ်သည့် တက္ကသိုလ်ရိပ်သာလမ်းမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ကပ်ထားသော စာတမ်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားခြင်း ဟုတ် မဟုတ်ကိုမူ မဇ္ဈိမအနေနှင့် သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

လူ့အခွင့်အရေး စာတမ်း ဖြန့်ဝေသူများကို ထောင်ဒဏ် ၂ နှစ် ချမှတ်

ဖနိဒါ
ချင်းမိုင်။ ။ ရန်ကုန်မြို့တွင် လူ့အခွင့်အရေး ကြေညာစာတမ်းများ ဖြန့်ဝေသူ ၂ ဦးကို စစ်အစိုးရက ထောင်ဒဏ် ၂ နှစ် အပြစ်ပေးလိုက်သည်။
ကြည့်မြင်တိုင်မြို့နယ်မှ ကိုထွန်းမင်းအောင်နှင့် ကိုစန်းလွင်ဦး အား ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက လူထုကို အထိတ်တလန့် ဖြစ်စေမှု၊ ဆူပူအုံကြွမှု ဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွပ်စွဲကာ အာဏာပိုင်များက တရားစွဲဆို ထားပြီးနောက် ရုံးချိန်းပေါင်း အကြိမ် ၂ဝ ကျော် ချိန်းခဲ့ပြီးနောက်ပိုင်း ယမန်နေ့ ရုံးချိန်းတွင်မူ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
“တယောက်ကို ၂ နှစ်စီ ထောင်ချလိုက်တယ်။ မနေ့က ၃ နာရီလောက်မှာပါ” ဟု တရားခံ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက ပြောသည်။
“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တင်ပြ ဖော်ထုတ်သူတွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ရသင့် ရထိုက်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ အမှန်တကယ်ပဲ လူ့အခွင့်အရေး ကြေငြာစာတမ်းမှာ ပါတဲ့ ပြဆိုချက်တွေ၊ ညွှန်ပြချက်တွေနဲ့အညီ ရရှိခြင်း မရှိသေးပါဘူးလို့ ကျနော်က ဥပဒေ အမြင်အရ ပြောချင်ပါတယ်” ဟု သူက ထပ်ပြောသည်။
အဆိုပါ လူငယ်နှစ်ဦးသည် ၂ဝဝ၇ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေး အပေါ်ထပ်မှ လူ့အခွင့်အရေး ကြေငြာချက်စာတမ်းနှင့် စစ်အစိုးရကို ဝေဖန် ပုတ်ခတ်သည့် စာရွက်များ အစောင်ရေ ၁ဝဝ ခန့် ဖြန့်ကျဲခဲ့သဖြင့် လူထုအုံကြွမှု ဖြစ်စေရန် လှုံ့ဆော်မှု ဆိုကာ ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် သူတို့ကို အင်းစိန် အကျဉ်းထောင်တွင် ထောင်သွင်း အကျဉ်းချထားပြီး ရဲဘက်ခေါ် အလုပ်ကြမ်း စခန်းများသို့ ပို့မည့် အန္တရာယ်လည်း ကြုံတွေ့နေရသည်။
ကိုစန်းလွင်ဦး ဇနီး မလေးက “ကျမ အရမ်း ခံစားရပါတယ်။ ကျမမှာ နှလုံးရောဂါ ရှိတယ်။ စားဖို့နေဖို့အတွက် အားလုံး ဒုက္ခရောက် ကျပ်တည်းနေတယ်။ ကိုယ့်ဒုက္ခကိုယ် ခါးစည်းပြီး ခံနေရတယ်။ ဒါပေမဲ့ ကျမယောက်ျားက မဟုတ်တာ လုပ်တာ မဟုတ်ဘူး၊ မမှန်ကန်တာ လုပ်တာ မဟုတ်ဘူးဆိုတဲ့ သတ္တိတွေ မွေးပြီး ကြံ့ကြံ့ခံနေတာပါ။ တပတ်တခါ ရုန်းကန်ပြီး ထောင်ဝင်စာပို့ဖို့ ရုံးချိန်းမှာသုံးဖို့ ရှာဖွေပြီး လုပ်နေတာကို ဘယ်သူမှ မသိကြဘူး” ဟု ပြောသည်။
“အလုပ်ကြမ်းဘက် မဖြစ်အောင်တော့ လိုက်ရအုံးမယ်” ဟု သူက ဆက်ပြောသည်။
“စစ်အစိုးရဟာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တာတွေ လုပ်နေတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်း ကျော်လွန် ဆောင်ရွက်မှုတွေဟာ ဒီအမှုတွဲမှာ ကျော်လွန် ဆောင်ရွက်မှုတွေ တွေ့ရတယ်။ ဥပဒေထဲမှာ ဒီလို လုပ်ထုံးလုပ်နည်းတွေ မရှိဘူး။ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန် ဆောင်ရွက်လိုက်တာဟာ ပြည်သူ ပြည်သားတွေရဲ့ တရားမျှတမှုကိုပါ ထိပါးသွားစေတယ်။ ဥပဒေ အခွင့်အရေးတွေကိုလည်း ဆုံးရှုံးသွားစေပါတယ်” ဟု ကိုဖိုးဖြူက ပြောသည်။
သူတို့နှစ်ဦး ဖြန့်ကျဲခဲ့သည့် စာစောင်များတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ် ၃ဝ နှင့် ရွှေဝါရောင် တော်လှန်ရေးအတွင်း စစ်အစိုးရက သံဃာနှင့် ကျောင်းသားလူထုကို သတ်ဖြတ်သည့်အပေါ် “လူသတ်သမား၊ သာသနာဖျက်”၊ “မိစ္ဆာ တကိုယ်ကောင်း စစ်အာဏာရှင်စနစ်” စသည့် စကားလုံးများပါ ပါရှိသည်။
ရုံးချိန်းတွင် ကိုထွန်းမင်းအောင် က “ကျနော်ကိုယ်တိုင် မြင်ခဲ့၊ တွေ့ခဲ့၊ ကြားခဲ့၊ သိခဲ့ရတဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကြေးသွန်း ဘုရားကြီးရှေ့မှာ လူထုနဲ့ သံဃာတွေ အရိုက်နှက်ခံ၊ အကြမ်းဖက်ခံရတဲ့၊ မှန်တာကို မှန်တဲ့အတိုင်း၊ မြင်တဲ့ အတိုင်း၊ ကြားတဲ့ အတိုင်း ပြည်သူကို သိစေချင်တဲ့ အတွက်ကြောင့် ရေးပြီးတော့ ဆန္ဒထုတ်ဖော်တာ” ဟု တရားရုံးတွင် ဝန်ခံစကားပြောခဲ့သည်။
ထို့အပြင် လူ့အခွင့်အရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် လှိုင်သာယာမြို့နယ်မှ ဦးကံမြင့်ခေါ် ဦးမောင်မောင်မြင့်၊ တောင်ဒဂုံမြို့နယ်မှ ကိုညိုဝင်း၊ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှ ကိုဖိုးတုတ်ခေါ် ကိုခင်မောင်ချို တို့ကိုလည်း ပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲဆိုထားသည်။

လက်နက်များနှင့် ဖမ်းမိသူသည် မကဒတ တပ်ဖွဲ့ဝင် မဟုတ်ဟု ငြင်းဆို

သန်းထိုက်ဦး
Thursday, 27 March 2008 16:39 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ နေအိမ်အတွင်း လက်နက်များ တွေ့ရှိသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ၏ တပ်သားဟောင်းတဦး မဟုတ်ကြောင်း မကဒတ က ယနေ့ ငြင်းဆိုလိုက်သည်။
ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဒေသခံ ရဲ ၊ ရယတ၊ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) အဖွဲ့ဝင် ၃ဝ ခန့်က လာရောက် ဖမ်းဆီးသွားသော ပဲခူးတိုင်း ပြည်မြို့နယ် ခရမ်းကုန်းရပ်ကွက်မှ ကိုအေးထွန်းဇော်နှင့် ပတ်သက်သော ကောလာဟလများအပေါ် မကဒတ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်းက ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
"ကျနော်တို့ အဖွဲ့အစည်းမှာ မှတ်တမ်း စာရင်းဇယားတွေ ရှိတယ်လေ။ တပ်ဖွဲ့ဝင်ဆိုရင် တပ်ဖွဲ့ဝင် မှတ်တမ်းရှိတာပေါ့။ ကျနော်တို့ မှတ်တမ်းဝင်ထဲမှာ ဆိုလို့ အဖွဲ့အစည်းအနေနဲ့ အေးထွန်းဇော်ဆိုတာ တခါမှ မရှိခဲ့ပါဘူး။ အရင်ကလည်း မရှိခဲ့ဖူးပါဘူး" ဟု သူက ပြောသည်။
ယခုလ ၂၅ ရက်နေ့က ကိုအေးထွန်းဇော် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကြားသိသမျှကို အမည်မဖော်လိုသူ ဒေသခံတဦးက "မိသားစုဝင် အားလုံး ဖမ်းသွားတယ်။ အိမ်ကိုလည်း ချိတ်ပိတ်ထားတယ်။ စဖမ်းတဲ့နေ့က တနေ့လုံး စစ်ဆေးတယ်။ နောက်တနေ့လည်း ပြန်ရောက်လာပြီးတော့ စစ်ဆေးနေသေးတယ်။ စစ်ဆေးပြီးတော့ လမ်းထောင့်မှာလည်း လုံခြုံရေးရဲတွေ ချထားတယ်" ဟု ပြောသည်။
သူက "ယမ်းပျော့တွေကတော့ လတ်လတ်ဆတ်ဆတ် မဟုတ်ဘူးလို့ ကြားတာပဲ။ ဘာ့လို့လဲ ဆိုတော့ သူတို့ ဖမ်းမိတဲ့ အခါကျတော့ ထုပ်ထားတဲ့ အဝတ်တွေ ဘာတွေတောင် မြေကြီးထဲမှာ မြှုပ်ထားတာလေ။ ထုပ်ထားတဲ့ အထုပ်တွေတောင်မှ တော်တော်လေး ဆွေးနေပြီလို့ ကြားတယ်။ ဘယ်လိုကနေ မိသွားပြီးတော့ ဘယ်လိုလုပ် ဟိုဟာ ဖြစ်သွားသလဲတော့ ကျနော်တို့ မသိဘူးပေါ့" ဟု ပြောသည်။
ယင်းဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်ရာတွင် တာဝန်ကျ ရဲတဦးက အမှုကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆိုသည်။
အဖမ်းခံနေရသူ ကိုအေးထွန်းဇော်သည် မကဒတ ၏ တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်း ဖြစ်ကြောင်း သတင်းဌာနအချို့က ပြောဆိုကြသော်လည်း မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။