မဇ္ဈိမသတင်းဌာန
တိုးတက်သည့် လက္ခဏာအဖြစ် ၁၈ နှစ်အတွင်း ၁၂ နှစ်ခန့် အကျဉ်းကျခံခဲ့ရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မကြာခင်တွင် လွတ်မြောက်လာဖွယ် ရှိသည်ဟု ပါတီပြောခွင့်ရ ပုဂ္ဂိုလ်တဦးက ယနေ့ ပြောဆိုလိုက်သည်။
အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်းက ဖမ်းဆီးခံထားရသည့် ပါတီခေါင်းဆောင်ကို တွေ့ဆုံဆွေးနွေးပွဲ အစပြု လုပ်ဆောင်ရေး အတွက် ချွင်းချက်များဖြင့် မကြာခင်တွင် လွတ်မြောက်နိုင်သည်ဟု မဇ္ဈိမကို ပြောသည်။
“လတ်တလော အနေအထားက ကောင်းပါတယ်။ အခြေအနေ ကောင်းမှာပါ။ မနေ့က အမ (အောင်ဆန်းစုကြည်) အနေအထား ကောင်းပါတယ်။ မလွတ်သေးပါဘူး။ လွတ်ဖို့ နီးပါပြီ။ အခြေအနေ ကောင်းလာမှာပါ” ဟု သူက ပြောသည်။
“ကျနော့် ဖုန်းကိုတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ။ ဒီအချိန်မှာ ဒီ့ထက်ပိုပြီး အကျယ် မပြောနိုင်တာကိုတော့ ကျေးဇူးပြုပြီး နားလည်ပေးပါ။ ဒါပေမဲ့ အခြေအနေတွေက ကောင်းပါတယ်” ဟု ဦးမြင့်သိန်းက အစိုးရမှ တယ်လီဖုန်းကို ကြားဖြတ် နားထောင်ဖွယ် ရှိသည့် အခြေအနေကို ပြောသည်။
ပါတီပြောခွင့်ရ ပုဂ္ဂိုလ်၏ ယူဆချက်သည် သောကြာနေ့က ရန်ကုန်ရှိ အစိုးရ ဧည့်ဂေဟာတွင် ပါတီခေါင်းဆောင် ၄ ဦးနှင့် ဒေါ်အောင်ဆန်းကြည်တို့ တွေ့ဆုံပြီး နောက်တရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူမက စစ်အစိုးရနှင့်အတူ တိုင်းရင်းသားလူမျိုးများရေး ထည့်သွင်းစဉ်းစားသည့် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်တခု အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူသည်ဟု ပြောဆိုခဲ့ကြောင်း ယမန်နေ့က ဆွေးနွေးပွဲတွင် ပါဝင် တက်ရောက်ခဲ့သူ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလွင်က ပြောသည်။
Tuesday, November 13, 2007
လူထုခေါင်းဆောင် မကြာခင် လွတ်မြောက်ဖွယ်ရှိ
Posted by Ko Myint Maung at Tuesday, November 13, 2007 0 comments
ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်အပေါ် ကျနော့် အမြင်
ဆောင်းပါး
မိုးသီးဇွန်
နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ဒေါ်စုရဲ့ အသံကို ကြားရတာ ဝမ်းသာစရာ ကောင်းလှတယ်။ သူမရဲ့ ကျေညာချက်မှာ အရေးကြီးဆုံး အချက်က ၃ ချက် ပါတယ်။- ဆွေးနွေးပွဲဟာ အချိန်အကန့်အသတ် ရှိရမယ်၊ အဓိပ္ပာယ် ရှိရမယ်။ စစ်အစိုးရ အနေနဲ့ ဒါကို အဖြစ်နိုင်ဆုံး ဆောင်ရွက်ပါလို့ တိုက်တွန်းထားတယ်။- နိုင်ငံတော် အနာဂတ် တည်ငြိမ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဒီမိုကရေစီရေး တို့အတွက် ဒေသတွင်း တည်ငြိမ်ရေးကို မထိခိုက်စေချင်တဲ့ ဆန္ဒကို သူမ ထုတ်ဖော် ထားပါတယ်။- ဆွေးနွေးမှုအတွက် သူမကို အသိအမှတ်ပြု နားလည်မှု၊ ထောက်ခံမှုကို တောင်းဆိုထားတယ်။ တိုင်းရင်းသား အခန်းကဏ္ဍကို သူမအနေနဲ့ အလေးအနက်ထားကြောင်း ဖော်ပြထားတယ်။
မိမိအမြင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကို ကြည့်ရင် ဆွေးနွေးပွဲဟာ မစနိုင်သေးဘူး။ အရေးကြီးတဲ့ အချက်အလက်တွေကို ဘာမှ မဆွေးနွေးနိုင်သေးဘူး။ သူမရဲ့ စာဟာ ၁၉၉၃ ခုနစ် နအဖ ခင်ညွန့် လက်ထက်က အခြေအနေထက် နိမ့်ကျ နေသေးတယ်။ ၉၃ တုန်းက သတင်းစာတွေမှာ “မောင်နှမ အရင်းအခြာများ တွေ့ဆုံးခြင်း” လို့ သုံးတယ်။ ခင်ညွန့်က “ညီမလေးလို သဘောထားပါတယ်” လို့ သုံးခဲ့ပါတယ်။ ဒါပေမဲ့အလုပ်မဖြစ်ခဲ့ပါဘူး။
စစ်အစိုးရက ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထုတ်တဲ့ ဗျူဟာကို ခင်းကျင်းလာတယ်။ (ဂမ်ဘာရီကို မတွေ့တာ၊ ဝေဖန်တာ၊ ချားလ်ပက်ထရီးယားကို ဗီဇာ တိုးမပေးတော့တာ၊ မြန်မာပြည်မှာ ဆင်းရဲမှု Poverty ရှိနေတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ပြောဆိုချက်ကို လက်မခံတာ။)
ဒါပေမဲ့ ပြီးခဲ့တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လူထု လှုပ်ရှားမှုရဲ့ အကျိုးဆက်တွေ၊ ဖိအားတွေကို စစ်အစိုးရ ရိပ်မိတယ်။ - ပုဂံလေကြောင်း အရပ်ခံရတာ၊ နိုင်ငံခြားဘဏ်တွေက ငွေထုတ်ငွေသွင်း ခက်ခဲလာတာ၊ သြစတြေးလျားက ပိတ်ဆို့မှု လုပ်လာတာ။ စီးပွားရေး ပိတ်ဆို့မှုက သူတို့ကိုပါ ထိလာပြီဆိုတာ ရိပ်မိလာ။
စစ်အစိုးရ လုပ်လာနိုင်ချေ- ကုလသမဂ္ဂ အခန်းကဏ္ဍကို ဖယ်၊ အန်အယ်ဒီကို ပြန်ပြီး အရေးပေးသလိုမျိုး လုပ်လာနိင်တယ်။- ဒေါ်အောင်ဆန်းစုကြည်ကို သုံးပြီး ကုလသမဂ္ဂက အရေးယူမှုတွေကို ရှောင်လွှဲဖို့ လုပ်လာနိုင်တယ်။- လမ်းပြမြေပုံကို ပြန်လည် အသက်သွင်းနိုင်ဖို့ ကြိုးပမ်းလာနိုင်တယ်။
Posted by Ko Myint Maung at Tuesday, November 13, 2007 0 comments
သူတို့စကား
Posted by Ko Myint Maung at Tuesday, November 13, 2007 0 comments
သန်းရွှေ လူသတ်သမား၊ ရေကာတာ အလိုမရှိ စာတမ်းများ ရေးထိုး
မျိုးကြီး
No dam - Than Shwe Killer (‘ရေကာတာ အလိုမရှိ၊ သန်းရွှေ လူသတ်သမား’) ဟူသည့် စာတမ်းများကို ယခုလ ၁ဝ ရက်နေ့တွင် ကချင် ကျောင်းသားများက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူစည်ကားရာ နေရာများတွင် သင်္ဘောဆေး မှုတ်ဆေးဗူးများဖြင့် ရေးထိုးခဲ့ကြသည်။
စာတမ်းများကို ဗလမင်းထင် တံတားအနီး အုတ်နံရံ၊ အထက (၁) ကျောင်းအဝင်ဝရှိ တံခါး၊ အလက (၆) ကျောင်းတံခါး၊ အမှတ် (၁) ထောက်လှမ်းရေးရုံး ခြံဝင်းအနီး အုတ်နံရံ၊ နာရီစင်၊ ဧရာဝတီ မြစ်ဘေးတလျှောက်ရှိ အုတ်နံရံများနှင့် တပ်ကုန်း ရန်လုံကျောင်း ရှေ့နံရံတွင် မြစ်ကြီးနား အခြေစိုက် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ AKSU မှ ရေးထိုးခဲ့ခြင်း ဖြစ်သည်။
“Campaign ကို ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားအဖွဲ့က လှုပ်ရှားတာပေါ့။ No dam - Than Shwe Killer ဆိုတဲ့ စာတမ်းတွေကို တနေ့က ညနေပိုင်းမှာ မြစ်ကြီးနားမြို့ နေရာ ၇ နေရာက အုတ်နံရံတွေမှာ မှုတ်ဆေးဗူး အနီရောင်တွေနဲ့ လိုက်မှုတ်တယ်” ဟု အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကချင်လူငယ်တဦးက မဇ္ဈိမကို ရှင်းပြသည်။
မြစ်ကြီးနား ဒေသခံ အချို့က No dam - Than Shwe Killer စာတမ်းများကို တွေ့မြင်ခဲ့ကြသည်ဟု ဆိုကာ၊ အချို့ ကလည်း သတင်း မီဒီယာများမှ တဆင့် ကြားသိရသည်ဟု ပြောဆိုကြသည်။
စာတမ်းများ ရေးထိုးပြီး နောက်ရက်တွင် ဒေသအာဏာပိုင်များက စာတမ်းများကို ထုံးဖြူများ သုတ်လူးကာ လိုက်လံ ဖျက်ပစ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။
စာတမ်းများ လိုက်လံ ရေးထိုးရသည့် ရည်ရွယ်ချက်ကို AKSU တာဝန်ရှိသူက “ဗမာပြည်မှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ထောက်ခံတယ်။ ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့ သွေးစည်း ညီညွတ်ရေးကို ပြချင်တယ်။ ဧရာဝတီ မြစ်ဆုံမှာ ဆောက်နေတဲ့ ရေကာတာ ကိစ္စကို လုံးဝဆန့်ကျင်တယ်။ ကျနော်တို့ ဆန့်ကျင်တာကို ပြည်သူလူထုကလည်း ပူးပေါင်း ပါဝင်လာဖို့၊ နောက်ပြီး ဒီ ဆောက်နေတဲ့ ကုမ္ပဏီတွေကိုလည်း သိစေချင်တာပေါ့ဗျာ” ဟု ပြောသည်။
ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေးအတွက် နအဖ အမှတ် ၁ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနသည် တရုတ်နိုင်ငံမှ China Power Investment Corporation - CPI နှင့် ပူးပေါင်း ဆောင်ရွက်ကာ လျှပ်စစ်ဓာတ်အား ၁၃၃၆ဝ မီဂါဝပ် ထုတ်လုပ် သွားမည်ဟု စစ်အစိုးရက ပြောထားသည်။
ဧရာဝတီမြစ် အထက်ပိုင်း မြစ်ဆုံနေရာ ဖြစ်သည့် မေခနှင့် မေလိခ မြစ်အောက်ဘက်တွင် ရေအားလျှပ်စစ် စက်ရုံနှင့် ရေကာတာ ဆောက်လုပ်ရေး အတွက် Myanmar Asia World ကုမ္ပဏီက လမ်းဖောက်၊ တောင်ဖြိုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
ရေကာတာကြောင့် ကချင်ပြည်နယ်နှင့် ဧရာဝတီမြစ် အောက်ပိုင်းတွင် ရေကြီး၍ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် လာနိုင်သော်လည်း စစ်အစိုးရမှ လိုအပ်သည့် ထောက်ပံ့ ကူညီမှုများ စနစ်တကျ ပေးနိုင်မည်မဟုတ်ဟု ဒေသခံများက ဆိုသည်။
AKSU အဖွဲ့ကမူ စီမံကိန်းအကြောင်း ပြည်သူလူထုထံမှ သင့်လျော်ခြင်း ရှိ၊ မရှိ သဘောထား မေးမြန်းခြင်း မရှိသလို၊ ရေကာတာ နေရာသည် စစ်ကိုင်းတိုင်းရှိ ငလျင်ကြောနှင့် နီးကပ်နေပြီး ဆောက်လုပ် ပြီးစီးပါက မြစ်ဆုံနေရာ ပျောက်သွားမည် ဖြစ်ကာ ကျေးရွာ ၄ဝ ကျော် ရေအောက် နစ်မြုပ်သွားကာ ဒေသခံ တသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေနိုင်သည်ဟု ဆိုသည်။
သည့်အပြင် မြစ်ဆုံ ပျောက်သွားသဖြင့် ကချင်လူမျိုးများ၏ သမိုင်းဆိုင်ရာ အချက်အလက်များ ပျောက်သွားမည် ဖြစ်သလို ယခုစီမံကိန်းမှ နအဖ စစ်အစိုးရကို တနှစ်လျှင် ဒေါ်လာ သန်း ၅ဝဝ ဝင်ငွေ ရရှိစေနိုင်သဖြင့် စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်ရန် ထောက်ပံ့ပေးသလို ဖြစ်နေသဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်သည် ကချင်ပြည်နယ် တခုတည်းနှင့်သာ သက်ဆိုင်ခြင်း မရှိဘဲ တနိုင်လုံးနှင့် သက်ဆိုင်နေသဖြင့် နအဖ ၏ အစီအစဉ်များ ရပ်ဆိုင်းသွားသည် အထိ နည်းလမ်း ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ဆက်ပြောသည်။
Posted by Ko Myint Maung at Tuesday, November 13, 2007 0 comments
အမေရိကန် သမတ ရုပ်ပုံကို ညီလာခံ ထောက်ခံပွဲတွင် မီးရှို့
မျိုးကြီး
ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ကျင်းပခဲ့သည့် နအဖ ညီလာခံ ထောက်ခံပွဲ၌ အမေရိကန် သမတ၏ ဓာတ်ပုံကို အာဏာပိုင်များက မီးရှို့ဖျက်ဆီးပြခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့ ရပ်ကွက် ၁၆ ခုနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၃၇ ရွာမှ မလိုက်မနေရ ဆင့်ခေါ်ထားသည့် လူအင်အား တသောင်းခန့်ရှိသော နအဖ ညီလာခံ ထောက်ခံပွဲ တရပ်တွင် ကြံ့ဖွံ့နှင့် ရဲတပ်ဖွဲ့ဝင်များက အမေရိကန် သမတ ဂျော့ဒဗလျူဘုရှ်၏ ရုပ်ပုံကားချပ်ကြီးကို ယနေ့ နံနက်ပိုင်းက မီးရှို့ ဖျက်ဆီးပြခဲ့ခြင်း ဖြစ်သည်။
“ပြည်သူတွေက အမေရိကန်ကို ဆန့်ကျင်နေကြတယ် ဆိုတာမျိုး ဖြစ်အောင် လုပ်တာပါ။ တကယ်က မီးရှို့တဲ့ သူတွေက အရပ်ဝတ်နဲ့ လိုက်လာတဲ့ ရဲတွေ။ ဒီလိုလုပ်ဖို့ အကြံပေးတာက ကြံ့ဖွတ်က ကျော်မြင့်၊ ပန်ဆေး ကျော်မြင့် မဟုတ်ဘူး” ဟု ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။
အမေရိကန်သမတ ဓာတ်ပုံကို မီးရှို့ဆန္ဒပြသည့် အစီအစဉ်ကို နမ့်ခမ်းမြို့ ကြံ့ဖွံ့ ခေါင်းဆောင်တဦး ဖြစ်သည့် ဖရန်စစ် ဟော်တည်ပိုင်ရှင် ဦးကျော်မြင့်က အကြံပေးခဲ့ခြင်း ဖြစ်ပြီး အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်များက မီးရှို့ပြခဲ့ခြင်း ဖြစ်သည်ဟု အခြား ဒေသခံ တဦးကလည်း ပြောဆိုသည်။
ညီလာခံထောက်ခံပွဲ ဖြစ်မြောက်ရေးအတွက် နမ့်ခမ်း မယက ဥက္ကဌ ဦးတင်နိုင်မှ ဦးဆောင်ကာ ယခုလ ၉ ရက်နေ့က ရယက ဥက္ကဌများနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ရပ်ကွက်နှင့် ကျေးရွာ တခုချင်းစီက လူ ၅ဝဝ မလိုက်မနေရ ညွှန်ကြားခဲ့သည်ဟု နမ့်ခမ်း ရယကနှင့် နီးစပ်သူ တဦးက ပြောသည်။
သူက “တချို့ ရပ်ကွက်တွေက ဥက္ကဌတွေက တင်ပြကြတာပေါ့။ အိမ်ခြေ ၂ဝဝ ပဲ ရှိတယ်ဆိုပြီး။ ‘မရဘူး၊ လူ ၅ဝဝ ပြည့်အောင် လိုက်ရမယ်။ ဒါ အမိန့်ပဲ’ လို့ မယက ဥက္ကဌက ပြန်ပြောတယ်” ဟု ဆက်ပြောသည်၊၊
နမ့်ခမ်းဘောလုံးကွင်းအတွင်း လူများကို စုရုံးစေခဲ့ပြီး ဒေသ အာဏာပိုင်များက စစ်အစိုးရ လိုလားသည့် စာတမ်းပါရှိသော ဆိုင်းဘုတ်များကို တရပ်ကွက်လျှင် ၅ ခုစီ ကိုင်ဆောင်ခိုင်းရင်း နံနက် ၇ နာရီခန့်တွင် ဘောလုံးကွင်းမှ မြို့လယ်ခေါင်ရှိ ပွဲများကျင်းပရာ ပန်ပွဲကွင်းပြင်အထိ လမ်းလျှောက် ချီတက်ခိုင်းခြင်း ဖြစ်သည်ဟု နမ့်ခမ်းမြို့သား ကိုအိုက်မွန်က ပြောပြသည်။
“ဘောလုံးကွင်းနဲ့ ပန်ပွဲက သိပ်မဝေးပါဘူး။ လူတန်းနဲ့လျောက်တော့ ၁ နာရီလောက်ကြာတာပေါ့။ ဆိုင်းဘုတ်တွေက သူတို့ရေးချင်တာ လျှောက်ရေးခဲ့တာပေါ့။ အသံလွှင့် ဌာနတွေကို ရှုတ်ချထားတာတွေ ပါတယ်၊ နိုင်ငံရေး ဦးတည်ချက်တွေ ပါတယ်၊ အစုံ လျှောက်ရေးထားတာ။ ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ၈ နာရီခွဲလောက်မှာ ပြီးသွားတယ်” ဟု သူက ပြောသည်။
ဆန္ဒပြ ချီတက်ရာတွင် ရှေ့ဆုံးမှ လိုက်ပါလာသည့် ကြံ့ဖွံ့များက နိုင်ငံရေး ဦးတည်ချက်များကို ကြွေးကြော်သံ တိုင်ပေးခဲ့သော်လည်း တက်ရောက်လာသူများက နောက်မှ လိုက်ဆိုခြင်း မရှိဟု ရယကနှင့် နီးစပ်သူ အပြောအရ သိရသည်။
“ရှေ့ဆုံးကတော့ သူတို့ လူတွေပေါ့။ ဒါပေမဲ့ ယူနီဖောင်းတော့ မဝတ်ခိုင်းဘူး။ အားလုံး သာမန် အရပ်ဝတ်နဲ့ပဲ လိုက်ရတယ်။ အဲဒီ နိုင်ငံရေး ဦးတည်ချက်တွေ တိုင်ပေးတယ်၊ လိုက်မဆိုကြပါဘူး” ဟု သူက ပြောသည်။
Posted by Ko Myint Maung at Tuesday, November 13, 2007 0 comments
